Monday, August 20, 2012

အခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည် ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ


နေပြည်တော်၊ သြဂုတ် ၂၀

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုတစ်ခုအဖြစ် မှတ်ယူရမည် ဖြစ်သော အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်းလွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက
ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံ ပေးပို့သောသဝဏ်လွှာတွင် ဖော်ပြသည်။

နိုင်ငံတော် သမ္မတထံမှ ပေးပို့သော သဝဏ်လွှာတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမှ ထိခိုက်မှု မရှိစေပဲ သင့်လျော်ကောင်းမွန်မည်ဟုယူဆပါသည်ဟု ဖော်ပြထားရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဖြစ် ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော် အသီးသီးက ဖွဲ့စည်းသော ကော်မ ရှင် နှင့် ကော်မတီ များသည်ပြည်ထောင်စု အဆင့် မဟုတ်ဟု သတ်မှတ် ခဲ့ခြင်းကြောင့် အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား ဖွဲ့စည်းပုံ အခြေခံပါ
ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်ထားသောတာဝန်များ ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ကြောင်း သြဂုတ်လ ၂၁ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ အနားယူရန်နှင့် အနားယူခြင်း မရှိပါက စွပ်စွဲ ပြစ်တင်ခြင်း ပြုလုပ် ရန် ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ကိုယ်စာလှယ်များ လက်မှတ်ရေးထိုး ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးတို့ က ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြ ပါသည်။ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာတွင် ကျွမ်းကျင်၍ တရားစီရင်ရေးတွင်နှစ်ပေါင်း များစွာ ဆောင်ရွက် ခဲ့ကြသူများဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စပေါ်တွင် ဘက်လိုက်၍ သော်လည်းကောင်း၊ မှားယွင်း၍သော် လည်းကောင်း ဆုံးဖြတ်ကြမည့်သူများ မဟုတ်ပါဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြသည်။

အခြေခံ ဥပဒေ ခုံရုံးကို စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစားဖြည့်စွပ်ပြင်ဆင်မှု အခြေအနေနှင့် ပတ်သတ်၍ သင်္ဃန်းကျွန်းမြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်အား ဆက်သွယ် မေးမြန်းခဲ့ရာ “လွှတ်တော်ရေးရာ ကော်မတီတွေနဲ့ ပတ်သတ်ပြီး
အခြေခံဥပဒေ ဖြည့်စွပ်ချက် မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ကျွန်တော်ပြီးခဲ့တဲ့ တစ်ပတ်က တင်ထားခဲ့ပါတယ်။ ရှေ့ တစ်ပတ် ပြည်ထောင်စုလွှတ်တော်ကြရင် ပြင်ဆင်ခွင့် အဆိုကို တင်သွင်း နိုင်မယ် ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
Ref:7Days News

ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြန်မာက တက်ရောက် လေ့လာချင်

ရွှေမြွေဟောက် အမည်ရှိ ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြန်မာက တက်ရောက် လေ့လာချင်နေပြီး အမေရိကန်၏ သဘောတူခွင့်ပြုမှုကို ရရှိရန် ထိုင်းကို အကူအညီ တောင်းကြောင်း ၁၇.၈.၂၀၁၂ ရက်နေ့ထုတ်ဘန်ကောက်ပို့စ်သတင်းစာ က ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ်သွားခဲ့သော ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပိုး ဆူဝမ်နာထက်က ယမန်နေ့က မြန်မာပြည်ခရီးစဉ်မှ ပြန်ရောက်လာရာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်းတို့နှင့် တွေ့ဆုံရာ ယခုကဲ့သို့ တောင်းဆိုကြောင်း ပြောသည်။

မြန်မာကာကွယ်ရေးဦးစီးချုပ်အနေဖြင့်အမေရိကန်တို့၏ မြန်မာတို့အပေါ် တောင်းဆိုထားသောနိုင်ငံရေး လိုအပ် ချက်များ မပြည့်မီမှာ စိုးရိမ်နေကြောင်းလည်းထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။ ထိုင်းကာကွယ်ရေးဝန်ကြီးက သူ့အနေဖြင့် အမေရိကန်စစ်ဘက်ကို နားချပေးရန် ဆန္ဒရှိကြောင်းလည်း ဆိုသည်။

