Monday, August 6, 2012

NASA အာကာသယာဉ် အင်္ဂါဂြိုလ်ပေါ် ဆင်းသက်

Curiosity အာကာသယာဉ်လွှတ်တင်တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးအဖွဲ့ ဂြိုဟ်ပေါ် ယာဉ်ရောက်ချိန် ပျော်ရွှင်မှု။ 
 06.08.2012
အမေရိကန် အာကာသ သိပ္ပံဌာန နာဆာအဖွဲ့ရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်နိုင်ခဲ့ပါပြီ။ ဒါဟာဆိုရင် ဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိမရှိ စူးစမ်းလေ့လာဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတခုကို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။
ကျူရီယိုစီတီ (curiousity) လို့ အမည်ပေးထားတဲ့ အလေးချိန် တတန်လောက်ရှိတဲ့ စူးစမ်းလေ့လာရေး ယာဉ်ဟာ ၈ လ ကြာ ခရီးနှင်ခဲ့ပြီးတဲ့နောက် တနင်္လာနေ့ စောစောပိုင်းမှာ အင်္ဂါဂြိုဟ်ဆီကို ရောက် ရှိသွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ချိန်မှာ နာဆာအဖွဲ့ရဲ့ ထိန်းချုပ်ရေးစခန်းက ၀န်ထမ်းတွေ ပျော်ရွှင် အော်ဟစ်သံတွေ သောသောညံသွားခဲ့ပါတယ်။
ဂြိုဟ်ပေါ်ကို ဆင်းသက်သွားခဲ့တယ်လို့ အတည်ပြုနိုင်ပြီး ချက်ချင်းဆိုသလို စူးစမ်း လေ့လာရေး ယာဉ်ဆီကနေ ပို့ပေးလိုက်တဲ့ ပထမဦးဆုံး ဓာတ်ပုံကို ထိန်းချုပ်ရေးစခန်းက လက်ခံရရှိခဲ့ပါတယ်။
တနာရီကို မိုင် တသောင်းသုံးထောင်ကျော် အရှိန်နဲ့ဆင်းသက်လာတဲ့ ကျူရီယိုစီတီ အာကာသယာဉ် ကို နှေးကွေးသွားအောင် လေထီးအငယ်စား ရော့ကက်ဒုံးနဲ့ မောင်းတံတွေ အသုံးပြုခဲ့ရပါတယ်။ ဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်ကို ဆင်းသက်တဲ့အဆင့်ဟာ အခုကြိုးပမ်းမှုတခုလုံးရဲ့ အခက်ခဲဆုံး အဆင့်ဖြစ်တယ်လို့ နာဆာ သိပ္ပံပညာရှင် တွေက ပြောပါတယ်။
အခုအောင်မြင်မှုဟာ မကြုံစဖူး ထူးခြားတဲ့ နည်းပညာရပ်ဆိုင်ရာ အောင်မြင်မှုဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက ပြောဆိုပါတယ်။ အမျိုးသားတရပ်လုံးအတွက် ဂုဏ်ယူစရာလည်း ဖြစ် ပါတယ်လို့ သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်၊

မန္တလေးကိုင်းတန်းဈေးသူဈေးသားများဆန္ဒထုတ်ဖော်

သြဂုတ်လ ၆ ရက်နေ့ ည ၁၁ ခန့်မှ စတင်ပြီး မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း ၂၆ ဘီ လမ်းရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ကိုင်းတန်းဈေးသူဈေးသား ၅၀၀ ခန့်မှ မူလဈေးနေရာတွင် ဆက်လက်ရောင်းချခွင့် ရရှိရန် တောင်းဆိုဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြကြောင်း သိရှိရပါသည်။
Eleven Media Group

