Sunday, August 19, 2012

ABSDF မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

ဒီကနေ့ ညနေ အချိန်က လက်ဂျားယန်အနီးရှိ တောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မြန်မာပြည်မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကနေ မြစ်ကြီးနားကိုသွားမဲ့ ကားလမ်း

နဘေးရှိ တောင်ကုန်းပေါ်မှာ အစိုးရတပ် ခလရ ၄၀ တပ်ရင်း တပ်စွဲထားတာ
ဖြစ်ပါတယ်။

အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းကျောင်းသားအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးပုံကို
မြောက်ပိုင်းကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက ခုလိုပြောပြပါတယ်။

"ခလရ ၄၀ ဆင်းလာတာ အဲဒါကြောင့် ကျနော်တို့ဆီကဟာနဲ့ ထိပ်တိုက်
တွေ့ကြတာပေါ့။ ဒါပေမဲ့ အခြေအနေကတော့ သူတို့ကတော့
ပြန်ဆုတ်သွားတဲ့ အနေအထား ၅နာရီခွဲကျော်ကျော်လောက်ကနေဖြစ်တာ။ တိုက်ပွဲကြီးတော့ မဟုတ်ပေမဲ့ လက်ဂျားယန်မှာ ထိုင်တဲ့ ခလရ ၄၀ လေ သူတို့ရိက္ခာပြတ်တယ်လေ။ ရိက္ခာလာပို့တဲ့အဖွဲ့တွေကို ကြိုမဲ့သဘောရှိတယ်။ အဲဒီအခါမှာ ကျနော်တို့စောင့်နေတဲ့ ကျောင်းသားရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့တာ။ ဒါပေမဲ့ အခြေအနေက ဘယ်လိုလာအုံးမလဲမသိဘူး။ ဆက်ဖြစ်ပွါးနေတာ"

ကျောင်းသားတပ်မတော်က အင်အား ၅၀ ကျော်လောက်ရှိပြီး ကေအိုင်အေ တပ်တွေနဲ့ ပူးတွဲ နေရာယူထားတယ်လို့လည်း သိရပါတယ်။

လဂျားယန်တောင်ကုန်းဟာ ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးပြီး
၂၀၁၁ ဇွန်လ မှာ ကေအိုင်အေ နဲ့ တိုက်ပွဲ စဖြစ်ကတည်းက အစိုးရတပ်က အခိုင်အမာ တပ်စွဲထားတာ ဖြစ်ပါတယ်။

အခုလို ရိက္ခာပို့လာတိုင်း ကေအိုင်အေနဲ့ ကျောင်းသားတပ်ဖွဲ့တွေနဲ့ အမြဲလိုလို တိုက်ပွဲဖြစ်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လက အဲဒီတိုက်ပွဲမှာ ကျောင်းသားတပ်ဖွဲ့က တစ်ဦး ကျဆုံး
သွားတယ်လို့ သိရပါတယ်။

အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေလည်း နေ့တိုင်းလို တိုက်ပွဲဖြစ်နေပြီး ဒီနေ့ဆိုရင် ပန်ဝါဒေသ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ ဒေသ၊ တပ်မဟာ ၃နဲ့ ဗဟိုဌာနချုပ် ဒေသအတွင်း တပ်မဟာ ၅ ဒေသရှိ နမ့်ဆန်ယန် ရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကိုလဆိုင်းက ပြောပါတယ်။


(Photo: jinghpawkasa; ၂၀၁၁ ခုနှစ် ကျောင်းသား တပ်မတော် ၂၃ နှစ်ပြည့် အခန်းအနားတွင် ABSDF မြောက်ပိုင်းကျောင်းသား အဖွဲ့နှင့် ကေအိုင်အို အဖွဲ့ဝင်များကို အတူတွေ့ရစဉ်)




ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဖွဲ့စည်း



ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမဆုံး သမဂ္ဂအဖွဲ့ကို
ကျောင်းသူကျောင်းသား (၅၀) ကျော်နဲ့ မနေ့က စတင်ဖွဲ့စည်းလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် ဖွဲ့စည်းခြင်းနဲ့ သမဂ္ဂခွတ်ဒေါင်းအလံ
ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်က အိမ်တစ်အိမ်မှာ မနေ့ မနက်ပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အခမ်းအနားကို ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားပေါင်း (၅၀) လောက် အပါအ၀င် တခြားတက္ကသိုလ် အသီးသီးက
ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်လို့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီက
ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစည်သူမောင်က RFA ကို အခုလို ပြောပါတယ်။

"မနေ့က ၁၇ ရက်နေ့မှာ ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို စတင် ဖွဲ့စည်းဖြစ်တယ်။ ဖွဲ့စည်းပြီး ဖြစ်တဲ့ တခြား တက္ကသိုလ်
ကျောင်းသားသမဂ္ဂ အမှုဆောင်တွေလည်း လာတက်ကြတယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ် သမဂ္ဂ၊ ဒဂုံ တက္ကသိုလ် သမဂ္ဂက အမှုဆောင်တွေလည်း လာတက်ကြတယ်။"

မကြာသေးမီ ရက်ပိုင်း အတွင်းကလည်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်လုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ထားဝယ်နည်းပညာ တက္ကသိုလ်၊ ထားဝယ် ၀ိဇ္ဖာသိပ္ပံတက္ကသိုလ်နဲ့ ထားဝယ် ကွန်ပျူတာ တက္ကသိုလ် စတဲ့ တက္ကသိုလ်(၃) ခု ပေါင်းပြီး ကျောင်းသူကျောင်းသား (၈၀) ကျော်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။