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုသည် အမေရိကန်နှင့် ထိုင်း စစ်တပ်များ နှစ်စဉ် ဧပြီလနှင့် မေလများတွင် ရက်သတ္တပါတ် ၆ ပါတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်သည်။ ထိုင်းနိုင်ငံသည် ပစိဖိတ်ဒေသရှိ အမေရိကန်၏ စစ်ရေးမဟာမိတ် ၅ နိုင်ငံထဲမှ တနိုင်ငံဖြစ်သည်။ အခြားနိုင်ငံများမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ နှင့် ဖိလစ်ပိုင်တို့ဖြစ်သည်။

ဇွန်လတွင် စင်ကာပူ၌ ကျင်းပခဲ့သော အာရှ-ပစိဖိတ်ဒေသလုံခြုံရေးဆွေးနွေးပွဲတွင် မြန်မာကာကွယ်ရေး ဝန်ကြီးက သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးကို မြန်မာ့တပ်မတော်အနေဖြင့် ရာခိုင်နှုန်းပြည့် ထောက်ခံကြောင်း၊ မြောက်ကိုရီးယားနှင့် ပူးပေါင်းသည့် ညူးကလီးယားအစီအစဉ်ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားအပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပါနတ်တာက ၂ နိုင်ငံစစ်ဘက်ဆက်ဆံရေး တိုးမြှင့်သွားရန် ကြိုးပမ်းမည်ဟု ကတိပေးပြောဆိုခဲ့ဖူးသည်။

ဒေသအတွင်း အင်အားကြီးမားလာနေသော တရုတ်နိုင်ငံ၏ ဩဇာကို ထိန်းညှိရေး မြန်မာအစိုးရက အမေရိကန်အစိုးရ၏ အကူအညီကို လိုအပ်နေသလိုအမေရိကန်အနေဖြင့်လည်း မြန်မာအစိုးရ ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုထောက်ခံကာ ၁၉၈၈ နောက်ပိုင်း ယိုယွင်းသွားခဲ့သည့် ၂ နိုင်ငံ သံတမာန်ဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်လာခဲ့သည်။

လာမည့် စက်တင်ဘာလတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်မှ ချီးမြှင့်သောဆုအား လာရောက်လက်ခံယူရန် အမေရိကန်က ဖိတ်ကြားထားရုံမက သမ္မတဦးသိန်းစိန်ကိုလည်း လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်းလည်း သိရသည်။
ဧရာဝတီ

ALP ဆက်ဆံရေးရုံး ဖွင့်ရက် ရွှေ့ဆိုင်း





                                             ALP အဖွဲ့နှင့် အစိုးရ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့
                             စစ်တွေမြို့ပေါ်တွင် တွေ့ဆုံ ဆွေးနေကြစဉ် (ဓာတ်ပုံ - alpbranchmalaysia.blogspot.com)


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ပထမဆုံး ဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့ရက်ကို ရခိုင်ပြည်နယ်က လက်ရှိ အကြမ်းဖက်မှု ပဋိပက္ခ အခြေအနေတွေကြောင့်ရွှေ့ဆိုင်းထားရတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ALP ရဲ့ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လက ဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့တာပါ။

အတွင်းရေးမှူး ဦးခိုင်သုခ က-

"အစိုးရကနေ ၁၄၄ ထုတ်ထားတဲ့ ကိစ္စနဲ့ တခြား မငြိမ်မသက်မှုလေးတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ အစိုးရဘက်ကနေ ခဏလေး ဆိုင်းထားဖို့ပြောနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ရုံးဖွင့်မယ့်ကိစ္စက နဲနဲ ကြန့်ကြာနေတာ ဖြစ်ပါတယ်။"

ALP အဖွဲ့ဟာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ပြီးခဲ့တဲ့ ဧပြီလ (၅) ရက်နေ့မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရထားတာပါ။

