Sunday, September 2, 2012

သမ္မတရဲ့ ရခိုင်အရေး ရပ်တည်ချက် မန်းသံဃာနဲ့လူထု ထောက်ခံဆန္ဒဖော်ထုတ်



2012-09-02
သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး သံဃာတော် (၅) ထောင်ကျော်အပါအ၀င် ပရိသတ် အင်အား စုစုပေါင်း (၁) သောင်းကျော်လောက် ဆန္ဒပြပွဲမှာ ပါဝင်အားပေး ခဲ့ကြပါတယ်။

ပထမဆန္ဒပြပွဲကို မဟာအောင်မြေမြို့နယ် (၃၅) လမ်းနဲ့ (၈၄) လမ်းထောင့်မှာ စတင်စုဝေးပြီး (၃၅) လမ်းအတိုင်း အရှေ့ဘက်ကို (၈၁) လမ်း အထိချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယဆန္ဒပြပွဲကိုတော့ အောင်မြေသာစံမြို့နယ် လမ်း (၈၀) နဲ့ (၁၂) လမ်းကျုံးထောင့်ကနေ တောင်ဘက် (၁၉) လမ်းအထိ၊ အဲဒီကနေ အနောက်ဘက် (၈၆) လမ်းအထိ ချီတက်ခဲ့ပြီးတဲ့နောက် မူလစုရပ် ကျုံးထောင့်ကို ပြန်လည် ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူက RFA ကို အခုလို မိန့်ကြားခဲ့ပါတယ်။
"ဆန္ဒပြတယ်ဆိုတာ မိမိရင်ထဲက ဆန္ဒတွေပါ။ ကောင်းတာတွေရော မကောင်းတာတွေရော။ ထောက်ခံတာ မထောက်ခံတာတွေရော၊ အားလုံးကို ဖော်ထုတ်တာ ခေါ်ပါတယ်။ အခု ဆန္ဒပြပွဲဟာ နိုင်ငံတော် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ မဟုတ်ပါဘူး။ ရခိုင်အရေး နဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရ ခေါင်းဆောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်ကို မန္တလေး သံဃာထုရော လူထုရော လုံးဝထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြတဲ့ ဆန္ဒဖော်ထုတ်ပွဲ ဖြစ်ပါတယ်။ "

အာဏာပိုင်တွေဘက်က ဆန္ဒပြအင်အား (၁၀၀) ပဲ ခွင့်ပြုထားခဲ့ပေမယ့် ချီတက်ရာလမ်းကြောင်းတွေ တလျှောက် လိုက်ပါအားပေးတဲ့ ရဟန်းရှင်လူတွေကြောင့် အင်အားသောင်းနဲ့ချီ ရှိခဲ့တာဖြစ်ပြီး၊  နေ့လည်ပိုင်း ဆန္ဒပြပွဲမှာ မနက်ပိုင်းကထက် အားပေးတဲ့ ပရိသတ် ပိုမို များပြားလာခဲ့ပါတယ်။

ဆန္ဒပြပွဲ တလျှောက်မှာ ပရိသတ်တွေက ရေသန့်ဗူးနဲ့ အချိုရေတွေ ပေးကမ်းကြသလို လက်ခုပ်သြဘာသံတွေနဲ့လည်း ထောက်ခံ အားပေးခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း အင်အားအကြီးမားဆုံး သံဃာထု ဆန္ဒပြပွဲကို ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ရတာ ဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဆန္ဒပြပွဲကို လုံခြုံရေးရဲအင်အား (၂၀) ကျော်လောက်ချထားခဲ့ပြီး အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေအကြားမှာ ပဋ္ဋိပက္ခ တစုံတရာ ဖြစ်ပွားမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ မနက်ဖြန်မှာတော့ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းအေးသာစံမြို့နယ်၊ သဘက်ခါမှာတော့ ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဘက်လိုက်ခွဲခြား ဆက်ဆံမှု လှိုင်သာယာ စက်မှုဇုန်လုပ်သားများ ဆန္ဒပြ



