Thursday, September 13, 2012

စက်တင်ဘာလ ၁၃ ရက် RFA ညပိုင်းအသံလွှင့်အစီအစဉ်

တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်း ကိုအာဏာပိုင်အဖွဲ့စည်းတွေ အဓမ္မ၀င်ရောက် ဖျက်ဆီး



တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်း ကိုဒီကနေ့ နေ့လည်ပိုင်းက မြို့နယ် သံဃမဟာနာယက အဖွဲ့အပါအ၀င် ရာနဲ့ချီတဲ့ အာဏာပိုင်အဖွဲ့စည်းတွေ အဓမ္မ၀င်ရောက် ဖျက်ဆီးခဲ့တဲ့ အတွက် မြို့ခံဒါယကာဒါယိကာမတွေ မကြေမနပ် ဖြစ်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

သံဃာ့ မဟာနာယကအဖွဲ့အနေနဲ့ ဒီကျောင်းတိုက်ဟာ တရားဝင် အသိအမှတ်ပြုထားတဲ့ ကျောင်းတိုက် မဟုတ်တာကြောင့် အခုလို လာရောက်ဖြိုဖျက် ပစ်ရတာဖြစ်ကြောင်း ဒေသခံတွေကို ပြောကြားခဲ့တယ် သိရှိရပါတယ်။

အခုဖြိုဖျက်ခံနေရတဲ့ ထင်းရူးမြိုင်ကျောင်းတိုက်ကိုပြောင်းရွှေ့ဖို့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက မြို့နယ် သံဃာ့မဟာနာယကအဖွဲ့ကနေနို့တစ်စာပေးပို့ထားခဲ့ပြီး၊ ထင်းရူးမြိုင်ကျောင်းတိုက်ဆရာတော် ကလည်း ၀ါတွင်းကာလအတွင်း သံဃာ ၂၂ ပါး ရှိတဲ့ ကျောင်းတိုက်ရွှေ့ပြောင်းဖို့ကိစ္စ အတွက် ညှာတာ ထောက်ထားပေးဖို့ ပြည်နယ်သံဃ မဟာနာယက အဖွဲ့နဲ့ သက်ဆိုင်ရာအာဏာပိုင်တွေထံ သြဂုတ် ၃၁ ရက်နေ့စွဲနဲ့ အသနားခံစာ ပေးပို့ ထားတယ်လို့ သိရပါတယ်။
RFA

ကလေးမြို့သမ္မတထောက်ခံဆန္ဒဖော်ထုတ်ပွဲ ဒေသခံပေါင်း တစ်သောင်းကျော်သမ္မတကြီး၏ ပြောကြားချက်ကို ထောက်ခံ



ကလေးမြို့သမ္မတထောက်ခံဆန္ဒဖော်ထုတ်ပွဲတွင် ဒေသခံပေါင်း တစ်သောင်းကျော်သည် ကလေးမြို့တွင်း လှည့်လည်ခဲ့ကြကြောင်း The Voice Weekly ကလေးမြို့နယ် သတင်းထောက်က သတင်းပေးပို့သည်။

နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုကာ အချို့မှာ သမ္မတကြီး၏ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ကာ ပြောကြားချက်ကို ထောက်ခံကြောင်းကို ပြောကြားနေကြကြောင်း ၄င်းက ဆိုသည်။

ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွ
က်၊ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် နံနက် ၁၁ မှ နေ့လယ် ၁၂ နာရီ အထိ စုဝေးခဲ့ပြီး စီတန်း လှည့်လည်မည့် အချိန်မှာ နေ့လယ် ၁၂ နာရီမှ ညနေ၃နာရီ အထိ ဖြစ်ကြောင်း လမ်းကြောင်းမှာ မင်္ဂလာ ဥယျာဉ် ကျောင်းလမ်း-ကလေးဝလမ်း(တောင်ဘက်သို့)-ပင်လုံ လမ်းမတော်- စံပြလမ်း- ဗိုလ်ချုပ်လမ်း- လမ်းဆုံပတ်၍ ကလေးဝလမ်း (မြောက်ဘက်သို့)- မင်္ဂလာ ဥယျာဉ် ကျောင်းရှေ့ တွင် ပြီးဆုံးမည် ဖြစ်ကြောင်း ထောက်ခံ ဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်သူ ၈၈ ကျောင်းသား သပိတ်ခေါင်းဆောင်ဟောင်း ဦးမိုက်ကယ်ဝင်းကျော်က ရှင်းပြသည်။


 The Voice Weekly

ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒဟာ ဒုက္ခသည်တွေအတွက် အကူအညီ မရတဲ့ အပြင် ဖိစီးမှုတွေ ဖြစ်စေတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကဝေဖန်




ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒဟာ ဒုက္ခသည်တွေအတွက် အကူအညီ မရတဲ့ အပြင် ဖိစီးမှုတွေ ဖြစ်စေတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကဝေဖန်လိုက်ပါတယ်။

ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေအပေါ် ထိုင်းနိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက် ဆိုတဲ့ စာမျက်နှာ ၁၄၃ မျက်နှာပါ အစီရင်ခံစာ တစောင်ကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက် တာပါ။

ဒီအစီရင်ခံစာဟာ ဒုက္ခသည်စခန်းတွေမှာ ရှိနေသူတွေရော စခန်းအပြင်မှာရှိနေတဲ့ မြန်မာနိုင်ငံ ကဒုက္ခသည်တွေရဲ့အခြေအနေကိုပါ အဓိကထား လေ့လာပြီး ရေးသားထားတာဖြစ်ပါတယ်။

မြန်မာ၊ လာအိုနဲ့ မြောက်ကိုရီးယားက ရောက်လာပြီး ဒုက္ခသည်အဖြစ်လျှောက်ထားသူတွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ စစ်ဆေးအသိအမှတ်ပြုဖို့ ထိုင်းအစိုးရက ခွင့်မပြုဘူးလို့ထောက်ပြထားပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းထဲက လူတွေကို အဘက်ဘက်မှာ တင်းကြပ်ထားပြီး အလုပ်လုပ်ခွင့်လည်း မပြုဘူးလို့ဆိုပါတယ်။

ဒီမူဝါဒအရ တချိန်မှာဒုက္ခသည်တွေ ဌာနေ ပြန်ခွင့်ရတဲ့အခါ ဘဝ ထူထောင်ရေးအတွက် အဆင်သင့်ဖြစ်ဖို့ မလွယ်တဲ့အကြောင်း ပြောဆို ပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေကြားမှာ စိုးရိမ်ကြောင့်ကျမှုတွေ၊ မသေချာမှုတွေ၊ ကိုယ်စွမ်းဥာဏ်စွမ်းပြခွင့် မရတဲ့ခံစားရမှုတွေဖြစ်နေသလို တရားမျှတမှု
အတွက် ဘယ်သူ့ကို ချဉ်းကပ်ရမလဲ ဆိုတဲ့ အားကိုးရာ မဲ့ရတယ်လို့
ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တလျှောက် ဒုက္ခသည်စခန်း ၉ ခုမှာ လူဦးရေ ၁ သိန်း ၄ သောင်းလောက်ရှိနေပြီး၊ အဲဒီထဲက ၆၀ ရာခိုင်နှုန်းလောက်ကိုပဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတယ်လို့ HRW က ဖော်ပြပါတယ်။
RFA

ပါကစ္စတန်တွင် အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား ၁၉၁ ဦး သေဆုံး



ကရာချိ စက်တင်ဘာ ၁၂

ပါကစ္စတန် တောင်ပိုင်း ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် ကရာချိမြို့တွင် စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ခန့်က အထည်ချုပ် စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ရာ၁၉၁ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံသည် လေးထပ် အဆောက်အအုံ တစ်ခုဖြစ်ပြီး လူအများအပြား သေဆုံးရခြင်းမှာစက်ရုံပိုင်ရှင် မှ အရေးပေါ် ထွက်ပေါက်ကို ပိတ်ထား ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ အများစုမှာ အသက်ရှူ ကျပ် ခြင်းကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းစက်ရုံကို မီးစလောင်ပြီး ၁၁ နာရီခွဲ အကြာ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီ မိနစ်၃ဝတွင် ငြှိမ်းသတ် နိုင်ခဲ့ကြောင်း ကရာချိမြို့ မီးသတ်ဌာနမှ အကြီးအကဲက ပြောကြား ခဲ့ကြောင်း သိရသည်။ 



နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည်



နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ နိုင်ငံတော် သမ္မတ၏ တရုတ် ခရီးစဉ်သည် ၉ ကြိမ်မြောက် နန်နင်းကုန်စည်ပြပွဲသို့ တက်ရောက်ရင်း သွားရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရပါသည်။

နိုင်ငံတော် သမ္မတ၏ အမေရိကန် ခရီးစဉ်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွယ်ရှိကြောင်း သိရပြီး ထိုခရီးစဉ်မှာလည်း သုံးရက်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။ အမေရိကန် ခရီးစဉ်မှာမူ နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သမ္မတ သက်တမ်းအတွင်း တရုတ်နိုင်ငံသို့ ၂၀၁၁ခုနှစ် မေလ အတွင်းက ပထမဆုံး သွားရောက်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် သွားရောက်ခြင်း ဖြစ်ပါသည်။

ယနေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ၀ူဘန်းကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပါသည်။ မစ္စတာ ၀ူဘန်းကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖိတ်ကြားချက်အရ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ခဲ့ခြင်း ဖြစ်ပါသည်။
EMG