ကျောက်တော်တွင်နေအိမ်၁၆၀ကျော်ခန့်မီးရှို့ခံရ

မြန်မာနိုင်ငံကို ဝေဖန်သူများကလက်ညိုးထိုး ပြစ်တင်စရာ ရေပန်းစား ခေါင်းစဉ်တစ်ခု ဖြစ်လာနေသည့် နိုင်ငံ၏အနောက်ဖက် ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူအကြမ်းဖက်မှု ထပ်မံဖြစ်ပွါးခဲ့ကြောင်း၊ နေအိမ်ပေါင်း၁၆၀ကျော် မီးရှို့ခံရပြီး လူသေဆုံးမှုများ လည်းရှိကြောင်း အဆိုပါ မြို့နယ်ရှိရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများထံမှသိရှိရသည်။
အဆိုပါ အကြမ်းဖက်မှုသည် ကျောက်တော်မြို့  အပေါက်ဝ ကျေးရွှာမှ ကျောက်တော်မြို့  ပေါ်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်လာသော ရခိုင်တိုင်းရင်းသား တစ်ဦးကို သြဂုတ်လ ၅ရက်နေ့ နေ့လယ် ၁နာရီ ခန့်က ကျောက်တော်မြို့အ၀င် ကစ္စပနဒီ တံတားအနီးတွင် ဘင်္ဂါလီလူမျိုး လေးဦးခန့်က ဓါးဖြင့် ခုတ်ရာမှ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြန်ကြားရေးမှူး ဦးဦးစံသိန်းက ပြောကြားသည်။“သေတော့ မသေခဲ့ဘူး။ ဓါးတွေနဲ့ ၀ိုင်းခုတ်တာမှာ ထွက်ပြေးလို့ တင်ပါးမှာ ဒဏ်ရာရသွားတယ်။“ ဟု ၄င်းက ဆိုသည်။
ယင်းဆူပူမှုဖြစ်ပွါးအပြီး ၁၅မိနစ်ခန့် အကြာ ဂုတ်ပီထောင့် ကျေးရွှာ၊ အပေါက်ဝ ကျေးရွှာနှင့် ရွှေလှိုင်ကျေးရွှာတို့တွင် မီးရှို့မှုများဖြစ်ပွါးခဲ့သဖြင့် လူနေအိမ် ၁၆၀ကျော် မီးရှို့ခံခဲ့ရပြီး လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း၊ သေဆုံးသူ စာရင်းများကို အတိအကျ မသိရှိနိုင်သေးကြောင်း ဒေသခံများထံဆက်သွယ်မေးမြန်းချက်များအရသိရှိရသည်။
အဆိုပါကျေးရွှာများတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ နေထိုင်ကြပြီး ဘင်္ဂါလီလူမျိုးများက ၄င်းတို့၏ နေအိမ် များကို ကိုယ်တိုင်မီးရှို့ထွက်ပြေးမှု အများဆုံးဖြစ်ကြောင်း၊ အချို့နေရာတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် မီးရှို့ခဲ့ကြကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများကို ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။
ယင်းဆူပူမှုများကို ကျောက်တော်မြို့ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက မီးရှို့ခံရသော ကျေးရွှာများကို ဆူပူမှု ထပ်မံမဖြစ်ပွါးစေရန် ၀င်ရောက်ထိန်းသိမ်းလျှက်ရှိကြောင်း၊ အဆိုပါ ဆူပှုအကြမ်းဖက်မှုများ ဖြစ်ပွါးနေသည်မှာ မှန်ကန် သော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အဆိုပါအစိုးရအဖွဲ့ သတင်း ပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက အတည်ပြု ပြောကြားသည်။
ကျောက်တော်မြို့နယ်တွင် နေထိုင်သူ လူဦးရေ စုစုပေါင်း တစ်သိန်းခန့် ရှိပြီး ရခိုင်တိုင်းရင်းသား အပါအ၀င် တိုင်ရင်းသား လူမျိုး ၆၀ရာခိုင်နှုန်းခန့်ရှိပြီး ဘင်္ဂါလီလူမျိုး ၄၀ရခိုင်နှုန်းခန့် နေထိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးသာစိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန၏ စာရင်းဇယားကို ကိုးကားကာ ပြောကြား သည်။
The Voice Weekly