နောက်တဆင့်ဖြစ်တဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးရေး မတိုင်ခင်မှာတော့ ALP တပ်ဖွဲ့ဝင်တွေ နေရာချထားရေး ကိစ္စ ဆွေးနွေးဖို့ကျန်နေသေးတယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ALP ကို ၁၉၆၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

RFA Burmese


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့ ရေကြီး




လားရှိုးမြို့ ရပ်ကွက်(၁)တွင် တောင်ကျ ရေစီးဆင်း လာမှုကြောင့် ဈေးဆိုင်အတွင်း ပိတ်မိနေ သူများအား ရွှေ့ပြောင်း ပေးနေစဉ် ဓါတ်ပုံ - Eleven Media Group


လားရှိုးမြို့တွင် သြဂုတ်လ ၁၉  ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ အရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင့် လားရှိုးမြို့အ၀င် ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် မြေနိမ့်ပိုင်းကျသော ရပ်ကွက်များသို့ ရေ၀င်ရောက်မှုများရှိခဲ့ရာ လူနေအိမ်များမှ ပစ္စည်းများရေစီးနှင့်မျောပါခြင်း၊ အိမ်အချို့ပြိုကျခြင်း၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။


                                                                                       ဓါတ်ပုံ - Eleven Media Group 
သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်မှစ၍ တောင်ကျရေများ ပြင်းထန်စွာကျဆင်းလာပြီး လားရှိုးမြို့ ရပ်ကွက် ၁၊ ၇၊ ၈၊ ၉၊ ၁၁၊ ၁၂ တို့တွင် ရေစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
''မနက် ၈ နာရီလောက်ထိ  မိုးကသိပ်မသည်းဘူး။ ရေလည်းသိပ် မပါဘူး။ မနက် ၉ နာရီလောက်မှ တောင်ကျရေတွေကျလာတာ။ ၁၀ မိနစ်လောက်အတွင်း အိမ်ထဲကိုရေ တွေဝင်လာပြီး ပေါင်လောက်ထိ တက်လာတယ်။ ဒါနဲ့အားလုံး ကယ်ဆယ် ရေးစခန်းကို ရောက်လာတာ။ ဘေးအိမ်တချို့ဆို ပြိုကုန်တယ်''ဟု ရပ်ကွက်(၇) မှ ဒေသခံတစ်ဦးက ပြောပါသည်။
ရေကြီးမှုကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ရေကျော်နေစဉ် 
ဓါတ်ပုံ - Eleven Media Group


အလားတူ လားရှိုးမြို့အ၀င် လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင်လည်း လေးပေအထိ မြင့်တက်ရေကျော်လာမှုကြောင့် လားရှိုးမှရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်များနှင့် ၀င်ရောက်မည့်ယာဉ်များ မထွက်ခွာနိုင်၊ မ၀င်ရောက်နိုင် ဖြစ်ခဲ့ရသည်။ ''ဒီလောက်ရေကြီးတာတော့ လားရှိုးမှာ ဒါပထမဆုံး ကြုံဖူးတာပါ။ အခုအိမ်တွေထဲက ပစ္စည်းတွေ မျောပါကုန်တယ်။ အုတ်တံတိုင်းတွေ လွင့်ထွက်ကုန်တယ်။ မြောင်းကူးတံတားတွေ ကျိုးတယ်''ဟု ရပ်ကွက် (၁)မှ ဒေသခံတစ်ဦးကပြောသည်။
လားရှိုးမြို့ ရပ်ကွက်(၁၂)တွင် လည်းအိမ်ခြေ ၂၀၀ ခန့်ထိရေ၀င် ရောက်ခဲ့ပြီး မန်ဆူမှ ဟူးမွန်သွား လမ်းတံတားပေါ်လေးပေခန့်အထိ ရေကျော်ခဲ့ကြောင်း၊ ရပ်ကွက်(၅)တွင်  မန်အိုင်တောင်ကုန်းပေါ်မှ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ခိုင်ရွှေဝါလမ်းပေါ် ရေကျော်ခဲ့ရာ ရေထွက်ပေါက်ရစေရန် အုတ်တံတိုင်းများ ဖြိုပေးခဲ့ရကြောင်း သိရသည်ဟု Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

 Eleven Media Group