 အလုပ်သမားတွေအပေါ် အလုပ်ရှင်တွေဖက်က ဖိနှိပ်နေတာတွေ အဆုံးသတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း စက်မှုဇုန် အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ကိုယ်စားလှယ် (၂၀၀) လောက်ဟာ ဆိုင်းဘုတ် ပိုစတာတွေ ကိုင်ဆောင်ပြီး လှိုင်သာယာ ဘီအိုစီအ၀ိုင်း အနီးကနေ ရက်ကွက်တွေအတွင်း ဒီကနေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဘီအိုစီ အ၀ိုင်းကနေ ရန်ကုန်-ပုသိမ် အဝေးပြေးလမ်း မြို့နယ်
အားကစားကွင်းဝင်းအထိ ကြွေးကြော် သံတွေနဲ့ အတူ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

အလုပ်ရှင်တွေဖက်က အလုပ်သမား အချင်းချင်းကြား ခွဲခြားဆက်ဆံမှုတွေ အများအပြား ရှိနေတဲ့အတွက် အလုပ်ရှင်တွေ သိရှိဖို့ အခုလို ဆန္ဒ ထုတ်ဖော်ရတာလို့ ဆန္ဒပြ အလုပ်သမတစ်ဦးက RFA ကို ပြောပါတယ်။

"စက်ရုံမှာက ဖိအားပေးမှုတွေ ရှိပါတယ်။ ဘက်လိုက်မှုတွေပေါ့နော်။ ဒီအလုပ်ကို လုပ်ရတာချင်း အတူတူကို အတော်ဆုံးဆိုပြီးတော့ရွေးထုတ်ပြီးတော့ အလုပ်သမား အချင်းချင်းကို သွေးခွဲတယ်။
နောက်ပြီးတော့ ခေါင်းဆောင်တွေ ကျူတီပိုင်းဆိုင်ရာတွေက သူဌေးဘက်ကနေ ရပ်တည်ပြီးတော့ကို ဘက်လိုက်မှုတွေ များပါတယ်။ အဲဒါတွေကလည်း ဗမာတွေပါပဲ။ တရုတ်ဘက်ကနေလိုက်ပြီး မြန်မာ သစ္စာဖောက်တွေပေါ့။ ဒီနေ့အထိကတော့ အလုပ်သမားအားလုံးရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဆန္ဒထုတ်ဖော်မှုလုပ်တာကို အဓိကထား လုပ်ကြတာပါ။"

စက်ရုံတွေမှာ တစ်နေ့ကို (၈) နာရီပဲ အလုပ်ခိုင်းစေဖို့၊ အနည်းဆုံးလုပ်ခ လစာ (၃) သောင်း ရရှိဖို့၊ နေ့စား အလုပ်သမားတွေကို လခစား အဖြစ်ပြောင်းလဲ သတ်မှတ်ပေးဖို့ ၊ အလုပ်ထုတ်ပစ်တာတွေ ရပ်ဆိုင်းပေးဖို့၊ ကလေးအလုပ်သမား အရေး ကာကွယ်ဖြေရှင်းပေးဖို့စတဲ့ အချက်တွေကို
လည်း ဒီကနေ့ ဆန္ဒပြပွဲမှာ အလုပ်သမား ကိုယ်စားလှယ်တွေတောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ အလုပ်ရှင်ဘက်က ဖိနှိပ်မှုတွေ ရှိနေတဲ့အတွက် အခုနှစ် မေလနောက်ပိုင်းက စလို့ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ စက်မှုဇုန်တွေမှာ တောင်းဆို ဆန္ဒပြမှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
 RFA