လေယာဉ်ကွင်းနဲ့ စက်မှုဇုံအတွက် သာသနိက အဆောက်အဦးတွေ အဓမ္မ ဖယ်ရှား


ပဲခူးတိုင်း ဥဿာမြို့သစ်အတွင်း အစိုးရပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်း (၂၀၀) ကျော်ကို ဖယ်ရှားမယ့် အစီအစဉ်အရ ဒီကနေ့ မနက်ပိုင်းမှာ ကျောင်းတွေကို အဓမ္မ အင်အား သုံးပြီး ဆက်လက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ကျောင်းတွေအားလုံးကို သီတင်းတစ်ပတ် အတွင်း ဖျက်သိမ်းပေးဖို့မြို့နယ်အာဏာပိုင်တွေက အခုလ (၅) ရက်နေ့က ညွှန်ကြားခဲ့ပြီးနောက် ၁၆ ရက်နေ့ကစလို့ ဥဿာမြို့သစ် (၈) ရပ်ကွက်က ကျောင်းတွေကို စတင်ဖျက်ဆီးခဲ့တာ ဒီကနေ့အထိ ကျောင်းပေါင်း (၂၀) လောက် ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ ဆွမ်းဆန်စိမ်းအလှူခံထွက်နေချိန်ကျောင်းဖျက်ဆီးခံလိုက်ရတဲ့ သီလရှင်တစ်ပါးက RFA ကို မိန့်ကြားပါတယ်။

"ဒီနေ့မနက် ၉ နာရီ အကုန်ဖျက်ပေးရမယ်ဆိုပြီးတော့ ပြောသွားတယ်။ လာဖျက်တာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးမြတ်ကျော်။ သူတို့ အဖွဲ့တွေ လာဖျက်သွားတာ အခုသူတို့ဖျက်နေပြီ ပေါ့။ ကျောင်းတွေ အများကြီးပဲ သူတို့ ဖျက်တာ။"

အဲဒီလို အာဏာပိုင်တွေဘက်က အင်အားသုံးပြီး အဓမ္မလာရောက်
ဖြိုဖျက်တဲ့အခါမှာ ရဲအချုပ်ကားတွေပါ ခေါ်ဆောင်လာပြီး၊ ဖယ်မပေး လိုသူတွေကို ဖမ်းဆီးထောင်ချတာတွေလည်း မျက်မြင်ကြုံရတယ်လို့ သီလရှင်က ဆက်မိန့်ပါတယ်။

"ရဲအချုပ်ကားတွေတောင် ပါတယ်။ သူတို့ရဲ့ သြဇာကို ဖီဆန်မယ်ဆိုရင် ဖမ်းမယ်ဆီးမယ် ဆိုတဲ့ အနေအထားတွေပေါ့နော်။ ဖမ်းထားတာတွေလည်း အများကြီးပဲ။ လောလောဆယ်ဆိုရင် ဆရာလေးတို့နားက ဒကာကြီးတွေ ဖမ်းထားတယ်။ ထောင်တလစီ ချလိုက်တယ်ဆိုတဲ့ အသံတွေလည်း ကြားလိုက်တယ်ပေါ့နော်။ တော်တော်ဒုက္ခရောက်နေကြတယ်။ တချို့ ဒကာတွေ သံဃာတွေဆိုလည်း ထွက်ပြေးနေရတယ်။"

အခုလို ပဲခူးတိုင်း ဥဿာမြို့သစ်က သာသနိက အဆောက်အဦးတွေ အဓမ္မဖယ်ရှား ဖျက်ဆီးနေမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ကျူးကျော် နေထိုင်မှုတွေကို ဖယ်ရှားတာဖြစ်ပြီး၊ သာသနာရေး ၀န်ကြီးဌာနကို တင်ပြပြီး ဆောင်ရွက်တာဖြစ်ကြောင်းတာဝန်ရှိသူ တစ်ဦးက ဖြေကြားပါတယ်။

ဥဿာမြို့သစ်အတွင်း အခုလို အဓမ္မဖယ်ရှားခံရတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်းတွေဟာ အဲဒီနေရာမှာ ဆောက်လုပ်နေထိုင်လာခဲ့တာ (၅) နှစ်ကနေ အနှစ် (၂၀) အကြား သက်တမ်းရှိတယ်လို့ သိရပါတယ်။

အဲဒီနေရာတွေမှာ အစိုးရက နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းနဲ့ စက်မှုဇုံ စီမံကိန်း အပါအ၀င် မြို့ပြစီမံကိန်းတွေ တည်ဆောက် အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်း လယ်သမားအထောက်အကူပြု ကွန်ယက်ဖွဲ့စည်း



ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ်မှာ လယ်သမားသမဂ္ဂ
ပေါ်ပေါက်ရေး ကြိုးပမ်းမှု အဖြစ် ဒေသတွင်း လယ်သမားများ အထောက်အကူပြု ကွန်ယက်တခုကို ဒီနေ့ ဖွဲ့စည်းလိုက်တယ်လို့ သတင်း ရရှိပါတယ်။
လယ်ယာမြေ ဖျက်သိမ်းခံရတာ၊ ရေလွှမ်းမိုးမှုကြောင့် လယ်ယာတွေရေနစ်မြုပ်တာ၊ စိုက်စရိတ် ချေးငွေတွေ အချိန်မှီ မရတာတွေကို နိုင်ငံတော် အဆင့်ဆင့် အထိ တင်ပြ တောင်းဆိုခဲ့ပေမဲ့ အခုချိန်အထိ တာဝန်ရှိ သူတွေက ထိရောက်စွာ အရေးယူပေးတာ မရှိတဲ့အတွက် လယ်သမားများ အထောက်အကူပြု ကွန်ယက် ကို ၁၈ ရက် ၈ လ ၂၀၁၂ ရက်နေ့မှာ ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်မှာ ဖွဲ့စည်းရတာ  ဖြစ်တယ်လို့ ကွန်ယက်အဖွဲ့တာဝန်ခံ လယ်သမား ကိုအုန်းဟန်က RFA ကို ပြောပါတယ်။