The Voice Weekly နှင့် Envoy ဂျာနယ်တို့ ပြန်လည် ထုတ်ခွင့်ပြု

ဇူလိုင်လ ၃၁ရက်နေ့တွင်အပတ်စဉ်ထုတ်ဂျာနယ် ၂ စောင်ကိုထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ရာမှ လာမည့် သတင်းနှစ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်း စာပေစိစစ်ရေးမှ ဂျာနယ်အယ်ဒီတာများအား ယနေ့ခေါ်ယူအသိပေးလိုက်သည်။ The Voice Weekly မှ သတင်းထောက်တဦးက စာပေစိစစ်ရေးက ခေါ်လို့ဒီနေ့ညနေ ၄ နာရီကျွန်တော်တို့ဆီ ကအယ်ဒီတာ စိစစ်ရေးရုံးသွားနေပါတယ် ၊ ၂ ပတ်အတွင်းပြနထုတ်ခွင့်ပြုတယ်လို့ ကြားပါတယ် ဟုအတည်ပြုပြောဆိုသည်။
ယင်းဂျာနယ်နှစ်စောင်မှာစာပေစိစစ်ရေး၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့်အတွက် ကြာင့်ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ကြောင်း ယခင်သတင်းပတ်က သတင်းဂျာနယ်အယ်ဒီတာများကိုခေါ် ယူပြောဆိုခဲ့သည်။

