Friday, October 26, 2012

ရခိုင်ပြည်နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မူများကို အမြန်ဆုံး ရပ်ဆိုင်းရန် သက်ဆိုင်သူများအားလုံး ကြိုးပမ်းသင့်ကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံးက ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြ




ရခိုင်ပြည်နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မူများကို အမြန်ဆုံး ရပ်ဆိုင်းရန် သက်ဆိုင်သူများအားလုံး ကြိုးပမ်းသင့်ကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံးက ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။
အောက်တိုဘာ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ၎င်းအဖွဲ့၏ ကြေညာချက်ထဲတွင် ဘင်္ဂလီ လူမျိုးများနှင့် ရခိုင် တိုင်းရင်းသားများအကြား ဖြစ်ပေါ်နေသည့် ပြဿနာများကို အမြန်ဆုံး ရပ်တန့်ရန် ကြိုးစားသင့်ကြောင့် မေတ္တာရပ်ခံထားသည်။

“အခုဖြစ်နေတဲ့ ပြဿနာကို ရှေ့ကို ဆက်မဖြစ်ဖို့ ရပ်တန့်သင့်ပြီးဖြစ်ပါတယ်။ ပြဿနာဖြစ်နေတဲ့ လူမျိုး နှစ်ခုစလုံးက လက်ခံစဉ်းစားစေချင်တဲ့ အတွက် ကျမတို့ အခုလိုမေတ္တာရပ်ခံချက်ထုတ် တာဖြစ် ပါတယ်” ဟု ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

ထို့အပြင် “ယခု ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုတွင် သံဃာတော်များပျံလွန်တော်မူရခြင်း၊ ထိခိုက်နာကျင် မှုဖြစ်ရခြင်း  လူအများအပြား သေဆုံးနေခြင်း၊ သွေးထွက်သံယို၊ အနာတရ ဖြစ်နေကြရခြင်းတို့ ကို ကြားသိရ၍ မိမိတို့ မှ များစွာ စိတ်မကောင်း ခံစားနေရပါသည်။ ရခိုင်ပြည်အတွင်း ယခုဖြစ်ပေါ် နေ သော ဆူပူ အကြမ်းဖက်မှုများသည် ရခိုင်ပြည်အတွက်သာမက မြန်မာတစ်နိုင်ငံအတွက် အထူးစိုး ရိမ်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာ အန္တရာယ် ဆိုးကြီး ဖြစ်ကြောင်းမိမိတို့မှ အခိုင်အမာသုံး သပ်လျှက် ရှိနေပါသည်” ဟု ကြေငြာချက်က ဆိုသည်။

ယခု ဖြစ်ပွားနေသည့် ပြဿနာသည် ရေရှည်ဖြေရှင်းရမည့်ပြဿနာဖြစ်ပြီး ရည်တို ရည်ရှည် စီမံကိန်း များ ချမှတ်ကာ အဖြေရှာရမည်ဖြစ်သလို ယခုကဲ့သို့ ပြဿနာများဖြစ်နေလျှင် အဖြေရှာရန် အခက် အခဲ ရှိမည် ဖြစ်ကြောင်းလည်း သူမက ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့က မင်းပြားမြို့မှ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီ လူမျိုးများအကြား စတင်ဖြစ်ပွားသည့် ပြဿနာမှာ မြောက်ဦး၊ မြေပုံနှင့် ကျောက်ဖြူမြို့များသို့ ကူးစက်ခဲ့သည်။

ယခုကဲ့သို့ ပြဿနာဆက်ဖြစ်နေလျှင် ရခိုင်ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်ကြ ရမည်ဖြစ်ပြီး တဦးကိုတဦး ယုံကြည်မှုပျက်ပြားကာ ရခိုင်ပြည်နယ်အခြေအနေမှာ အဆိုးဘက်ကို ဦး တည်သွားနိုင်ကြောင်းလည်း သူမကဆက်ပြောသည်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် မူဆလင်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် တောင်းဆို ပြောကြားနေမူ အပေါ်တွင်လည်း  ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ပြောသည်။

“အစိုးရဖြစ်စေ၊ ကုလသမဂ္ဂဖြစ်စေ ဒေသခံလူထုရဲ့ ဆန္ဒကိုလေးစားဖို့လိုတယ်။ အတင်းအဓမ္မလုပ် လို့ ရမှာ မဟုတ်ဘူး။ အတင်းအဓမ္မလုပ်ရင် ပြဿနာက ဆက်လာနိုင်တယ်။ ဒါကြောင့် အခုဖြစ်တဲ့ ပြဿနာရဲ့ အရင်း အမြစ်ကို ရှာဖို့လိုတယ်။”