ဒီနေ့ပြုလုပ်ခဲ့တဲ့ လယ်သမား အထောက်အကူပြု ကွန်ယက် ဖွဲ့စည်းတဲ့ပွဲကို သဲကုန်းမြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာအုပ်စု ၁၃ စုက လယ်သမား အယောက် ၅၀ ကျော် တက်ရောက်ကြပြီး အများစုဆန္ဒနဲ့ ဖွဲ့လိုက်ကြောင်းပြောပါတယ်။

အဲဒီဒေသမှာ ပုဂ္ဂလိက လုပ်ငန်းရှင်က အာဏာပိုင်နဲ့ ပေါင်းပြီး အင်းတည်ဆောက်ထားတဲ့ အတွက် အဲဒီကနေ လျှံထွက်တဲ့ရေတွေကဒေသခံတွေရဲ့ လယ်တွေကိုလွှမ်းလို့ စိုက်ပျိုးရေး ထိခိုက်တာ၊ စစ်တပ်က လယ်သိမ်းထားတာတွေ အတွက် မူလလယ်လုပ်ခွင့် ရထားသူတွေက ဒီကိစ္စ ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ သတင်းပတ်တွေထဲမှာ ဆန္ဒပြ  တောင်းဆိုထားပါတယ်။

ဒါပေမယ့် ဆန္ဒပြခေါင်းဆောင်တွေပဲ ခေါ်ယူ သတိပေးခံရပြီး
ပြဿနာပြေလည်အောင် မဖြေရှင်းပေးသေးဘူးလို့ သိရပါတယ်။




Saturday, August 18, 2012

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအားကန့်ကွက်

ရန်ကုန် သြဂုတ်လ ၁၈

မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအား မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂမှကန့်ကွက်ကြောင်း အဆိုကို သြဂုတ်လ ၁၈ရက်နေ့ နေ့လည် ၁နာရီတွင်
Home Media ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ ကန့်ကွက်ကြောင်း အဆိုကို အချက်၃ချက်ဖြင့် ရှင်းလင်းခဲ့ သည်။မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီသည် အစိုးရမှ ဖွဲ့ စည်းပေး ထားသဖြင့် လွတ်လပ်သော အဖွဲ့ အစည်း မဟုတ်ဘဲ စာနယ်ဇင်း လောကကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အစိုးရနှင့် မပတ်သတ်ဘဲလွတ်လပ်သော အသင်းဖွဲ့များ ရှိခြင်းကြောင့် ထိုအမြုတေ စာနယ်ဇင်းကောင်စီ အားကန့် ကွက်ကြောင်းနှင့် ယင်းကောင်စီ သည်အစိုးရ ကို ကိုယ်စားပြုသောကြောင့် လွတ်လပ်သော စာပေလောကကို အကျိုးပြုသော အဖွဲ့စည်း မဟုတ်ကြောင်းဆွေးနွေးခဲ့ကြသည်။

၎င်းအဆို ၃ ရပ်အား ဆရာနေ၀င်းစံ ၊ ဆရာထွန်းဝင်းငြိမ်း နှင့် ဆရာငြိမ်းသစ်တို့က အဆိုပြု ကန့်ကွက်ခဲ့ပြီး ၊ ဆရာကြည်နိုင် ၊ဆရာညီငယ်လေး ဆရာလင်းထင်နှင့် ဆရာမသက်ဝေနှင်း တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

Popular Myanmar News Journal

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင်ပြန်ရွေးမည်



ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ဖို့
ရွေးချယ်ထားတဲ့ အဓိက သရုပ်ဆောင် ကိုကျောက်ခဲဟာ မိမိဆန္ဒအရ
နုတ်ထွက်သွားပြီလို့ သိရပါတယ်။ သူ့ရဲ့ နုတ်ထွက်လွှာကို သဘောတူ လ
က်ခံပြီးပြီလို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး
တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ဒီကနေ့ အတည်ပြု ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကာယကံရှင် ကိုကျောက်ခဲက -