ကေအိုင်အို-ပလောင် လွတ်မြောက်ရေးပူးပေါင်းတပ်နဲ့ အစိုးရတပ်အကြား တိုက်ပွဲဆက်



ရှမ်းပြည်မြောက်ပိုင်းမှာ ကေအိုင်အိုနဲ့ ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြားတိုက်ပွဲတွေမကြာခဏ ဖြစ်နေတာကြောင့် ဒေသခံ ပြည်သူ   ထောင်ဂဏန်းလောက် ပြည်တွင်း တောတောင်တွေအတွင်း စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်နဲ့ နမ့်ဆန်မြို့နယ် အတွင်းမှာ မြန်မာ
အစိုးရတပ်တွေ အင်အားတိုးချဲ့လာပြီး လှုပ်ရှားနေတာကြောင့်
ကေအိုင်အေ တပ်တွေနဲ့ ပူးပေါင်းထားတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး အဖွဲ့ရဲ့ လက်အောက်ရှိ တအာင်း အမျိုးသား
လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့တွေနဲ့ အခုတလော မကြာခဏ တိုက်ပွဲဖြစ်ပွါးနေတဲ့ အကြောင်း TNLA အဖွဲ့ရဲ့ တပ်မှူးတစ်ယောက်က
ပြောပြပါတယ်။

"ပြီးခဲ့တဲ့၃၀၊ ၃၁ ရက်နေ့ကတော့ တိုက်ပွဲအငယ်လေးတွေ ဖြစ်တယ်ခင်ဗျ။ နမ့်ဆန်မြို့နယ်မှာ တနေရာ မန်တုံဘက်မှာလည်း ဖြစ်တယ်။ မန်တုံဘက်မှာ
ဖြစ်တာတော့ ကေအိုင်အို တပ်ရင်း ၃၄ အဓိက ဦးဆောင်ပြီး နေရာ
ချထားတဲ့ နေရာပေါ့။ နမ့်ဆန်၊ မန်တုံနောက်ကြောဘက်မှာ အဓိက လှုပ်ရှားတာကတော့ ကျောက်မဲအခြေစိုက် ၅၀၁နဲ့ ၅၀၂ ပြီးတော့ မန်တုံတပ် ခလရ ၁၃၀၊ ကျနော်တို့ ပလောင်တပ်ဖွဲ့နဲ့ ကေအိုင်အေ အခြေချနေတဲ့
ဒေသတွေကို သူတို့က ၀င်လာတာ နမ့်ဆန်၊ မန်တုံ ကွတ်ခိုင်ဒေသက။ ကျနော်တို့ တအာင်းဒေသက သြဂတ်လ ဒုတိယ အပတ်ကနေ စပြီးတော့ ထိုးစစ်တွေက အများကြီးဝင်လာတယ်။ ကျနော်တို့ တွက်ကြည့်တာ တပ်ရင်းပေါင်း ၁၆ ရင်းထက်တော့ မနည်းတော့ဘူး။ အကုန်လုံးစုစုပေါင်း ၁၀၀၀ ကျော်လောက်တော့ ရှိမယ်ခင်ဗျ။"

သြဂုတ်လ ၂၈ ရက်နေ့ကလည်း မန်တုံမြို့နယ်အတွင်းမှာ ၂ ဘက်တပ်တွေ တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ SSA ရှမ်းပြည်မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA တပ်၊ အခု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ကေအိုင်အေ တပ်တွေ ပူးတွဲ လှုပ်ရှားနေထိုင်တဲ့ ဒေသ ဖြစ်ပါတယ်။

အခုတလော မြန်မာအစိုးရတပ်က ဒေသခံ ပလောင်လူမျိုးတွေကို လမ်းပြခေါ်ခိုင်းတာ၊ ပေါ်တာ ထမ်းခိုင်းတာတွေလည်း လုပ်နေတယ်လို့ သူကပြောပါတယ်။ အခုလို တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့်
ဒေသခံပြည်သူ အများစု စစ်ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေကြရတာ အခုဆိုရင် ထောင်ဂဏန်းလောက်ရှိပြီး အကူအညီတွေလည်း အများအပြား လိုအပ်နေတဲ့အကြောင်း အဲဒီ ပလောင်တပ်မှူးက ဆက်ပြောပြပါတယ်။

