Thursday, August 23, 2012

ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ၃/၂၀၁၂ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ သြဂုတ် ၂၃
ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ၃/၂၀၁၂ ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို၂၂-၈-၂၀၁၂ ရက်နေ့ မွန်းလွဲ ၁၃းဝ၀ နာရီတွင် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချူပ်များတက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးမှလက်ရှိအခြေအနေ ၌ ပြည်ပ ရောက် မြန်မာအလုပ်သမားများတွင် ပညာတတ်များ၊ ကျွမ်းကျင် လုပ်သားများအနေဖြင့်၎င်းတို့၏အလုပ်သမားအခွင့်အရေးများအတွက်မည်ကဲ့သို့ဆောင်ရွက်ရမည်ကို  သိရှိသော်လည်းအထွေထွေ အလုပ်သမားများအနေဖြင့် မည်ကဲ့သို့တောင်းဆိုရမည်၊ ဆောင်ရွက်ရမည်ကို သိရှိခြင်းမရှိသည် ကို တွေ့ရှိနေရပါကြောင်း၊ လွှတ်တော်တွင်လည်း အဆိုပါပြည်ပရောက်အလုပ်သမားများအရေးကို အလေးထား ဆွေးနွေးလျက်ရှိကြောင်း၊ ထို့ပြင်၎င်းတို့အား နိုင်ငံတကာစံများ၊ အာဆီယံ၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရေးအတွက် ဆောင်ရွက် ထားရှိမည့်အစီအမံများကိုလည်းဆောလျင်စွာ ဆောင်ရွက်သွားရန်လိုအပ်နေကြောင်း၊ နိုင်ငံတကာ စံ များအရ Labour Migration Policy ချမှတ်ဆောင်ရွက်ရာတွင် အလုပ်သမားဝန်ကြီး ဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထိုကဲ့သို့ရေးဆွဲ ဆောင်ရွက်ရာတွင် ဥပဒေနှင့်ညီညွှတ်ခြင်း၊ ဖြစ်နိုင်ဖွယ်ရှိခြင်း၊ နိုင်ငံတကာသို့ ရှင်းလင်းဖော်ပြနိုင်ခြင်းနှင့် အများထောက်ခံ အားပေးမှုရရှိနိုင်ခြင်းတို့ကို အခြေခံရမည် ဖြစ်ကြောင်း၊ မကြာမီ ထိုင်းနိုင်ငံတွင်(၁၂) ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး ကျင်းပသွားရန် ရှိကြောင်း၊သက်ဆိုင်ရာဌာနများမှအဆုံးအဖြတ် ပေးနိုင်မည့် အဆင့်မြင့်အရာရှိကြီးများပါဝင် တက်ရောက်စေလိုကြောင်း သို့မှသာ လက်ရှိဖြစ်ပေါ်နေသော အလုပ်သမားရေးရာ ကိစ္စရပ်များအား ထိထိရောက်ရောက်ဆွေးနွေး အကောင်အထည် ဖော်နိုင် မည်ဖြစ်ကြောင်းပြောကြားပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများကထိုင်းနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများကိစ္စ၊ မြန်မာအလုပ်သမားအသစ်များ စေလွှတ်ရေးကိစ္စ အပါအဝင် ပြည်ပနိုင်ငံများသို့အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ အပေါ်ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်း ဆွေးနွေးကြသည်။ ပြည်ပရောက်မြန်မာအလုပ်သမားများအနက် မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင်အလုပ်လုပ်ကိုင်နေသောအလုပ်သမားများက၎င်းတို့ မိသားစုများထံ သို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်တို့မှတဆင့် ၂၀၁၂ ခုနှစ် ဧပြီလမှ ဇူလိုင်လ အထိ ငွေလွှဲပေးခဲ့သောမိသားစုလွှဲပို့ငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၈၃၄ သန်းကျော် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ (၃/၂၀၁၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် အမှာစကားပြောကြားစဉ်

လယ်သမားများ စီတန်းလှည့်လည် ဆန္ဒပြခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ



 
                     ဓါတ်ပုံမင်းနောင်ရိုး
2012-08-22
လယ်ယာမြေ သိမ်းခံထားရတဲ့ လယ်သမားကြီး ၆၀၀ ခန့် ဒီလ ၂၇ ရက်ကျရင် ပြည်မြို့မှာ စီတန်းလှည့်လည် ဆန္ဒပြဖို့  ၁၉ ရက်နေ့က လျှောက်ထားခဲ့တာကို ငြင်းပယ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မနေ့ညက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်မယ့် သူလည်းဖြစ် ခွင့်ပြုမိန့် လျှောက်ထားသူ တစ်ဦးလည်းဖြစ်သူ ကိုရဲထင်ကျော်က အမိန့်စာ ရရှိပုံကို အခုလို ပြောပြပါတယ်။

"ကျွန်တော်တို့ ကို ၂၁ ရက် ၈ လပိုင်း ၂၀၁၂ ရက်စွဲနဲ့ ပေါ့နော်။ ပြည်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံး ကနေပြီးတော့ပေါ့၊ ဒီငြင်းပယ်တဲ့ အကြောင်းပေါ့နော်၊ သဘောထား ပြန်ကြားလိုက်ပါတယ်။ ည ၈ နာရီ ၁၀ မိနစ် လောက်က လာပေးရပါတယ်။ ပြည်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးက ဒီ ကျွန်တော်တို့  ဒု တပ်ကြပ် တစ်ယောက်နဲ့ ပေးခိုင်းလိုက်တာပါ စာအိတ်နဲ့ ပေါ့"