"ကျွန်တော့်မှာ အိမ်ထောင်ရေး မပြေလည်မှု ရှိခဲ့ပါတယ်။ တခြား ပတ်သက်မှု ရှိခဲ့ပါတယ်။ အဲဒါကို သူတို့က ဗိုလ်ချုပ်နေရာမှာ ကိုယ့်ကိုယ်ကို ဖြစ်နိုင်လား၊ မဖြစ်နိုင်လား။ သူတို့ ပြောတဲ့ ဆုံးဖြတ်ချက် ၂ ခုကတော့ ဒီ ၁၀- ၁၅ မိနစ်အတွင်းမှာ ကိုယ့်ဟာကိုယ် နုတ်ထွက်သွားမလား၊ ဒါမှမဟုတ်ရင် အကျင့်စာရိတ္တ မကောင်းလို့ ပယ်လိုက်တယ်လို့ ခုချက်ခြင်း ကြေညာ
လိုက်ရမလားလို့ ၂ လမ်းပေးပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် အကျင့်စာရိတ္တ မကောင်းဘူးလို့ အပြောမခံနိုင်ပါဘူး။ ကျွန်တော် အကျင့်ပျက်နေတာမဟုတ်ဘူးဗျ။ ကျွန်တော်လုပ်တဲ့ အလုပ်ကို ကျွန်တော် သိတယ်။ ဒီ အတ္ထုပ္ပတ္တိ ပေါ်မှာ ကျွန်တော့်စေတနာ ဘယ်မှ မရောက်ပါဘူး။ ဒါပေမဲ့ သူတို့ ဖြစ်စေချင်တဲ့အတိုင်း၊ အားလုံး စိတ်ချမ်းသာအောင် ကျွန်တော်လုပ်ပေးလိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။"

အခုလို မူလရွေးချယ်ထားတဲ့ ကိုကျောက်ခဲ နုတ်ထွက်သွားတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မယ့် ဇတ်ဆောင်သစ် နောက်တဦး ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး နောက်ဆုံး ဆန်ခါတင်ရွေးချယ်
ခံရတဲ့ သရုပ်ဆောင် ခုနှစ်ယောက်ထဲက ပြန်လည်ရွေးချယ်မှာ ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ပြောပါတယ်။

ဒီဇာတ်ကားအတွက် စာရေးဆရာ ဦးချစ်ဦးညိုနဲ့ ရုပ်ရှင်ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့ ရေးသားနေတဲ့ ဇာတ်ညွှန်းအကြမ်း ဒီကနေ့ ပြီးစီး
သွားပြီဖြစ်တဲ့ အတွက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမှာ ဖြစ်ကြောင်း သိရပါတယ်။

RFA Burmese


ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဒေသခံ ပြည်သူတွေနဲ့တတိယအကြိမ်တွေ့ဆုံ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှာ ဒေသခံ
ပြည်သူလူထုနဲ့ တွေ့ဆုံပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့
ပြောကြားခဲ့ပါတယ်။

ဒေသခံတွေ အနေနဲ့ အချင်းချင်း တိုင်
ပင်ပြီးမှ ဘယ်လို အလုပ်အကိုင်မျိုး လိုအပ်နေတယ် ဆိုတာ တင်ပြဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့ပါတယ်။

"တယောက်က ဒီလိုဟာလေးလုပ်ရင်ကောင်းမယ်။ တယောက်က ဟိုလိုဟာလေး လုပ်ရင်ကောင်းမယ် ဆိုပြီး တယောက်တမျိုးစီ
ဖြစ်နေတဲ့အခါကျတော့ ကျွန်မတို့က ဘယ်ဟာကို ဦးတည်ပြီးတော့ ဘယ်လို အလုပ်အကိုင်မျိုး ဖန်တီးဖို့ ဦးတည်ရမလဲဆိုတာ နဲနဲ ဆုံးဖြတ်ဖို့ ခက်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် ဒေသခံ ပြည်သူတွေရဲ့ ဒီကနေ့ တွေ့ဆုံမှုဟာ တတိယ အကြိမ် ဖြစ်ပါတယ်။

ဒေသခံတွေက အလုပ်အကိုင် ရှားပါးမှု၊ သောက်သုံး မရရှိမှု၊ ဥပဒေနဲ့ မညီညွတ်ဘဲ တရားစွဲဆို ခံနေရမှုတွေကို တင်ပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရကိုချည်း အားမကိုးဖို့
ပြည်သူတွေကလည်း ကိုယ့်တာဝန် ကိုယ်ယူဖို့၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့  ဒီမိုကရေစီ အလေ့အကျင့်နဲ့ ပတ်သက်လို့ ညှိနှိုင်း အဖြေရှာတဲ့ အလေ့အကျင့်၊ ယဉ်ကျေးမှု ထွန်းကားအောင် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။






(ဓာတ်ပုံ - NLD -သြဂုတ်လ (၁၁) ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီရွာက ဒေသခံကျေးရွာပြည်သူတွေနဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံခဲ့စဉ်က ဖြစ်ပါတယ်။)

ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို

သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး  အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ် ဆေးရေး ကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက် တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။ --
သစ်ထူးလွင်တွင်အပြည့်အစုံဖတ်ရန်

KNU နဲ့ဆက်ဆံရေးအတွက် မြ၀တီမြို့တွင်ရုံးခန်းဖွင့်လှစ်

KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ ၆ နဲ့ ၇ နယ်မြေအတွက်မြန်မာအစိုးရနဲ့ ဆက်ဆံရေးရုံး ကို ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီနေ့မနက်က ဖွင့်လှစ်လိုက်ပါတယ်။
မြန်မာအစိုးရနဲ့ KNU တို့အကြား အပစ်အခတ် ရပ်ပြီးတဲ့နောက် နှစ်ဘက် ဆက်ဆံရေးရုံးတွေ ဖွင့်နေရာမှာ ဒီရုံးက စတုတ္ထမြောက်ရုံး ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အပစ်အခတ် ရပ်စဲရေး တိုးတက်လာတယ်လို့
ပြောလို့ရပေမယ့် တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး ဆက်လက်
ဆောင်ရွက်ရဦးမယ်လို့ KNU ဒု-ဥက္ကဋ္ဌ ဖဒိုစောဒေးဗစ်တာကပေါ ကပြောပါတယ်။

"အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာ နဲနဲ တိုးတက်လာတဲ့ သဘောပေါ့ဗျာ။ လိုရင်းက ကျွန်တော်တို့ ချထားတဲ့မူ ရှိတယ်မဟုတ်လား။ တပြည်လုံး အတိုင်းအတာနဲ့ ရပ်ဖို့။ အခုဟာက ကချင်ဘက်မှာ မရပ်တဲ့ အခါကျတော့
ရှေ့ဆက်သွားဖို့က ဒီ အပစ်အခတ်ရပ်စဲရေး ကိစ္စတောင်
နောက်ဆန်တင်းနေရတဲ့ အခြေအနေမှာ ရှိပါတယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ကြိုးစားမယ်လေ။ ဆက်ပြီးတော့။"

ဒီနေ့ရုံးဖွင့်ပွဲကို အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု
ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနဲ့ KNU ဘက်က ဗိုလ်ချုပ်ကြီး
စောမူတူးဆေးဖေါတို့ တက်ရောက် ဖွင့်လှစ် ပေးတာပါ။

အဲဒီပွဲမှာ နှစ်ဘက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအပြင် မဟာမိတ်တွေ အဖြစ် DKBA၊ BGF ခေါ် နယ်ခြားစောင့်တပ်၊ KNU-KNLA ငြိမ်းချမ်းရေး ကော်မတီက ကိုယ်စားလှယ်တွေနဲ့ NLD ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေ၊ ကရင်နဲ့
မွန်ပါတီက ပုဂ္ဂိုလ်တွေ၊ ဒေသခံ ပြည်သူတွေ စုစုပေါင်း ၅ ရာကျော်လောက် တက်ရောက်ကြ ပါတယ်။

သြဂုတ်လ ၁၈ ရက် RFA ညပိုင်း အသံလွှင့်အစီအစဉ်

မြန်မာလေကြောင်းလိုင်းများ အမေရိကန်ထိပ်တန်းကုမ္ပဏီ GE Capital Aviation Services မှ လေယာဉ်သစ်များဝယ်ယူရေး ဆွေးနွေး




အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သ
စ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။

"အဓိကက လေယာဉ်သစ်တွေ ၀ယ်ယူဖို့ပါ။ ဒီကုမ္ပဏီက လေယာဉ် အင်ဂျင်တွေကို အဓိက တပ်ဆင်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး လေယာဉ်တွေကို ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်လို့ လေယာဉ်သစ်တွေဝယ်ဖို့ ဆွေး နွေးခဲ့တာပါ" ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၈၈မျိုးဆက် ကျောင်းသားများ ဂီတပွဲ ကျင်းပ၍ ရန်ပုံငွေ ရှာမည်



ရန်ကုန်၊ သြဂုတ် ၁၈

၈၈မျိုးဆက်ကျောင်းသားများက ဦးဆောင်၍ စေတနာဝဿန် ဟု အမည် ပေးထားသော ဂီတ ဖျော်ဖြေပွဲ တစ်ခုကို စက်တင်ဘာက ၁ ရက်နေ့တွင် မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မိမိတို့ ၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်းများ ဆက်လက် လုပ်ဆောင်သွားရန် ရန်ပုံငွေ လိုအပ်ပြီး မိမိတို့သည် စီးပွားရေး အဖွဲ့အစည်းမျိုး မဟုတ်သဖြင့် ရန်ပုံငွေ လိုအပ်ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံ၏ တေးသံရှင် ၅၀ နီးပါး ပါဝင် ကူညီသီဆိုမည့်ဖြစ်ပြီး ဂီတ တီးဝိုင်း ၈၀ိုင်းက တီးခတ်ကြမည်ဖြစ်ကာ ၀င်ကြေး ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ကျပ် သတ်မှတ် ထားသည်။

ရွှေယုန်လေးကြေးအိုးဆိုင် မီးလောင်မှု လူ ၃ ဦး ဒဏ်ရာရ



ရန်ကုန်၊ သြဂုတ် ၁၈
နာမည်ကြော် ရွှေယုန်လေး ကြေးအိုးဆိုင်၏ ရန်ကင်းဆိုင်ခွဲတွင် သြဂုတ်လ ၁၆ရက် နံနက် ၈နာရီ ၄၀မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ဆိုင်အလုပ်သမား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
ရန်ကင်းမြို့နယ် ၊၈ရပ်ကွက် ၊ပါရမီလမ်းနှင့် သီရိလမ်းထောင့် ရှိ ရွှေယုန်လေး ကြေးအိုးဆိုင် မီးဖိုခန်းအတွင်း အသက်၂၁နှစ် အရွယ် ဆိုင်ဝန်ထမ်း မောင်ပိုက မီးမွှေးရာမှ အနီးတွင် တပ်ဆင်ထားသော ဂက်စ်အိုးတွင် တပ်ဆင်ထားသော ပလက်စတစ် ပိုက်ပေါ် မီးသွေးခဲ ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းတိုင်းဒေသကြီး ၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ အတည်ပြုထုတ်ပြန်သည်။

မီးလောင်မှုကြောင့်ဆိုင်ဝန်ထမ်းမ
ျား ဖြစ်ကြသော အသက်၂၁နှစ် အရွယ် မောင်ပို၊ အသက်၄၀အရွယ် ဦးအေးချိုနှင့် အသက်၁၈နှစ်အရွယ် မောင်ရာဇာတို့ ၃ဦးမှာ ဘယ်နှင့် ညာခြေထောက်များတွင် မီးအပူလောင်ဒဏ်ရာများရရှိခဲ့သော
ကြောင့် ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသနေပြီး၊ မစိုးရိမ်ရကြောင်း ယင်းရဲတိုင်းရုံး ထံမှသိရသည်။