အောက်တိုဘာလ ၂၂ ရက်နေ့မှစတင် ဖြစ်ပွားသည့် အဓိကရုဏ်းကြောင့် မြောက်ဦးနှင့် မင်းပြားမြို့ နယ်တွင် လူနေအိမ်ပေါင်း ၂၀၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ရပြီး အသေအပျောက် အများအပြား ရှိနေကာ  ဒဏ်ရာရသူများလည်း  ရှိနေကြောင်း သိရသည်။
နိရဉ္စရာ သတင်းဌာန  

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကို အစိုးရက ထိရောက်စွာ ဖြေရှင်းရန် NLD တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားနေသော ပဋိပက္ခများ ထိန်းသိမ်းရေးရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် လုံခြုံရေးတာဝန်ရှိသူများ ထိထိ ရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က တိုက်တွန်းလိုက်သည်။
ဇွန်လအတွင်းက စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် လူမှုအသိုက်အဝန်း နှစ်ခုအကြား အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သော NLD က အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ထကြွလာသော ဆူပူအကြမ်းဖက်မှုများအပေါ် ကြာသပတေးနေ့ ရက်စွဲဖြင့် တရားဝင် သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

“ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီ လူမျိုးတို့အကြား” ဖြစ်ပွားခဲ့သော “ပဋိပက္ခများကို ထိန်းသိမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေနေရး အတွက် နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုဝီရိယ စိုက်ထုတ်ဆောင်ရွက်ရန် လိုအပ်နေပါသည်” ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ထို့ပြင် “ပိုမိုထိရောက်သော လုပ်ဆောင်မှုများ အမြန်ဆုံးဆောင်ရွက်ရန်” လည်း ထပ်မံတိုက်တွန်းထားသည်ကို တွေ့ရ သည်။

တနင်္ဂနွေနေ့က ပြန်လည်စတင်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများတွင် အနည်းဆုံး လူ ခြောက်ဦး သေဆုံးကာ ၂ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

နိုင်ငံပိုင် သတင်းစာများအရမူ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး မြို့နယ်များအတွင်း “လူမျိုးစုအချင်းချင်း ပဋိပက္ခ ဖြစ်ပွားမှုများ” ကြောင့် လူ သုံးဦး သေဆုံးကာ ၃၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အိမ်ခြေ ၁,၈ဝဝ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြည်နယ်နှင့် တိုင်းပြည်အတွင်း ဆုံးရှုံးမှုများနှင့် ပတ်သက်၍ ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့ကလည်း အကြမ်းဖက်မှု များ ရပ်တန့်ရန်နှင့် အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသတွင်း တည်ငြိမ်ရေး၊ အသက်အိုးအိမ်လုံခြုံစေရေး စသည့် အစိုးရ တရပ်၏ လုပ်ဆောင်ရမည့် တာဝန်ကို အပြည့်အဝ တာဝန်ယူ လုပ်ဆောင်ကြရန် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

“သွေးထိုးလှုံ့ဆော်မှုနှင့် ထောင်ချောက်များအထဲကို ဝင်မသွားဖို့ သတိကြီးစွာ ထားသင့်ပေသည်။ မူဆလင်များဖက်မှ လည်း ဒေသခံ ရခိုင်လူမျိုးများကို အကြမ်းဖက် တိုက်ခိုက်ခြင်းမျိုး ဆက်မလုပ်ကြဖို့၊ ရခိုင်အမျိုးသားများ အနေဖြင့် လည်း ရန်ကို ရန်ချင်း တုန့်ပြန်မည့်အစား မိမိတို့နည်းဟန်ဖြင့် မိမိတို့ လုံခြုံရေးကို စည်လုံးညီညွတ်စွာဖြင့် ကာကွယ်စောင့်ရှောက်ကြရန်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပ၊ အမေရိကန်၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့တွင် ရောက်ရှိနေသော ရခိုင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ အဆိုပါကြေညာချက်တွင် ယခုကဲ့သို့ ဆက်လက် အကြမ်းဖက် နေကြပြီး အစိုးရ အာဏာပိုင်များကလည်း ပြီးစလွယ် လုပ်နေကြလျှင် ရခိုင်အရေးအခင်းသည် မြန်မာနိုင်ငံအတွင်း သာမက ဒေသတွင်း မငြိမ်မသက်မှုများနှင့် နိုင်ငံတကာ ပြဿနာအဖြစ်သို့ ရောက်ရှိလာကာ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း သုံးသပ်ထားသည်။

