Sunday, March 9, 2014

ထိုင်းတွင် တရားမ၀င်လုပ်သားများ ဖမ်းဆီးစဉ် ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချသည့် အမျိုးသမီး ခြေထောက်ကျိုး

ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် စတဟစ်မြို့ရှိ ကြောင်ထယန်နယ်မြေ(၁)တွင် နေထိုင်သည့် တရားမ၀င်အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ် အလုပ်သမားအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက်ကျိုးသွားကြောင်း သတင်းရရှိသည်။


မတ်လ ၆ရက်တွင် ကြောင်ထယန်နယ်မြေ (၁)တွင်ရှိသော ဟောလီးဒေးဟိုတယ်၏ နောက် အဆောက်အအုံတစ်နေရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အစရှိသည့် နိုင်ငံများမှ အလုပ်သမား ၅၀ ခန့်ကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာ ထိုအလုပ်သမားများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် အသက် (၂၃) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက် ကျိုးသွားခြင်းဖြစ်သည်။
           
အဆိုပါဖမ်းဆီးခံရသော နိုင်ငံခြားအလုပ်သမား ၅၀ ခန့် တွင် ၁၀ ဦးသာ တရားမ၀င်အလုပ်သမားများ ပါဝင်ကြောင်း သတင်းရရှိသည်။ ခုန်ချ၍ ခြေကျိုးသွားသည့် မြန်မာအမျိုးသမီးမှာလည်း တရားဝင်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
         
‘‘တရားမ၀င်အလုပ်သမားတွေကို ထိုင်းရဲတွေက လျှပ်တစ်ပြက်ဝင်ဖမ်းတာ။ တရားဝင်အလုပ်သမားတွေကများတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာ။ အဲဒီမှာ ကောင်မလေးက လန့်ပြီးခုန်ချတာ ခြေကျိုးသွားတာပါ။ ခုတော့ စ၀မ်လိုထန်က ကယ်ဆယ်ရေးစခန်းက နီးစပ်ရာဆေးရုံကို ပို့ထားတယ်လို့သိရပါတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။
         
ထိုဖမ်းဆီးမှုတွင် တရားမ၀င်လုပ်ကိုင်သော အလုပ်သမား ၁၀ ဦးသာ ဖမ်းဆီးခံရပြီး ကျန် တရားဝင်လုပ်ကိုင်သည့် အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ က  ချက်ချင်းပြန်လွှတ်ပေးခဲ့ကြောင်း  ဦးကျော်သောင်းက ပြောသည်။

Author:  ငြိမ်းချမ်း
7day Daily

ရန်ကုန်မြို့လယ်မှာ အလုပ်သမားအရေး သမဂ္ဂပေါင်းစုံ ဆန္ဒပြ

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ယာယီ)က ဦးဆောင်ပြီး သမဂ္ဂ ၂၀ ပူးပေါင်းပါဝင်တဲ့ ဆန္ဒပြပွဲတခု ရန်ကုန်မြို့လယ်မှာ ကျင်းပခဲ့ပြီး အလုပ်သမားအရေး တောင်းဆိုချက် ၅ ရပ် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။


ရန်ကုန်နဲ့ မန္တလေးမြို့က အလုပ်သမား ၂၀၀ ကျော်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့လယ်၊ မဟာဗန္ဓလပန်းခြံအနီး စုဝေးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်တဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဥပဒေ အတိုင်ပင်ခံ ဦးအောင်သူရိန်ထွန်းက သူတို့ရဲ့ တောင်းဆိုချက်တွေကို အခုလို ပြောပါတယ်။

“အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့အတွက် ဥပဒေ ပြဋ္ဌာန်းပေးပါလို့ ကျနော်တို့ တောင်းဆိုတယ်။ နောက်တခု အလုပ်သမား တရားရုံးတွေ ပေါ်ပေါက်ဖို့အတွက် တောင်းဆိုရခြင်း အကြောင်းအရင်းဟာ ကျနော်တို့ အလုပ်သမားတွေရဲ့ ကိစ္စတွေကို အလုပ်သမားရုံးတွေက ဥပဒေနဲ့အညီ မဖြေရှင်းပေးတဲ့ ကိစ္စတွေအတွက် ဖြစ်တယ်။ နောက် အလုပ်သမားသမဂ္ဂတွေ ဖြိုခွင်းခံရတာတွေ ရှိတယ်။ အလုပ်သမားသမဂ္ဂတွေ ဖြိုခွင်းခံရတဲ့ ကိစ္စတွေမှာ အလုပ်သမားအရေး တောင်းဆိုတဲ့ အလုပ်သမား ခေါင်းဆောင်တွေကို အလုပ်ကနေ ထုတ်ပြစ်တယ်။ အဲဒီလို ထုတ်ပြစ်တဲ့အခါမှာ ငွေကြေးပေးပြီး လျော်ကြေးပေးပြီး ထုတ်ရင် ရတယ်ဆိုတဲ့ အစွဲအလမ်းမျိုး အလုပ်ရှင်တွေဆီမှာ ၀င်လာတယ်။ ဒီလို ၀င်လာတဲ့ အကြောင်းအရင်းဟာ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ကိုယ်တိုင်သည်လျှင် အလုပ်သမားအဖွဲ့အစည်းတွေကို အကာအကွယ် မပေးနိုင်လို့ ဒီကိစ္စတွေ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ဥပဒေတွေကို ပြင်ဆင်ဖို့ ပြောင်းလဲဖို့ လိုအပ်လို့ ကျနော်တို့ တောင်းဆိုခြင်း ဖြစ်တယ်။ ဒီတောင်းဆိုချက်တွေကို ကျနော်တို့ဟာ တရားဝင် ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုတာ ဖြစ်ပါတယ်။”

အခု တောင်းဆိုချက်တွေ မရရင် နည်းလမ်းပေါင်းစုံသုံးပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့လဲ ပြောပါတယ်။

ခွင့်ပြုချက်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး စီတန်းလှည့်လည်ခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ အလုပ်သမားအရေး လုပ်ပေးဖို့ ဟောပြောခြင်းတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)