Wednesday, August 1, 2012

သတင်းဂျာနယ်နှစ်စောင် ထုတ်ဝေခွင့်ယာယီရပ်ဆိုင်း

The Voice Weekly နှင့် Envoy News Journal တို့အား စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း
ပြန်ကြားရေးဝန်ကြီးဌာန၊ လက်အောက်ရှိ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက သတင်းဂျာနယ်နှစ်စောင် ဖြစ်သော The Voice Weekly နှင့် Envoy News Journal တို့အား ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ပြီး ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်တွင်းဂျာနယ်များအား စာပေစိစစ်ရေးမှ ခေါ်ယူတွေ့ဆုံရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက အဆိုပါဂျာနယ်နှစ်စောင်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားကြောင်း ပြောကြားသွားခြင်းဖြစ်သည်။
သတ်မှတ်ထားသော စည်းကမ်းချက်များကို ချိုးဖောက်သည်ဟုသော စွပ်စွဲချက်ဖြင့် လာမည့်အပတ်မှ စတင်ပြီး The Voice Weekly ဂျာနယ်နှင့် Envoy News Journal တို့ အား စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ထုတ်ဝေခွင့် ယာယီရပ်နားလိုက် ကြောင်း The Voice Weekly သတင်းဂျာနယ်၏ Facebook စာမျက်နှာတွင် ဖော်ပြထားပြီး အဆိုပါထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရခြင်း မှန်ကန်ကြောင်း Envoy News Journal ကလည်းအတည်ပြုကြောင်း အဆိုပါဖော်ပြချက်အရသိရှိရသည်။
''ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ကျနော် တို့ The Voice Weekly ကို ထုတ်ဝေခွင့် ယာယီရပ်နားလိုက်တယ်။ အကြောင်းပြချက်ကတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာလို့ ပြောတယ်။ အဓိကအချက်ကတော့ ကျနော့်အထင် အခုနောက်ဆုံး ထွက်ထားတဲ့ စာစောင်မျက်နှာဖုံးသတင်းနှစ်ပုဒ်ကြောင့်လို့ဖြစ်မယ်။ တစ်ပုဒ်က ၀န်ကြီး အပြောင်းအရွှေ့သတင်းနဲ့ ကာတွန်းပြပွဲမှာ အပယ်ခံရတဲ့ပုံကို စာပေစိစစ်ရေးကလာစစ်နေတဲ့ ဓာတ်ပုံနဲ့ ကာတွန်းပြပွဲ သတင်းပါ။ လောလောဆယ်တော့ ဘယ်လောက် အပိတ်ခံရမယ်ဆိုတာ မပြော နိုင်သေးဘူး''ဟု The Voice Weekly သတင်းဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။
The Voice Weekly သတင်းဂျာနယ် အနေဖြင့် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရခြင်းမှာ ခြောက်ကြိမ်မြောက် ရပ်ဆိုင်းခံရခြင်းဖြစ်ကြောင်း သိရှိရပြီး ယခု ဂျာနယ်နှစ်စောင်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့ခြင်း မတိုင်မီက လျှပ်တစ်ပြက်သတင်း ဂျာနယ်အား စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားခဲ့ပြီး ရက်သတ္တ(၇)ပတ် ကျော်လာသည်အထိ ထုတ်ဝေခွင့် ရပ်ဆိုင်းခံထားရသည်။