သတင်းအပြည့်အစုံ ဖတ်ရန်

ကျောက်တော်မြို့နယ် နောက်ဆုံးအခြေအနေ နှင့် ဆူပူမှုအတွင်း လူသေဆုံး


ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀) ကျော် ကွာဝေးတဲ့ ကျောက်တော် မြို့နယ်က မူဆလင် အိမ်ခြေ အများဆုံးရှိတဲ့ ကျေးရွာ (၃) ရွာ မနေ့က မီးရှို့ခံခဲ့ရပြီး သေဆုံးသူ တချို့ ရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီကနေ့ နေလည်ပိုင်းမှာလည်း နောက်ထပ် ရွာတစ်ရွာ မီးရှို့ခံခဲ့ရတယ်လို့ ကျောက်တော် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"နောက်ဆုံး အခြေအနေက ဒီနေ့နေ့လည် ၁၁ နာရီမှာ ကျွန်တော်တို့ ရွာညာရွာဆိုတာ အိမ်ခြေ ၁၁၀၊ ၁၃၀ လောက်ပဲ ရှိတဲ့ ရွာပါ။ ရွာသေးသေးလေးပါပဲ။ ဒါပေမဲ့ သူ့ပတ်ခြာလည်မှာတော့ ရခိုင်ရွာတွေပေါ့နော်။ အဲဒီရွာကို နေ့လည် ၁၁ နာရီမှာ မီးရှို့တယ်ဗျ။ မီးရှို့တော့ အခု ၁ နာရီခွဲလောက်မှာ အကုန်လုံး တစ်အိမ်မှမကျန် အကုန်လုံးပါသွားခင်ဗျ။ အားလုံးကလည်း ကစဥ့်ကလျားနဲ့ သွေးပျက်ပြီး ထွက်ပြေးနေရတဲ့ အချိန်ဆိုတော့ ကျွန်တော်တို့ တိတိကျကျတော့ မသိရသေးဘူးဗျ။ ဒါပေမဲ့ ဖြစ်ဖြစ်ခြင်း အပေါက်ဝဆိုတဲ့ မြို့မှာ၊ အပေါက်ဝဆိုတာ ဒါဒုတိယအကြိမ် မီးရှို့ခံရတာပါ။ ပထမတစ်ကြိမ်က ၁၅ ရက် ၆ လမှာ တစ်ကြိမ်လောင်ပြီးတော့ ၄၆ အိမ် ပါပြီးပြီ။ ဒုတိယတစ်ကြိမ် ထပ်လောင်တာက အဲဒီမှာ အိမ် ၅၀ ကျော်ပါတယ် ပြောတယ် ထပ်ပြီးတော့၊ နောက်ထပ် အဲဒီမှာ လူ ၄ ယောက်သေတယ် ပြောပါတယ်ဗျ။ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက်"
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဒဏ်ရာရသူ (၂) ဦးရှိပြီး အသေအပျောက် စာရင်းကို မရရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
"ကျောက်တော်မြို့နယ် အခု ဖြစ်တာတော့ ဟုတ်တယ်ဗျ။ ဒါပေမဲ့ ဘယ်သူရှို့တယ်ဆိုတာ စုံစမ်းတုန်းရှိနေသေးတယ်။ အသေအပျောက်တော့ မကြားသေးဘူးခင်ဗျ။ ဒဏ်ရာရတာတော့ ကြားတယ်ခင်ဗျ။ အတိအကျတော့ ကျွန်တော်တော့ မသိသေးဘူး။ အဲဒီမှာ မီးရှို့တာ ဘယ်သူရှို့မှန်းကို မသိသေးဘူး ဖြစ်နေတယ်အခုက၊ ရခိုင်အိမ်တွေရော၊ ကုလားအိမ်တွေရော ဆိုတော့လေ။ ကျွန်တော်တို့ အခုသိရတာက ဒဏ်ရာရတာ နှစ်ယောက်လို့ ကြားပါတယ်"
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလိုအပ်လာတယ်လို့ ပြောပါတယ်။