မီးလောင်မှုကို ဆိုင်ဝန်ထမ်းများက ၀ိုင်းဝန်း ငြိမ်းသတ် ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မန်နေဂျာဦးဇော်လင်းကို၊ ရန်ကင်းရဲစခန်း(ပ)၃၃၅/၂၀၁၂ ၊ပုဒ်မ၂၈၅/၃၃၇ဖြငင့်အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

နေ့စဉ်မိုးလေ၀သသတင်း



(၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသော
လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ် 
အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် မိုးပိုလာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

သီတင်းပတ်ကုန်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီးတွင် နေရာအနှံ့ပြားနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
မိုး/ဇလ

မြ၀တီ ဂျိုင်းရွာနဲ့ ကျုံဒိုးရွာတံတား ကားများဖြတ်သန်း၍ ရပြီ

မြစ်ရေကြီးမှုကြောင့် အဝေးပြေးကုန်ကားများ ဖြတ်သန်းသွားလာမှု ယာယီရပ်ဆိုင်းခဲ့သော ရန်ကုန် - မြ၀တီကားလမ်းကြောင်း သြဂုတ်လ ၁၇ ရက်တွင် ပြန်ဖွင့်ကာ ကားအချို့ဖြတ်သန်းသွားလာရပြီဖြစ်ကြောင်း ၄င်းဂိတ်များမှ သိရသည်။

“အခု မြ၀တီဘက်မှာ ရေပြန်ကျနေပါပြီ။ဂျိုင်းရွာ နဲ့ကျုံဒိုးရွာ တံတားလည်း ကားသွားလို့ရနေပြီအရင် ရေကြီးတဲ့ ရက်တွေက အဲ့ဒီတံတားပေါ်ကားတွေ ဖြတ်လို့မရဘူး” ဟု ရန်ကုန် မြ၀တီကုန်စည်ပို့ဆောင်ရေး အဝေးပြေးဂိတ် မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မှ မြ၀တီသို့ သွားရာ၌ အဆိုပါတံတားအားဖြတ်သွားရခြင်းဖြစ်ပြီး ယခုအခါမြို့ပေါ်ရေလျှံတက်မှုလျော့နည်း လာခြင်းကြောင့် ၄င်းတံတားအား ယမန်နေ့ ညမှစတင်၍ ကုန်ကားများအား တစ်စီးခြင်းစီ အနည်းငယ်ခြား၍ ဖြတ်သန်းခွင့်ပြုလာကြောင်းသိရသည်။

သို့သော်ပုသိမ်မြို့ပေါ်သို့ ရေလျှံတက်မှု လျော့နည်းခြင်းမရှိသေးသောကြောင့် ည ၈နာရီမှ မနက် ၅နာရီအတွင်း ကုန်ကားများ မြို့တွင်းသို့ဝင်ရောက် ခွင့်တားမြစ်ထားခြင်းအား ရုပ်သိမ်းခြင်းမရှိသေးကြောင်းသိရသည်။
ပဲခူးနှင့် မော်လမြိုင်မြို့ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သော်လည်း ကုန်ကားများသွားလာခြင်းအား ထိခိုက်မှုမရှိကြောင်း သိရသည်။

Popular Myanmar News Journal

                                 ပဲခူးမြို့ ရပ်ကွက်တစ်ခုတွင် ရေကြီးနေသည်ကို ဇူလိုင်လ ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-အောင်ထွန်းဝင်း

Friday, August 17, 2012

သြဂုတ်လ(၁၈)ရက်နေ့ RFA နံနက်ပိုင်းအသံလွှင့်အစီအစဉ်

သြဂုတ်လ(၁၈)ရက်နေ့ RFA နံနက်ပိုင်းအသံလွှင့်အစီအစဉ်

ဦးအောင်သိန်းလင်း၏ Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း၏
Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ

မြစ်ရေကြီးမှု အခြေအနေသတင်း



(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၇)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

သံလွင်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဘားအံမြို့တွင် (၇၈၂)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၃၂)စင်တီမီတာ (၁-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၇၅၀)စင်တီမီတာ အောက်သို့ကျဆင်းနိုင်ပါသည်။

ရွှေကျင်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြို့တွင် (၇၁၈)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၁၈)စင်တီမီတာ (၀.၆-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၂၄)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၇၀၀)စင်တီမီတာ အောက်သို့ကျဆင်းနိုင်ပါသည်။

င၀န်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့တွင် (၁၁၇၆)စင်တီမီတာသို့ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၄၆)စင်တီ မီတာ (၁.၅-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၁၃၀)စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Source : မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးအကြံပြုရန်အတွက်စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်း



သြဂုတ် ၁၇
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးအကြံပြုရန်အတွက် နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် သြဂုတ်လ ၁၇ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။ အဖွဲ့ဝင်ပေါင်း၂၇ ဦးဖြင့် ဖွဲ့စည်းလိုက်သော ကော်မရှင်တွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ ၊လူမှုရေး လုပ်ဆောင်နေသူများ ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များမှ ပါဝင်ကြောင်းတွေ့ရှိရသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းလိုက်ကြောင်းကို နိုင်ငံတော်သမ္မတရုံး၏ ၀က်ဘ်ဆိုဒ်တွင် ယနေ့မွန်းလွဲပိုင်းက စတင် သတင်းထုတ်ပြန်ထား ကြောင်းသိရသည်။