"နမ့်ဆန်နဲ့ မန်တုံအောက်ပိုင်းကတော့ ကိုယ့်ရွာမှာပဲ ကိုယ်နေရတယ်။ ဒါပေမဲ့ ရွှေလီမြစ်နဲ့ နဲနဲနီးတဲ့ မန်တုံ အထက်ပိုင်းတွေမှာတော့ တုံဟုန်းတို့ ကုန်းဘောင်တို့ အဲဒီဘက်မှာတော့ ဒုက္ခသည်ကတော့ ၁၀၀၀ ၀န်းကျင်
လောက်တော့ ရှိတယ်ခင်ဗျ။ ပလောင်ရွာတွေ ကချင်ရွာတွေမှာရှိတဲ့
ပြည်သူတွေက စစ်ဘေး ရှောင်နေရတယ်။ ကေအိုင်အေ တိုက်ပွဲ
ဖြစ်ကတည်းက သုံးလေးငါးလောက် ရှိတယ်။ ဒီနောက်ပိုင်းမှာတော့ ထပ်တိုးလာတာပေါ့။ အကူအညီတွေကတော့ ပလောင် အမျိုးသမီးအဖွဲ့တို့ လူငယ်အဖွဲ့တို့ မန်တုံမှာရှိတဲ့ ဒေသခံအချို့၊ သူတို့ဝိုင်းကူကြတယ်။ ပြီးတော့ ကချင်ခရစ်ယန် အဖွဲ့တွေပေါ့။ အ၀တ်အစားတွေ ဆေးတွေ နဲနဲဝင်ကူတာ ရှိတယ်။ ဒုက္ခသည်တွေက ဖြစ်သလိုပဲ တောထဲမှာ ရွာပုံးရွာရှောင်တွေ
ပြေးနေရတယ်ဆိုတော့ ငှက်ဖျားတွေ ဖြစ်တာတို့ ၀မ်းလျှောတာတို့ အများကြီးတော့ ဒုက္ခတွေ ရောက်နေတာပေါ့ "

ဒုက္ခသည်တွေ တိမ်းရှောင်နေတဲ့ ဒေသဟာ နယ်စပ်နဲ့ ဝေးတဲ့အပြင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအစိုးရဟာ အခုလို စစ်အင်အား တိုးချဲ့ပြီး ထိုးစစ်ဆင်နေတာဟာ ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင် အဖွဲ့အစည်း မရှိရေး ရည်မှန်းချက်
နဲ့ ပြည်သာယာ စစ်ဆင်ရေး စီမံချက်အတိုင်း လုပ်ဆောင်နေတာ
ဖြစ်ကြောင်း၊ ဒီလိုစစ်ရေးနဲ့ ဖိအားပေးပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တာဟာ ဘယ်တော့မှ ပြေလည်သွားနိုင်မှာ မဟုတ်ကြောင်း အဆိုပါ ပလောင်တပ်မှူးက ပြောပါတယ်။

(ဓာတ်ပုံ- Courtesy of Kachinmedia)

မိုးထိမိုးမိ ရွှေလုပ်သားဇုန်တွင်း ကုမ္ပဏီ ပြောက်ကျားအဖွဲ့ လက်နက်ကိုင် ၀င်ရောက်



မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသမှာ ဒီကနေ့ မနက်ပိုင်းက
ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့ လူ(၁၀၀) ကျော်က တုတ်တွေ၊ လက်ထိပ်တွေ ကိုင်ဆောင်ပြီး ရွှေလုပ်သားတွေ အလုပ်လုပ်နေတဲ့ ထုံးကြီးဇုန် (၈) ထဲကို ကျူးကျော်ဝင် ရောက်လာခဲ့တဲ့ အတွက်ရွှေလုပ်သားတွေနဲ့ ကျူးကျော် ၀င်ရောက်လာသူတွေ အကြား အဓိကရုန်း
ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့သူတွေဟာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်ပြီး မခံမရပ်နိုင်တဲ့ တခြား ရွှေတူးဖော်ရေးဇုန်တွေကပါ အလုပ်သမားတွေ သောင်းနဲ့ချီ စုဝေးခဲ့ကြတယ်လို့ ထုံးကြီးဇုန် (၈) က ရွှေလုပ်သားတစ်ဦးက RFA ကို
ပြောပါတယ်။