"တချို့ကဏ္ဍတွေမှာက ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်က ရှိတယ်လို့ မတွေ့ရဘူး။ အပေါ်ကပဲ အဲလိုမျိုး ဆင်းလာတယ်။ ဒီပြည်နယ်မှာ ပြည်နယ်နဲ့ ပတ်သက်တဲ့ အခြေအနေ အတိုင်းအတာကို ပြည်နယ်အစိုးရက အများသိပါတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်က လုပ်ချင်တဲ့ကဏ္ဍတွေ၊ ဖြစ်ချင်တဲ့ကဏ္ဍတွေပေါ့၊ လုပ်ပိုင်ခွင့်မရဘဲ အဲဒီအပေါ်လို့ခေါ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေက လာတယ်။ ဒု ဝန်ကြီးတွေက လာတယ်။ အဲတာတွေ command ပေးတဲ့ အောက်မှာပဲ လုပ်နေရတဲ့ သဘောမျိုးဆိုတော့ အဲတာ တိုင်ပင်မှုကဏ္ဍတွေက ဒီဘက်က အခြေအနေတွေကို အမှန်တကယ် အောက်ခြေအထိ လေ့လာမှုမရှိပဲ အပေါ်ကပဲ command ပေးနေတဲ့ ကဏ္ဍတွေမှာ အဲဒီလိုမျိုး ဖြစ်လာတဲ့ အတိုင်းအတာမှာ အဓိကရုဏ်းက ပြီးသွားမှာ မဟုတ်ဘူး။ တခြားမြို့ တွေကိုလည်း ကူးဆက်သွားမဲ့ အတိုင်းအတာမျိုးကိုတော့ မြင်နေရတယ်"
ကျောက်တော်မြို့နယ် အပေါက်ဝ၊ ဂုတ်ဘီထောင့်၊ ရွှေလှိုင်နဲ့ တောင်ပေါက် စတဲ့ကျေးရွာတွေမှာ မနေ့က သြဂုတ်လ (၅) ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အပြန်အလှန် နေအိမ်မီးရှို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ဂျင်ကလိတွေ၊ လေးဂွတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ရာကနေ စတင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က နေ့လည် (၁) နာရီခန့်မှာ အဲဒီလို နေအိမ်မီးရှို့မှုတွေကြောင့် အိမ်ခြေ (၁၀၀) ခန့်ရှိတဲ့ ကျောက်တော်မြို့နယ် ဂုတ်ဘီထောင် ကျေးရွာမှာလည်း နေအိမ် (၅၃) လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံး သွားတယ်လို့ ဂုတ်ဘီထောင် ကျေးရွာသား တစ်ဦးဖြစ်သူ ကိုမျိုးထွန်းလှိုင်က RFA ကိုပြောပါတယ်။
ဒါ့အပြင် မနေ့က နေ့လည် (၂) နာရီခန့်အချိန်က အိမ်ခြေ (၁၀၀၀) ကျော်ခန့်ရှိတဲ့ အပေါက်ဝ ကျေးရွာမှာ ရခိုင်နဲ့ ဘင်္ဂါလီနေအိမ် (၂၅) အိမ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ရွှေလှိုင်ကျေးရွာမှာ အိမ်ခြေ (၁၀၆) လုံးခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အခုလို ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေ ပဋိပက္ခတွေ အပြန်အလှန် ဖြစ်ပွားနေတဲ့အချိန်မှာ အပေါက်ဝကျေးရွာမှာတော့ အာဏာပိုင်တွေနဲ့ စစ်တပ်က အချိန်မီ ထိန်းသိမ်းခဲ့ပေမယ့် ဂုတ်ဘီထောင် ကျေးရွာမှာတော့ အာဏာပိုင်တွေက အခင်းဖြစ်ပြီး (၃) နာရီလောက်အကွာမှာ ရောက်ရှိလာတဲ့အတွက် မီးလောင်ဆုံးရှုံးမှု ပိုမို များပြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ ကျောက်တော်မြို့မှာ အခြေအနေတွေ တင်းမာလျက်ရှိနေပြီး လုံခြုံရေးတွေကို တင်းကျပ်စွာ ချထားတယ်လို့ သိရပါတယ်။


