Friday, August 24, 2012

သြဂုတ်လ ၂၃ ရက်နေ့ထုတ် 7 Day News Journal ဖတ်ရူ့ရန်

7 Day News Journal

နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားရန်လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကန့်ကွက်




ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံးမှ ပေးပို့လာသော ရခိုင်အရေးနှင့်ပတ်သတ်သည့် သ၀ဏ်လွှာကို ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နာယက က ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း ပြုလုပ်ရန်စီစဉ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်အချို့၏ ကန့်ကွက်မှု ရှိလာ၍ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။ နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာကို ကန့်ကွက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးမှာ ဒေါက်တာအေးမောင်နှင့် ဦးဘရှိန်တို့ဖြစ်ကြောင်း သိရှိရသည်။

"ကျွန်တော်တို့က သမ္မတရဲ့ သ၀ဏ်လွှာကို ကန့်ကွက်တာမဟုတ်ဘူး။ အဲဒါနဲ့ ပူးတွဲပါတဲ့ ရခိုင်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာအပိုဒ် ၉ ရဲ့ အချက် ၈ ချက်ဟာ ဖြစ်စဉ်အမှန်နဲ့ ကွဲလွဲနေတယ်။ အဲဒါကို ပြန်သုံးသပ်ပေးဖို့ ကန့်ကွက်လွှာတင်တာပါ"ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။

အစီရင်ခံစာအပိုဒ် ၉ တွင် နိုင်ငံရေးပါတီများ၊ သံဃာများနှင့် စီးပွားရေးသမားအချို့မှ သွေးထိုးလှုံ့ဆော်မှုကြောင့် ယခုကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားရသည်ဟု အဓိပ္ပာယ်ပါသည့် အချက်အချို့အစီရင်ခံစာတွင် ရေးသားထားခြင်းကြောင့်ဖြစ်သည် ဟု ဒေါက်တာအေးမောင်က ဆက်လက်ရှင်းပြသည်။
                                                                                             ဒေါက်တာအေးမောင်

Thursday, August 23, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် စတုတ္ထအကြိမ်တွေ့ဆုံ



နေပြည်တော်၊ သြဂုတ် ၂၃

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၅:၀၀ နာရီ ခန့်က နေပြည်တော်တွင် စတုတ္ထအကြိမ်တွေ့ဆုံကြကြောင်း The Voice Weekly ၏ နေပြည်တော် သတင်းရပ်ကွက် ထံမှစုံစမ်းသိရှိရသည်။


ယခုတွေ့ဆုံမှုမှာ ယခုလအတွင်း ဒုတိယအကြိမ်တွေ့ဆုံမှု ဖြစ်ပြီး အသေးစိတ် သိရှိနိုင်ရန် The Voice Weekly က ဆက်လက်စုံစမ်းလျက်ရှိပါသည်။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးနှင့် NLD တို့ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

အတည်ပြုနိုင်ခြင်းမရှိသေးသော သတင်းများအရ နိုင်ငံတော်သမ္မတ၏ အစိုးရအဖွဲ့ ၀န်ကြီးအပြောင်းအလဲကိစ္စနှင့် ဆက်နွယ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
The Voice Weekly

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက မှားယွင်း ဆောင်ရွက်ကြောင်း ကြေညာချက် ထုတ်ပြန်ရန် အရေးကြီး အဆိုတင်



နေပြည်တော်၊ သြဂုတ် ၂၃

လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ချက် ချခဲ့သည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက မှားယွင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ရန် အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၏ ဒသမနေ့ အစီအစဉ်များတွင် မပါဝင်ဘဲ မွန်းလွဲ ၃ နာရီခန့်တွင် ပြည်ထောင်စု လွှတ်တော် နာယက၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက အဆိုပါ အဆိုကို တင်သွင်း ခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက မဲခွဲ ဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ၆၂၂ ဦးတွင် ထောက်ခံမဲ ၄၅၂ မဲ၊ ကန့်ကွက်မဲ ၁၅၃ မဲနှင့် ကြားနေမဲ ၁၀ မဲရရှိကာ အဆိုကို ဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ တင်သွင်းလွှာ အမှတ် ၁/၂၀၁၂ တွင်လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်း မရှိဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြဌာန်းချက်များနှင့် ညီညွတ်မှု မရှိဟု ဆုံးဖြတ်ခဲ့သည်မှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် လုပ်ပိုင်ခွင့် မရှိသည်ကို လုပ်ကိုင်သည့် အတွက် မှားယွင်းကြောင်း ကြေညာချက် ထုတ်ပြန် ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အရေးကြီး အဆိုတင်သွင်းရာတွင် ဦးမြင့်စိုးက ထည့်သွင်း ပြောကြားသည်။

"ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ ပြဌာန်းချက် အရသာ စီရင် ဆုံးဖြတ်မယ်"ဟုလွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်၊ အဖွဲ့အစည်းများသည် ပြည်ထောင်စု အဆင့် မဟုတ်ဟု ဆုံးဖြတ် ခဲ့မှုနှင့် ပတ်သက်၍ သြဂုတ်လ ၂၀ ရက်နေ့က နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေခုံရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးက ၎င်းတို့၏ ဆုံးဖြတ်ချက် အပေါ် ရပ်တည် ပြောဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးရာကျော်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသည် ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် ၂ ပါ ပြဌာန်းချက် များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် ၅ ဥပဒေအရ ပေးအပ် ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သဘောထားကို သြဂုတ်လ ၈ ရက်နေ့တွင် လွှတ်တော်လူ့အခွင့်အရေး ကော်မတီမှ တစ်ဆင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားပြီး ပြည်သူ့လွှတ်တော် ဥက္ကက နိုင်ငံတော် သမ္မတထံသို့ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ပေးရန် သဝဏ်လွှာ ပေးပို့ခဲ့ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ငြင်းဆန်ခဲ့ပြီး နိုင်ငံတော် သမ္မတကမူ အဖွဲ့အစည်း နှစ်ခု (လွှတ်တော်နှင့်ခုံရုံး) သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေးအပ်ထားသည့် သီးခြား လွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်သဖြင့် ကြိုက်နှစ်သက်ရာ နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်ခွင့်ရှိကြောင်း သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
Ref:The Voice

လွှတ်တော်အစည်းအဝေးများ ဖျက်သိမ်း၍ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် သမ္မတဦးသိန်းစိန်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးလျက်ရှိ



ရန်ကုန် (မဇ္ဈိမ) 
 ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ကြာသပတေးနေ့တွင် ဆွေးနွေးရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သော်လည်း လွှတ်တော်အစည်းအဝေးများ ဖျက်သိမ်း၍ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် သမ္မတဦးသိန်းစိန်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု နေပြည်တော် သတင်းရပ်ကွက်ကပြောသည်။

ဆွေးနွေးမှုမှာ နံနက် ၁ဝ နာရီက စတင်ပြီး  နံနက် ၁၁း၃ဝ အချိန်အထိ မပြီးပြတ်သေးဟုလည်း သတင်းရပ်ကွက်က ဆိုသည်။

ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက လွှတ်တော်နှစ်ရပ်နှင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့အကြား အငြင်းပွားနေခြင်း ကို သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့
ဆွေးနွေးနေခြင်းဟု ယူဆကြောင်း မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးက လွှတ်တော်နှစ်ရပ်မှ လွှတ်တော်အမတ်များနှင့် ဖွဲ့စည်းထားသည့် ကော်မတီ၊ကော်မရှင်များသည် ပြည်ထောင်စုအဆင့်မဟုတ်ဟု ဆုံးဖြတ်ခဲ့ရာမှ စတင်သော တင်းမာမှု သည် ကိုးဦးပါ အခြေခံ ဥပဒေခုံရုံးအဖွဲ့ဝင်များ တာဝန်မကျေဟု လွှတ်တော်တွင် စွပ်စွဲပြစ်တင်ရန် ပြင်ဆင်သည်အထိ ဖြစ်လာခဲ့သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သမ္မတထံတင်ပြခဲ့သော ခုံရုံးအဖွဲ့ဝင်များ အလိုအလျောက် ရာထူးမှနှုတ်ထွက်ပေးရန် ဖိအားပေးရန်အချက်မှာ ပယ်ချခံခဲ့ရပြီး ခုံရုံးအဖွဲ့ဝင်များဘက်ကလည်း ကျူးလွန်မှုမရှိကြောင်းငြင်းဆိုကြကာ ဆက်လက် တာဝန်ထမ်းဆောင်မည်ဟု ထုတ်ပြောခဲ့သည်။

သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသော်လည်း လွှတ်တော်က စွပ်စွဲပြစ်တင်မှုလုပ်ရန် ပိုမိုအားသန်နေသည်။

လွှတ်တော်ရေးရာကော်မတီများ ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ်နှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံး၏ မတ်လ အတွင်းက ဆုံးဖြတ်ချက်ကို သွားရောက်ကြားနာခဲ့သူ အောက်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက လွှတ်တော်သို့ အစီရင်ခံရာတွင် "မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို တနာရီလောက်ကြာအောင် မတ်တတ်ရပ် နားထောင်ခဲ့ရတာနှင့် မတန်စွာကြားနာ ခဲ့ရပါတယ်။" ဟုပါရှိသည်။

ခုံရုံးအဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မည့်အဆိုကို သောကြာနေ့တွင် အမျိုးသားလွှတ်တော်၌ တင်သွင်းရန်ရှိသည်ဟုလည်း အထက်လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကိုပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိပ္ဗါယ်ဖွင့်ဆိုထားခြင်း မရှိသော်လည်း လွှတ်တော်နှစ်ရပ်လုံး၏ နည်းဥပဒေအသီးသီးတွင် လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်သည်ဟု  ပြဌာန်းထားသည်။

"ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စု အစိုးရအဖွဲ့၊  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့်
ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့ကို လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကို လည်းကောင်း ဆိုသည်” ဟူ၍ ဖြစ်သည်။