မိုးထိမိုးမိ ရွှေလုပ်သားများအရေး ILO ညှိနှိုင်းပေးမည်ဆို



မိုးထိမိုးမိတောင် ဇုံ-၉ (ဘတ်ဖိုး) တွင် (၉.၈.၂၀၁၂) ရက်နေ့ မြင်ကွင်း

 ရွှေတူးခွင့် မပြေလည်သေးသည့် မိုးထိမိုးမိ ရွှေတောမှ ရွှေလုပ်သားများ၏ အရေးကိစ္စကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ကြားဝင် ညှိနှိုင်းဖြေရှင်းပေးရန် ILO နည်းပညာ အရာရှိ ရော့စ်ဝီလ်စန် က ကတိပေးခဲ့ကြောင်း ရွှေလုပ်သား ကိုယ်စားလှယ် ကိုနေထက်အောင် က ပြောသည်။

ကုမ္ပဏီနှင့် ရွှေလုပ်သားများ နှစ်ဘက် သဘောတူ ‘ရွှေမြင်တင်’ စာချုပ်အတိုင်း ကုမ္ပဏီဘက်မှ အပြည့်အဝ မလိုက်နာ သည့်အတွက် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ဒေသမှ ရွှေလုပ်သားများ နစ်နာနေရသည်နှင့် ပတ်သက်၍ ရွှေလုပ်သား ကိုယ်စားလှယ် ခြောက်ဦး သောကြာနေ့ နံနက်က ILO ရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံတင်ပြစဉ် ILO က ကတိပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ရွှေမြင်တင်မှာ စာချုပ် ချုပ်ခဲ့တဲ့အတိုင်း အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌရယ်၊ ရမည်းသင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရယ်၊ အလုပ်သမားဝန်ကြီးဌာန က ညွှန်ကြားရေးမှူးချုပ်ရယ်၊ မန္တလေးတိုင်း သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးရယ်ကို စာရေး အကြောင်းကြား လိုက်ပါ့မယ်လို့ ကျနော် တို့ကို ကတိပေးခဲ့ပါတယ်” ဟု ကိုနေထက်အောင် က ပြောသည်။

ရွှေလုပ်သားများ အဖွဲ့အစည်းအနေနှင့် ILO ၏ ကတိပေးချက်ကို ရလဒ်ကောင်းတခု အဖြစ် ရှုမြင်သော် လည်း ယခုထက် ပိုမိုထိရောက်စွာ ကူညီပေးစေလိုကြောင်း ပြောသည်။

မေလဆန်းတွင် တပိုင်တနိုင် ရွှေတူးခွင့်ကို ကုမ္ပဏီက ပိတ်လိုက်၍ ရွှေလုပ်သားများက နေပြည်တော်ထိ ချီတက် ဆန္ဒပြကြရာ ခရီးတထောက် ရွှေမြင်တင်ဘုရား၌ စခန်းချစဉ် ဇွန်လ ၁၄ ရက်နေ့က အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ရွှေလုပ်သားများက အချက် ၆ ချက်ပါ သဘောတူချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီချက်တွင် “အင်း အက်တာများကို ယခင်အတိုင်း လုပ်ကိုင်ခွင့် ပေးရန်၊ ဇုန်အသီးသီးရှိ ဗြုန်းကြိတ်စက်များ ကို ယခင်အတိုင်း ကြိတ်ခွဲခွင့် ပြုရန်နှင့် အင်း၊ အက်တာများ နစ်နာကြေး တောင်းခံထားသူများကို နစ်နာကြေးပေးရန်” စသည်တို့ ပါဝင်သော်လည်း ကုမ္ပဏီဘက်မှ အပြည့်အဝ လိုက်နာခြင်း မရှိသေးကြောင်း ရွှေလုပ်သားများဘက်မှ ပြောသည်။

“လျော်ကြေးပေးတယ် ဆိုတာက ပြည့်စုံတဲ့ အတိုင်းအတာ တခုထိ မရောက်သေး ပါဘူးခင်ဗျာ။ လျော်ကြေးက အနည်းအကျဉ်းလောက်ပဲ ရပါသေးတယ်။ အယောက် ၂ဝ ကျော်လောက် ကျန်ပါသေးတယ်” ဟု ဇုန် ၈ မှ ရွှေလုပ်သား ကိုယ်စားလှယ် ကိုအောင်ကြီး က ပြောသည်။

ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ကမူ အလုပ်သမားများအတွက် စာချုပ်ပါ သဘောတူချက် ၆ ချက်ကို ဖြည့်ဆည်းပေး ထားသည့်အပြင် စာချုပ်တွင် မပါရှိသည့် ပစ္စည်းများလည်း အလုပ်သမားများအတွက် ပံ့ပိုးပေးထားသည်ဟု ဆိုသည်။

“တောင်ပေါ်မှာဆိုရင် စာချုပ်မှာ မပါတဲ့ ပစ္စည်း ၇ မျိုးကိုလည်း သူတို့တွေအတွက် ကျနော်တို့က လုပ်ပေးတယ်ခင်ဗျ။ ဒီဇယ်ဆီ၊ ဆန်၊ အယ်ဂျင်ဝိုင်၊ ဆားဆီ၊ ငါးပိ၊ ငါးခြောက်၊ ပဲ အဲဒီ ၇ မျိုးကို သူတို့က ရိက္ခာပြတ်မှာ စိုးလို့ လိုချင်ရင် ကျနော်တို့ဆီမှာ လာယူပါ။ ပြီးတော့မှ ပြန်ပေးပါ ဆိုပြီးတော့ မိုးတွင်းမှာ လုပ်ပေးနေပါတယ်ခင်ဗျ” ဟု ဦးစိုးထွန်းရှိန် က ပြောသည်။

