Thursday, September 24, 2020

နှင်းကဗျာ


ဟေ့    ….     ကဗျာ

မင်းက သံဆို၊ ငါက ပြဒါး

မင်းက ပြဒါးဆို၊ ငါက သံ

ကွဲကွာသွားခဲ့နေ့ပေါင်း၊ ညပေါင်းများစွာ

ကံစီမံတဲ့ မင်းရဲ့ခြေလှမ်းတွေ

သွေးပျက်သွားတဲ့နေ့ကစလို့ပေါ့၊

နားဆင်ဖူးခဲ့တဲ့ ၈၅ မန္တလေးညများ တမ်းချင်းသီချင်းမဟုတ်ပေမဲ့

၂၀၀၇ စစ်တွေညများတမ်းချင်းကို ထပ်ခါထပ်ခါသီဆိုခဲ့တာ ယနေ့တိုင်ပါပဲ ကဗျာ။

ရွှေရည်နဲ့ ရစ်မူးစရာအခိုးအငွေ့တွေ လေးပင်လိမ်တဲ့ည

အဲလိုလှပတဲ့နာရီတွေကြားမှာ နှုတ်ဆက်ခွဲခွာခဲ့ရတယ် ကဗျာ။


ခွဲခွာခြင်းဟာ မလှပခဲ့ပေမဲ့  

နှုတ်ဆက်ညဦးဟာ ကဗျာပါပဲ ကဗျာ။

မြည်တွန်နေတဲ့ သင်္ဘောဦးမှာ

နောက်ဆုံးကျန်တဲ့ ကောက်ရိုးတစ်မျှင်ကို

မျှော်လင့်တကြီး ဆုတ်ကိုင်ခဲ့ဖူးတယ် ကဗျာ။


ငါမူးတယ် ကဗျာ၊

အစာအိမ်ထဲကို အရှိန်ပြင်းပြင်းလှိမ့်ဆင်းသွားတဲ့ လှိုင်းလုံးတွေကြောင့်မဟုတ်ဘူး

ရေနဲ့ လေတို့တို့ထိမှုကြောင့် သင်္ဘောဝမ်းဗိုက်ကိုရိုက်ခတ်တဲ့ လှိုင်းလုံးတွေကြောင့်မဟုတ်ဘူး

အလွမ်းတွေကြောင့်မူးတဲ့ လွမ်းမူးတွေကြောင့် ငါမူးတယ် ကဗျာ။


အာကာပေါ်ကမြို့လေးရဲ့ စာတိုက်ပုံးကြီး မင်းကိုရင်းနှီးတဲ့အထိ

လွမ်းခဲ့ဖူးတယ် ကဗျာ။


၇ ပေရှည်တဲ့စာတစ်စောင်အပါအဝင် လင်္ကာပေါင်းသောင်းခြောက်ထောင်

ငါတို့အပြန်အလှန် လွင့်ပျံကြဖူးတယ် ကဗျာ။


ခွေးမြီးကောက်ဆိုတာ ကျဉ်တောက်စွပ်လို့ဖြောင့်ရိုးထုံးစံမရှိခဲ့ဘူး ကဗျာ။

ဒီလိုနဲ့ အရှေ့လေနှင်လို့ အနောက်ရိုးမကိုဖြတ်ကျော်

အလယ်ရိုးမရဲ့ ထိပ်ဖျားထိရောက်ခဲ့တယ် ကဗျာ။


ကောက်တဲ့အမြီးဟာ ဘယ်ကျဉ်တောက်နဲ့စွပ်စွပ်

မဖြောင့်ခဲ့ဘူးပြန်ဘူး ကဗျာရယ်။


တောင်ဇလပ်တို့ရဲ့ ဌာနီကို ခြေချခဲ့ရပြန်တယ်။

လွမ်းတယ်ဆိုတဲ့ ခံစားချက်ဟာ

တောင်ပေါ်မြေပြန့်မခွဲခြားတတ်ဘူး ကဗျာ။


မြူတွေဆိုင်းနေတဲ့ တောင်ပေါ်မြို့လေးမှာ

ဆက်သွယ်ရေးပြတ်တောက်တဲ့ သောကတွေနဲ့

ချွေးဒီးဒီးကျခဲ့ဖူးတယ် ကဗျာ။


လေတဟူးဟူးတိုက်နေတဲ့ တောင်ထိပ်ပေါ်မှာထိုင်

ခေါင်မိုးနီနီအိမ်ကလေးတွေကြားက ဘုရားရှိခိုးကျောင်းကိုငေးကြည့်ရင်း

မင်းနဲ့နီးဖို့ တိုးတိတ်ဆုချွေခဲ့ဖူးတယ် ကဗျာ။


အလွမ်းဟာ ဖယ်ဒရယ်အတွက် တိုက်ပွဲဝင်စရာမလိုဘူး၊

သက်ဦးဆံပိုင်ဘုရင်တွေရဲ့ နောက်ဆုံးနန်းစိုက်ရာမြို့ ကျုံးပတ်လည်မှာလဲ

အလွမ်းဟာ သိပ်သည်းဆများလွန်းခဲ့တယ် ကဗျာ။


တောင်ခြေတစ်ဝိုက်၊ တောင်သမန်တစ်ဝိုက်

စစ်ကိုင်းတံတားတစ်ဝိုက်မှာ မြို့အမည်ပါတဲ့ ရစ်ရွှေရည်သောက်ရင်း

အလွမ်းတွေကိုမြည်းခဲ့ဖူးတယ် ကဗျာ။


သံသရာဟာ သူ့ဝန်ရိုးပေါ်မှာလည်ရင်းနဲ့

အလယ်ရိုးမထိပ်ဖျားက မြို့သစ်ကြီးဆီကို တဖန်ရောက်ခဲ့ပြန်တယ် ကဗျာ။

ရှမ်းရိုးမကိုမျက်နှာမူ အလယ်ရိုးမကိုနောက်ခံထားပြီး

ဆောက်လက်စ အဆောက်အဦတွေကြားမှာ

မင်းဖုန်းကိုမျှော်ရင်း အရူးတစ်ပိုင်း လွမ်းခဲ့ဖူးတယ် ကဗျာ။


အဝိုင်းပတ်တွေနဲ့ လမ်းမကျယ်ကြီးတွေထဲမှာ

မင်းတစ်ယောက်လမ်းများပျောက်နေမလားလို့

မျှော်လင့်တကြီး လိုက်ရှာခဲ့ဖူးတယ် ကဗျာ။


နွေခေါင်ခေါင်ကွင်းပြင်တွေ စိမ်းလန်းလာလိုက်တာများ

ငါ့ရင်သစ်တော ပြုန်းတီးသွားတဲ့အတိုင်းပဲ။

ပျောက်ဆုံးခြင်းနဲ့ ရှာဖွေခြင်းတို့ရဲ့ကြားမှာ

တည်ရှိခြင်းဆိုတဲ့ အရာသာရှိရင်

မင်းကိုလွမ်းတယ်ဆိုတဲ့ အသံလှိုင်းကို ထုတ်လွှင့်ပေးလိုက်ပါရဲ့

စကြာဝဋ္ဌာကြီးတစ်နေရာမှာရှိတဲ့ ဒီအသံလှိုင်းကို

တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကြားနိုင်ပါစေ ကဗျာ။

ငါ့ရဲ့အဘိဓါန်မှာ ကဗျာ ဆိုတဲ့မင်း

ခုထိ .. အသက် …. ရှင် …… နေ …....တုန်း။


နောင်နောင် (နေပြည်တော်)