ကြာသပတေးနေ့ နံနက် ၈ နာရီခွဲချိန်တွင် ရသေ့တောင်မြို့နယ် မဇဲကမ်း၊ ညောင်ပင်ကြီးကျေးရွာ အနီး စုဝေး ရောက်ရှိလာသော ရခိုင်များကို လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကျွမ်းကြီးရွာမှ လှသိန်းမောင်၊ ကပ်ချောင်းကျေးရွာမှ အောင်ဇံဝေတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခြောက်ဦး ကျည်ဆံထိမှန်မှု ရှိခဲ့သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟုလည်း သတင်းရရှိသည်။

လက်ရှိ ရခိုင်ပြည်နယ် အစိုးရအနေဖြင့် အသေးစိတ် အချက်အလက်များကို မကြာမီ သတင်းထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရ သတင်းပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
မဇ္ဈိမသတင်းဌာန 

သမ္မတကြီးအနေဖြင့် ကုရ်ဘာရီပြုလုပ်မှုနှင့်ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိပါကြောင်းသမ္မတရုံး ထုတ်ပြန်



အ သိ ပေး ချက်
=========
လတ်တလော ဖြစ်ပေါ်နေသည့် သတင်းများအရ သတင်းမီဒီယာများက မကြာခဏမေးမြန်းလာသဖြင့် အောက်ပါအတိုင်း အသိပေးအပ်ပါသည်-

နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့သည် (၂၀-၁၀-၂၀၁၂)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်းကောင်း၊ (၁၉-၁၀-၂၀၁၂)ရက်နေ့တွင် ထုတ်လွှင့်သည့် နိုင်ငံပိုင်ရုပ်/
သံ၊ အသံလွှင့်ဌာနများ၏ ထုတ်လွှင့်ချက်တွင်လည်းကောင်း (၂၇-၁၀-၂၀၁၂) ရက်နေ့သည် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
ာ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ တွင် အောက်ပါအတိုင်း အတိအလင်း ပြဌာန်းထားပါသည်-

"ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်။"
လက်ရှိ မေးမြန်းလာကြသော မေးခွန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းထင်ရှားစေခြင်းငှာ အောက်ပါအတိုင်း ဖြေကြားအပ်ပါသည်-
"နိုင်ငံတော်သမ္မတကြီးအနေဖြင့် ကုရ်ဘာရီပြုလုပ်မှုနှင့်ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိပါကြောင်း" အသိပေးအပ်ပါသည်

ရခိုင်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံသည့် ကိစ္စသမ္မတရုံး ထုတ်ပြန်




၁။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

၂။ ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် နိုင်ငံတော်နှင့် ပြည်သူများ၏ ဝိုင်းဝန်းကူညီ ထောက်ပံ့မှုများ အဓိကကျသလို နိုင်ငံတကာမှ လူသားချင်း စာနာထောက်
ထားမှုထောက်ပံ့ကူညီမှုများသည်လည်း တစ်တပ်တစ်အား ဖြစ်ကြောင်း သိရှိထားပါသည်။ ဆိုလိုသည်မှာ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည် ဟု ခံယူထားသလို ပြည်ပမှ အပြုသဘော ထောက်ပံ့မှုသည်လည်း အကျိုး ရှိသည် ဟူသော သဘော ဖြစ်ပါသည်။

၃။ ရခိုင်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုင်းအဝိုင်းအားလည်း လူသားချင်းစာနာထောက်ထားမှုဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို လက်ခံမည် ဖြစ်ကြောင်း၊ သို့သော်လည်း လူမျိုးဘာသာ မခွဲခြားဘဲ အညီအမျှ ပေးအပ်စေလိုကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပါသည်။

၎။ နိုင်ငံတကာတွင်လည်း ထိုကဲ့သို့သော ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ပါက ဝိုင်းဝန်းကူညီကြသည့် သဘောသဘာဝ ရှိသလို မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လိုက်လျောညီထွေ ဆောင်ရွက်ရပါသည်။ အထူးသဖြင့် ယခုကဲ့သို့ နိုင်ငံတကာဆက်သွယ်ဆက်ဆံမှုများ ပိုမို ကျယ်ပြန့်လာနေသည့် အချိန်အခါမျိုးတွင် ပိုမို၍ အလေးထားရန် လိုအပ်ပါသည်။

၅။ သို့ပါ၍ လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးနှင့် လူသားချင်းစာနာထောက်ထားမှု (၂)ခုစလုံးကို ချိန်ဆ ဆောင်ရွက်နေရသည့် အခြေအနေများကို သိမြင်နားလည်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Hmuu Zaw