၎င်းပြင် ရွှေလုပ်သား ၁၃ ဦး မတရား ဖမ်းဆီးခံနေရသည်ဟု အလုပ်သမားဘက်က စွပ်စွဲပြောဆိုခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်းနှင့် သတ်မှတ် ဧရိယာ ပြင်ပတွင် လုပ်ကိုင်ခြင်းကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

“ညဘက်မှာ ကျနော်တို့ရဲ့ ဧရိယာထဲမှာ ကျနော်တို့ သတ်မှတ်ထားတဲ့ အင်းတွေလည်း မဟုတ်ဘဲနဲ့ လာပြီးတော့ ခိုးဝင်တဲ့အတွက်ကြောင့်မို့လို့ အဲဒီလူတွေကို ကျနော်တို့ ဖမ်းမိပါတယ်။ ၂၄ နာရီအတွင်းမှာ ရမည်းသင်း ရဲစခန်းကို အပ်လိုက်ပါတယ်” ဟု ကုမ္ပဏီ ဥက္ကဋ္ဌ က ပြောသည်။

အလုပ်သမားများဘက်ကမူ မိမိလုပ်ကွက်အတွင်း ရွှေအင်း ဆင်းသည့် အလုပ်သမား ၁ဝ ဦးကို ရွှေဗြုန်း ခိုးမှုဖြင့် လည်းကောင်း၊ မှိုရှာ မျှစ်ချိုးသွားသည့် အလုပ်သမား ၃ ဦးကို ဓားကိုင်ဆောင်မှုဖြင့် လည်းကောင်း ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ရွှေလုပ်သား အခွင့်အရေး တောင်းဆိုနေသူများသည် ရွှေလုပ်သား အစစ်အမှန်များ မဟုတ်ကြောင်း ကုမ္ပဏီဘက်က စွပ်စွဲလိုက်ပြီး ရွှေလုပ်သားများဘက်ကမူ မိမိတို့သည် ရွှေလုပ်သား အစစ်အမှန် ဖြစ်ကြောင်း သက်သေအထောက်အထား ရှိသည်ဟု ဆိုသည်။

“ကျနော်တို့ကို ပြောနေတဲ့လူတွေက တကယ်တော့ အလုပ်သမား အစစ်တွေ မဟုတ်ဘူး။ နိုင်ငံရေးသမား
ယောင်ယောင်၊ သောင်းကျန်းသူ ယောင်ယောင် အဲလို ဖြစ်နေတဲ့ လူတွေ” ဟု ဦးစိုးထွန်းရှိန် က ဆိုသည်။

ILO နှင့် တွေ့ဆုံခဲ့သည့် ကိုနေထက်အောင် ကမူ မိုးထိမိုးမိ တောင်ပေါ်ရှိ ဇုန် ၉၊ အက်တာနံပါတ် ၁ဝ၄၄ သည် ကုမ္ပဏီက တရားဝင် ထုတ်ပေးထားသည့် မိမိ၏ လိုင်စင်နံပါတ် ဖြစ်ပြီး “တကယ်သာ အလုပ်သမား မဟုတ်ရင် ကျနော်တို့လည်း ဒီကို လာစရာ အကြောင်းမရှိပါဘူး။ ကျနော်တို့က နိုင်ငံရေး လုပ်နေတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ နစ်နာဆုံးရှုံးမှုတွေကို တင်ပြနေတဲ့ စစ်မှန်တဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ရွှေလုပ်သားများ၏ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ရန်အတွက် ရွှေလုပ်သားများ အဖွဲ့အစည်းကို သြဂုတ်လ ၁၂ ရက်နေ့တွင် ဗဟိုဦးစီးကော်မတီဝင် ၃ဝ ဦးဖြင့် အသစ်ပြန်လည် ဖွဲ့စည်းကာ ရမည်းသင်းမြို့နယ် မှတ်ပုံတင် ဦးစီးဌာနသို့ သြဂုတ်လ ၁၄ ရက်နေ့က သွားရောက် လျှောက်ထားခဲ့ပြီး ဖြစ်သည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုကို ဝေလင်းထိုက်၊ အာရှအမြူတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအကို၊

မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K. ၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် မိတ်ဖက် ကုမ္ပဏီများဖြင့် စုဖွဲ့ထားပြီး ရှယ်ယာ ၂၈ ခု ရှိကာ အစုရှယ်ယာ တခုလျှင် သိန်းတထောင် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ ၆,၁ဝ၅ ဧက၌ ရွှေသတ္တု တူးဖော်ရန် ၎င်းကုမ္ပဏီ အုပ်စုက တရားဝင် လုပ်ကိုင်ခွင့် ရရှိချိန်မှ စ၍ အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခုအတွင်း အလုပ်သမား နှစ်သိန်းကျော်ကို ငါးနှစ် သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများကို အချိုးကျ ခွဲယူရန် နုတ်ကတိ ပြုခဲ့သော်လည်း ၇ လအကြာတွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်လိုက်ခြင်း ဖြစ်သည်။

သစ်ထူးလွင်
ကွန်းချမ်း | စံခလပူရီ (မဇ္ဈိမ)
by Mizzima - News in Burmese