"ကျွန်တော်တို့ ဇုန် (၈) ထဲကို ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့သူ တရာကျော် ၀င်ချလာတယ်။ ကျွန်တော်တို့က ၀င်ခွင့်မပေးဘူး။ ကျွန်တော်တို့ရွှေလုပ်သားတွေနဲ့ ၀င်လာတဲ့အခါမှာ ရိုက်ဟယ်နှက်ဟယ်
ဖြစ်ကုန်တာပေါ့ခင်ဗျ။ ဒါပေမယ့် သူတို့က နောက်ပြန်ဆုတ်သွားတယ်။ ကျွန်တော်တို့ကလည်း တာဝန်ရှိတဲ့သူတွေကို အကြောင်းကြားတယ်။ သူတို့က အခုအချိန်အထိ လက်ခံတွေ့ဆုံတာ မရှိသေးဘူး။ ဒီပြင့်ဇုန်တွေကပါ ကျွန်တော်တို့နဲ့ အားလုံး လာပူးပေါင်းတယ်။ လူအင်အားက အခုအားလုံးစုလိုက်ရင် တစ်သောင်းကျော် ဖြစ်သွားလိမ့်မယ်။"

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ သဘောတူ စာချုပ်ပါ အချက် (၆) ချက်ကို ကုမ္ပဏီဘက်က ဖောက်ဖျက်တဲ့ အတွက် မိုးထိမိုးမိတောင် ရွှေတူးဖော်ရေး လုပ်ငန်းက အလုပ်သမားတွေက အခုလို တောင်းဆို နေကြတာ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကတော့ အလုပ်သမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို တစုံတရာ ဖောက်ဖျက်မှု မရှိခဲ့ဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်မြို့ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မိုးထိမိုးမိဒေသက ရွှေလုပ်သားတွေဟာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကို လူဦးရေ (၁၀၀၀) နဲ့ ဆန္ဒပြဖို့အတွက် မနက်ဖြန် မနက်ပိုင်းမှာ ရမည်းသင်း မြို့နယ် ရဲစခန်းမှာ တရားဝင် စာတင် လျှောက်ထားမယ်လို့ သိရပါတယ်။



ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံ



2012-09-02

မြန်မာနိုင်ငံ ရုပ်ရှင်၊ စာပေ၊ ဂီတနယ်ပယ် အသီးသီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် စွန့်လွှတ်စွန့်စားမှု အပြည့်နဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်က ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ၀န်ကြီးများနဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံပွဲမှာ ပြောကြားလိုက် ပါတယ်။
 