အမိန့်စာထဲမှာ မြို့ နယ်ရဲတပ်ဖွဲ့မှူးက အချက်သုံးးချက် အကြောင်းပြ ငြင်းဆိုခဲ့ရာမှာ ဦးဆောင်မဲ့သူတွေဟာ ပန်းတောင်းမြို့မှာ နေထိုင်သူတွေ ဖြစ်တာရယ်၊ ပြည်မြို့နယ်မှာ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ကိစ္စ ကြီးကြီး ငယ်ငယ် မရှိတာရယ်၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေဟာ သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စ ဖြစ်တာရယ်တို့ကြောင့် ငြင်းပယ်တာလို့ ဆိုပါတယ်။

ဒီနောက်ဆုံး အကြောင်းပြချက်ဟာ မိမိတို့ ရဲ့လုပ်ပိုင်ခွင့် ဘောင်ကို ကျော်လွန် အကြောင်းပြခြင်း ဖြစ်ကြောင်း ကိုရဲထင်ကျော်က ပြောပါတယ်။

"ဒီ သိမ်းဆည်းပြီး လယ်ယာမြေများ သည်လည်း သက်ဆိုင်ရာဋ္ဌာနမှ ဥပဒေနဲ့ အညီ ဆောင်ရွက်သည့် ကိစ္စများဖြစ်ခြင်း ဆိုတာသည် သူတို့ လုပ်ရမယ့် သူတို့ ပြောရမယ့်စကား မဟုတ်ပါဘူး။ သူတို့ အကြောင်းပြရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလယ်ယာမြေ သိမ်းပြီးသားတွေက ဥပဒေနဲ့ ညီ၏၊ မညီ၏ ပေါ့။ လူသူပိုင်၏၊ မပိုင်၏ ဆိုတာကို ဆုံးဖြတ်ရမည့် တာဝန်နဲ့ လုပ်ပိုင်ခွင့်သည် ပြည်တောင်စုလွှတ်တော် အဆင့်မှာသာလျှင် ရှိပါတယ်။ အခုပုံစံ အရဆိုရင် ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ကနေပြီးတော့ လယ်ယာမြေ ပြဿနာနဲ့ ပတ်သက်လို့  ဒီဖြေရှင်းဖို့အတွက် စုံစမ်း စစ်ဆေးရေးကော်မရှင်တွေနဲ့ တွေ့ဖို့အတွက် အတည်ပြုလိုက်ပြီ ဆိုတော့လေ။ အဲဒီတော့ အဲဒီအပေါ်မှာ သူတို့ပယ်တယ်ဆိုရင် တစ်ခြားနည်းဥပဒေနဲ့ ညီ၏၊ မညီ၏ ပေါ့နော်။ ကျွန်တော်တို့ လျှောက်ထားတဲ့ပုံစံ မှန်၏၊ မမှန်၏ ဆိုတာကို ကြည့်ပြီးတော့ သူတို့ အနေနဲ့ ပယ်ရမယ်လို့ ကျွန်တော်တို့ ယူဆတယ်"

အခုလို ငြင်းပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့  ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ တင်ပြမှာဖြစ်ပြီး ဆန္ဒပြပွဲ နည်းဥပဒေအရ တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံတင်ဖို့ ကိုတော့ အာဏာပိုင်များအပေါ် ယုံကြည်မှု မရှိလို့ လောလောဆယ် စဉ်းစားဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး



                                                   ကျောက်တော်မြို့ ဆိပ်ကမ်းတစ်နေရာ
2012-08-22
မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်


ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေ
အကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာ တွေက ရွာခံတွေကို အာဏာပိုင်တွေက စစ်ဆေးနေရာမှာ အခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၃၀ ကျော် ရှိနေပြီလို့ ဒေသခံတွေ
ကပြောပါတယ်။

အခုရက်ပိုင်းတွေအတွင်း ရွာခံအမျိုးသမီးတွေကိုပါ အာဏာပိုင်တွေက စစ်ဆေးနေတာ ဖြစ်တယ်လို့ ခေါ်ယူမေးမြန်းခံရပြီး နေအိမ်ကိုပြန်လည် ရောက်ရှိလာတဲ့ ရွှေလှိုင်ရွာသူ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၀၀၀ ခန့် ဒုက္ခရောက်
ခဲ့ရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာလည်း အခုအချိန်အထိ ပဋိပက္ခတွေကြောင့် လူဦးရေပေါင်း ခြောက်သောင်းကျော်လောက် ဒုက္ခသည်စခန်းတွေကို ခိုလှုံနေရဆဲ ဖြစ်ပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအတွက် အစိုးရက သီးခြားစခန်းတွေ ဆောက်လုပ်ကာ ပြောင်းရွှေ့ပေးနေတာ ရှိပေမယ့် မီးလောင်ခံခဲ့ရတဲ့ အိမ်ရာမြေတွေကိုတော့ ပြန်လည်ပေးအပ်ဖို့ လတ်တလော စီစဉ်ထားတာ မရှိသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက RFA ကို ပြောပါတယ်။