RFA Burmese

အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရ


သြဂုတ် ၆၊ ၂၀၁၂ (YPI)
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ ရွာအချို့ကို  အကြမ်းဖက်သူများက ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တော်မြို့နှင့် ငါးမိုင်ခန့် အကွာရှိ ဂုပိတောင်ရွာ စတင်မီးရှို့ခံရကာ အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရသည်။
  “သေတဲ့သူတွေကို ချောင်းထဲ ပစ်ချသွားကြလို့ ဒီနေ့မှ ပြန်ရှာတွေ့တာ…
သတင်းအပြည့်အစုံဖတ်ရန်

ဒေါက်တာစင်သီယာမောင်နှင့်ရထားပို့ဆောင်ရေးဝန်ကြီးဦးအောင်မင်းတွေ့ဆုံ

ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနဲ့ ဇနီးဒေါ်ဝေေ၀သာတို့ပါဝင်တဲ့ အဖွဲ့ဟာမယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နဲ့ တွှေ့ဆုံကာ မယ်တော် ဆေးခန်းက လူနာတွေကို မြ၀တီဆေးရုံနဲ့ မဲဆောက်ဆေးရုံတို့မှာ လွယ်ကူချောမွေ့စွာ လွဲပြောင်းကုသပေးနိုင်ရေးအတွက် တနင်္ဂနွေနေ့ က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မယ်တော်ဆေးခန်းရဲ့ တာဝန်ခံ ဒေါက်တာစင်သီယာမောင်က အခုလို ဆွေးနွေးခဲ့ပါတယ်။
“မဲဆောက်ဆေးရုံနဲ့ မြ၀တီဆေးရုံနဲ့ မယ်တော်ဆေးခန်းနဲ့ လုပ်နိုင်မယ့်လုပ်ငန်းအစီအစဉ်အ အတွက်ကို လူနာလွဲပြောင်းတာပဲဖြစ်ဖြစ်သတင်းအချက်အလက်တွေဖလှယ်တာပဲဖြစ်ဖြစ် လုပ်ငန်းတွေအစီအစဉ်အတွက်ပဲ ကျမတို့ ဖော်လိုအပ်မိတင်တခုတော့ လုပ်ဖို့ လိုအပ်တယ် ပေါ့နော်။၂၀၀၈ခုနှစ်မတိုင်ခင်မွေးဖွားတဲ့ကလေးရှိတယ်။၂၀၀၈နောက်မှာမွေးဖွားတာရှိတယ် ဒီထိုင်းနိုင်ငံထဲမှာရှိနေတဲ့အချိန်မှာ သူတို့ ရရှိတဲ့ စာရွက်စာတမ်းတွေက ကွဲပြားမှုတွေရှိတယ် လေ သို့သော်လည်း သူတို့အားလုံးဟာ မြန်မာပြည်ထဲမှာ မေးစါရင်းပြန်လည်ရရှိဖို့တို့ နိုင်ငံသား ဖြစ်ရေး အဲဒီကိစ္စတွေကိုလည်း ခြုံငုံပြီးတော့ သိသွားပြီဆိုလို့ရှိရင်တော့ လုပ်မဲ့ပရောဆက်တွေ ရှင်းရှင်းလင်းလင်းဆွေးနွေးလို့ရမှာပေါ့။”
ဒေါက်တာဝေေ၀သာနဲ့အဖွဲ့ဟာ မယ်တော်ဆေးခန်းအတွက် ဒေါက်တာစင်သီယာမောင်ထံ ထိုင်းဘတ်ငွေ တစ်သိန်း လှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် ညနေပိုင်းမှာ မယ်တော်ဆေးခန်းကို ဖိတ်ကြားထားတဲ့ မဲဆောက်ဆေးရုံ ကြီးက တာဝန်ရှိသူတွေနဲ့လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကျန်းမာရေး ကုသမှုဆိုင် ရာ ကူညီဆောင်ရွက်ပေးနိုင် မယ့်အခြေ အနေတွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
မယ်တော်ဆေးခန်းကို ညနေပိုင်းမှာရောက်ရှိလာတဲ့်ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကတော့ ဒေါက်တာ စင် သီယာမောင်ရဲ့ တင်ပြဆွေးနွေးမှုတွေကို ကူညီဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း အခုလို ပြောပါတယ်။
“ဆေးခန်းမှာတက်နေတဲ့သူတွေကလည်း မြန်မာနိုင်ငံကတိုင်းရင်းသားတွေပါပဲ တိုင်းရင်းသား တွေရဲ့ အရေးကိစ္စက ကျနော်တို့ နိုင်ငံတော်အစိုးရရဲ့ ကိစ္စဖြစ်တယ် ဒါကြောင့်မို့ ကျနော်တို့က လာပြီးတော့ ဆရာမကြီးကို အားပေးတယ် ဆရာမကြီးလိုအပ်ချက်တွေကိုလုပ်ပေးမယ်။ နောက်ပိုင်းကြ ဆရာမကြီးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။အဲဒီအတွက် လာတာဖြစ်တယ်။ ကျနော်တို့ မြ၀တီဆေးရုံကို အဆင့်မြင့်ပါ့မယ်အခုကတော့ ဖစ်ပတီဘတ်ဂျက်ပဲဖြစ်တယ်။ အဲဒီမှာ စပယ်ရှယ်လစ်တွေကိုပို့ပေးမယ် အဲဒါတွေပြီးတဲ့အခါမှာ ဒီကဆရာမကြီးကနေ အမ်ဗြူလပ်ကားတစီးနဲ့ ဆရာမကြီးလက်မှတ်ထိုးပြီးတော့ ရီဖားလုပ်တဲ့လူနာအားလုံးကို ဟိုက လက်ခံပြီးကုသသွားမှာဖြစ်တယ်။ ကျနော်ထင်တယ် တစ်လနှစ်လအတွင်းမှာ ဒါတွေကိုစတင် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ဘတ်စတီဖီကိစ်တို့ ဘာတို့ညာတို့ကတော့ ဒါက ချက်ချင်း လုပ်လို့ရတဲ့ ကိစ္စပါ။”
မယ်တော်ဆေးခန်းမှာလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးက ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အဆင့်အလိုက် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်ပေးမဲ့ ရက်တိုသင်တန်းတက်စေပြီး အစိုးရအနေနဲ့ တရာဝင်လက်မှတ်ထုတ်ပေးကာ မြန်မာနိုင်ငံတ၀ှမ်း ဘယ်နေရာမှာမဆို လုပ်ကိုင်စားသောက်လို့ရတဲ့ အခြေအနေထိ ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ၀န်ကြီးဦးအောင်မင်းက ပြောဆိုခဲ့ပါတယ်။
မယ်တော်ဆေးခန်းကို ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့အတူ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာ ၀န်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း အပါအ၀င် ငြိမ်းချမ်းရေးအကြိုးတော်ဆောင်အဖွဲ့ကပုဂ္ဂိုလ်တွေလည်း လာရောက်ခဲ့ပါတယ်။