Photo courtesy of Ministry of Information
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့တို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံစဉ်။
"စွန့်လွှတ်မှု အပြည့်နဲ့ ဆောင်ရွက်ပါမယ်၊ စစ်မှန်မှုနဲ့ ဆောင်ရွက်ပါမယ်၊ ရိုးသားဖြောင့်မှတ်မှုနဲ့ ဆောင်ရွက်ပါမယ်၊ ပူးတွဲ ဆောင်ရွက်မှုများနဲ့ ဆောင်ရွက်သွားပါမယ်လို့ လိုရင်း ကျွန်တော်တင်ပြပါရစေ။ ရုပ်ရှင် အဖွဲ့ အစည်း ပဲဖြစ်ဖြစ် စာပေ အဖွဲ့ အစည်းပဲ ဖြစ်ဖြစ် ဂီတအဖွဲ့ အစည်းပဲ ဖြစ်ဖြစ်ပါ။ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခုအောက်မှာ အစိုးရရယ် ပြည်သူရယ် civil society ရယ် ဆိုတာ ဇာတ်ကောင် ၃ ခုပဲ ရှိပါတယ်။ အဓိက ဇာတ်ကောင် တစ်ခုဖြစ်သော Civil Society ဒါကြောင့်မို့ ဒီ Civil Society က သူ့ ရဲ့ဇာတ်ကောင်ကို သူကျကျနန လုပ်ပေးရမယ်၊ ကျွန်တော်တို့ ကူညီမှာ ဖြစ်ပါတယ်။"
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်တဲ့ အဲဒီ တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၊ သမ္မတရုံး ၀န်ကြီးတွေ ဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်းတို့ အပြင် ရုပ်ရှင် ဗီဒီယို လောကသားတွေ၊ အခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် ပြန်လည် ရောက်ရှိလာကြတဲ့ ပြည်ပရောက် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။
တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရုပ်ရှင် ဆင်ဆာဘုတ် အဖွဲ့ကို အနုပညာရှင်တွေ ပါဝင်ခွင့်ပေးပြီး၊ အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေး အပါအ၀င် အချက် (၄) ချက်ကို တင်ပြခဲ့ပါတယ်။
ဦးဇင်ဝိုင်းရဲ့ တင်ပြချက် အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကလည်း ကတိပြု ပြောဆိုခဲ့ပါတယ်။
"အခုမှားတာသိရင် ချက်ချင်းပြင်မှာပါ။ လက်ခံသွားမှာပါ။ ဒီလိုပါပဲ တင်ပြပါ။ ဆွေးနွေးပါ။ ကျွန်တော်တို့ ပြောနေကျ နားခါးတယ်ဆိုလည်း ကျွန်တော်တို့ နားထောင်ပါမယ်၊ အားလုံး တိုင်းပြည်အတွက်လုပ်ကြတဲ့ အတွက်ကြောင့် တိုင်းပြည်မှာ ပါဝင်တဲ့သူတွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ တိုင်းပြည်တည်ဆောက်ဖို့  ဘဝဆိုတာလည်း တိုတိုလေး ဖြစ်ပါတယ်၊ ဒီတိုတိုလေးမှာ မှားတာတွေနဲ့ ကြီးပဲ ကျွန်တော်တို့ နေလို့ မဖြစ်ပါဘူး။ မှားတာကို မှန်အောင်လုပ်ဖို့က ကျွန်တော်တို့ တာဝန်ပဲဖြစ်တယ်၊ အားလုံးပြည်သူတွေရဲ့ တာဝန်ပဲဖြစ်တယ်။ ဒါကြောင့် ဦးဇင်ဝိုင်း တင်ပြတဲ့အချက်တွေ အားလုံး ပြည့်စုံရမယ်။ ချက်ချင်းရှင်းနိုင်မယ် မဟုတ်ပါဘူး။ ကျွန်တော်တို့ကို လိုအပ်တဲ့ အချိန်ပေးပ။ါ ဒါပေမယ့်လို့ ကျွန်တော်တို့ ကြိုးစားပြီးတော့ အကောင်းဆုံးဘက်ကနေ ကူညီဆောင်ရွက် ပေးပါမယ်လို့ တင်ပြပါတယ်။"
ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိမ်းဟာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအတွက် ရုပ်ရှင်ရိုက်ကူးရေးမှာ အသုံးပြုဖို့ မြေဧက ၁၀၀ ကို ပေးအပ်ခဲ့တယ် လို့လည်း သိရပါတယ်။ ဒီတွေ့ဆုံပွဲဟာ ရုပ်ရှင်ဗီဒီယို အနုပညာရှင်တွေနဲ့ ပြည်ထောင်စု ၀န်ကြီးတွေ ပထမဆုံးအကြိမ် မိတ်ဆက်ပွဲလည်း ဖြစ်ပါတယ်။