ရိုဟင်ဂျာ အရေး အမြန်ဆုံး အကောင်အထည်ဖော်ရန် သမ္မတထံ ရခိုင်ကိုယ်စားလှယ် အကြံပြု


ရန်ကုန် သြဂုတ် ၅
ရခိုင်ပြည်အတွင်း ၀င်ရောက်နေထိုင်နေကြသော ရိုဟင်ဂျာ အမည်ခံ လူမျိုးများ အရေးနှင့် ပတ်သတ်၍ နိုင်ငံတော် သမ္မတကြီး၏ ရဲရင့်ပြတ်သားစွာဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြံ ပြုခံကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရှိရသည်။နိုင်ငံတော်သမ္မတကြီးက ရခိုင်ပြည်အတွင်း ခိုးဝင် လာသည့် ရိုဟင်ဂျာ အမည်ခံများကို လက်ခံမည် မဟုတ်ကြောင်း၊ ယင်းတို့ ကို UNHCR (ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး)သို့ အပ်နှံပြီး ဒုက္ခသည်များ အဖြစ် ထားရှိကာ UNHCR က ကူညီ စောင့်ရှောက်ရန်နှင့် တတိယနိုင်ငံများက လက်ခံလျှင် ပြန်ပို့မည်ဟု ဇူလိုင်လ ၁၁ ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ကို ပြောကြားချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ရန် နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံရေးပါတီ ၁၄ ပါတီ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတကြီးထံ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဥက္ကဌ ဦးအေးသာအောင်က အကြံပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က ပြောကြားသည်။
“ရိုဟင်ဂျာကိစ္စနဲ့ ပတ်သတ်လို့ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို တိတိကျကျ မြန်မြန်ဆန်ဆန် လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်“ ဟု ဦးဦးလှမြင့်က ရှင်းပြသည်။
ပါတီအနေဖြင့် နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ရိုဟင်ဂျာများ၏ ဆူပူ အကြမ်းဖက်မှုများ ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများကို အသေးစစ်တင်ပြခဲ့ပြီး လက်ရှိကြုံ တွေ့နေရသော ကျောင်းသားများ၏ ပညာရေး၊ ဒေသခံ ပြည်သူများ၏ စီးပွားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပါအလေးထားဆောင်ရွက်ပေးစေရန် အကြံပြု ပြောဆိုခဲ့ ကြောင်း ၄င်းက ရှင်းပြသည်။
ရခိုင်ပြည်နယ်၏အဓိက စီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ယင်းစိုက်ပျိုး သီးနှံများဖြင့် ကူးသန်းရောင်းဝယ် နေကြခြင်းဖြစ်ကြောင်း ယခုအခါ ဒေသတွင်းရိုဟင်ဂျာများ၏ရန်ကြောင်း စိုက်ပျိုး ရေးလုပ်ငန်းများ အချိန်မည် မလုပ် ကိုင်နိုင်ဘဲရှိကြောင်း ၄င်းကထပ်မံပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူပအခွင့်အရေးခေါင်းဆောင်သောမတ်စ် အိုဟေးကင်တားနားကမူ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် လူ့သားချင်းစာနာထောက်ထားသော အကူညီများပေးအပ်ရန်လိုအပ်သည့်အပြင်၊ တရားဥပဒေစိုးမိုးရေး ခိုင်မာ လာရန်နှင့် တရားစီရင်ရေး၊ ဥပဒေပြုရေး တို့တွင် လူ့အခွင့်အရေးနှင့် ပက်သက်ပြီး ပိုမိုအလေးပေး ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ ရိုဟင်ဂျာများကို နိုင်ငံတာ လူ့အခွင့် အရေးနှင့် အညီ အပြည့်အ၀ရရှိဖို့ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သြဂုတ်လ ၄ရက်နေ့တွင် သတင်းသမားများကို ပြောကြားခဲ့သည်။
ယမန်နေ့က နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သော ပါတီများမှာ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသား ကွန်ဂရက် ပါတီ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ ပါတီ၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ခေတ်သစ် ပြည်သူ့ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်၊ ကရင် ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေး ပါတီနှင့် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြစ်ကြသည်။
facebook: voice 

စစ်တွေတက္ကသိုလ် ယနေ့ ပြန်ဖွင့်

ရခိုင်ပြည်နယ် တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် ယာယီ ပိတ်ထားခဲ့ရသော စစ်တွေ တက္ကသိုလ် ယနေ့ သြဂုတ်လ (၆)ရက်နေတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ ဦးရေ ၄၂၅၉ဦးရှိပြီး ယနေ့ ကျောင်းတက်သူ ၇၀ ဦးခန့်ရှိကြောင်းနှင့် ဆရာဆရာမ စုစုပေါင်း ၂၀၂ ဦးရှိကြောင်း သတင်းရရှိပါသည်။
စစ်တွေတက္ကသိုလ် လုံခြုံရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

eleven media group facebook