Saturday, August 25, 2012

ကားဈေးကွက်ကစားလို၍ ထွက်ပေါ်ခဲ့သည့် သတင်းမှားကြောင့် ကားအရောင်းအဝယ်ယာယီမြင့်တက်



မော်တော်ယာဉ်ပါမစ်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည်ဆိုသောကောလဟာလသတင်းအမှားများကြောင့် တစ်ပတ်အတွင်း ကားအရောင်း ပြခန်းများနှင့်ပြင်ပကားပွဲစားတန်းများတွင် ကားဝယ်ယူမှု သိသိသာသာမြင့်တက်ခဲ့ကြောင်းသိရသည်။

'' ဒီသတင်းဘယ်က ထွက်လာလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကောလဟာလထွက်တဲ့တစ်ပတ်အတွင်းလောက်မှာ ကားတွေ တော်တော် ရောင်းထွက်သွားတယ်။အများဆုံးရောင်းရတာတော့ ၁၃၅ဝစီစီ ကားတွေပဲ။ တစ်ပတ်အတွင်း ၁၅စီးလောက်ကိုထွက်သွားတယ်။ အခုတော့ ပြန်ငြိမ်သွားပါပြီ'' ဟု Myo Motor Services co.ltdပိုင်ရှင် ဦးအောင်မျိုးဝင်းကပြောသည်။

ပါမစ်ထုတ်ပေးမှုရပ်ဆိုင်းလိုက်သည်ဆိုသောသတင်းမှာမှန်ကန်မှုမရှိကြောင်းကိုလည်းစီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ငြင်းဆိုထားသည်။

'ဒီကောလဟာလက မဟုတ်ပါဘူး။ ကျွန်တော်တိုလဲခဏခဏ ဖုန်းဆက်ပြီးမေးနေကြပါတယ်။ဒီသတင်းမဟုတ်ကြောင်းကိုလဲ ကျွန်တော်တို့ စီးပွားကူးသန်းဝက်ဘ်ဆိုဒ်မှာတင်ထားပါတယ်'ဟုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုကဲ့သို့ သတင်းအမှားမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများမှကားဈေးကွက်ကို ကစားလို၍ ယခုကဲ့သို့ ကောလဟာလ သတင်းများထုတ်လိုက်သည်ဟုထင်မြင်ကြောင်း ဝါရင့်ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်က သုံးသပ်သည်။

'ဘာကို ရည်၇ွယ်ပြီးအခုလို သတင်းထုတ်လဲတော့ မသိဘူး။ ဒါပေမယ့်ဒီလိုကြီးကြီးမားမားမျိုးကို ပိုက်ဆံရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေလောက်ပဲ တတ်နိုင်တာ။ ဆယ်စီးလောက်ထိ ဆက်တိုက်ရောင်းရတယ်။ အမြတ်ရတယ်ဆိုပေမယ့် သူတို့လောက်တော့ မရပါဘူး။ ကျွန်တော်တို့လုပ်ငန်းက သေးတာကိုး'ဟု ဦးကျော်က ပြောသည်။

မော်တော်ယာဉ်ပါမစ်ထုတ်ပေးခြင်းကို မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးမှူးကော်မတီ ၏ကြီးကြပ်မှုဖြင့် နေ့ခြင်းပြီး (One StopServices)အဖွဲ့မှ ယာဉ်အို/ဟောင်းအပ်နှံ၍ အစားထိုးပါမစ်ထုတ်ပေးမှုကို ၂ဝ၁၁ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့ မှ စတင်ဆောင်ရွက်ပေးခဲ့သည်။

ပို့ကုန်သွင်းကုန်ကုမ္ပဏီများ၊ သင်္ဘောသာများ၊ဟိုတယ်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၊ နိုင်ငံခြားရေးဝန်ထမ်းများ၊ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများ စသည့်သူများအားပါမစ်ထုတ်ပေးခြင်းကို ၂ဝ၁၁ခုနှစ် နိုဝင်ဘာလ (၃ဝ)ရက်နေ့တွင်စတင်ဆောင်ရွက်ပေးခဲ့ကြောင်းကိုလည်း သိရသည်။

နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသောနိုင်ငံသားတိုင်းအားအထူးပါမစ်ထုတ်ပေးခြင်းကို ၂ဝ၁၂ခုနှစ် မေလ(၇)ရက်နေ့မှစတင် ဆောင်ရွက်ပေးခဲ့ပြီး ၂ဝ၁၂ခုနှစ် ဇူလှိုင်လကုန်ထိ စာရင်းများအရမော်တော်ယာဉ်အစီးရေ (၈၈၆၆)စီးနှင့် မော်တော်ယာဉ် အရောင်းစင်တာများမှဝယ်ယူခွင့်ပါမစ် (၈၂၃၂)ခု တို့အားအသီးသီထုတ်ပေးခဲ့ပြီးပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီများအား အငှားယာဉ် တက္ကစီ(၈၃၈)စီးထုတ်ပေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်များအရ သိရသည်။
သတင်း-ကျော်ဇင်မန်း(မြစ်မခ),ဓာတ်ပုံ-အရည်ကြို 

ရခိုင် ပဋိပက္ခ ဆူပူအောင်လှုံဆော်သူ UNHCR မှဝန်ထမ်းများထောင်ဒဏ်ချမှတ်



ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ ရခိုင် ပဋိပက္ခမှာ ပါဝင်တယ် ဆိုပြီး ဖမ်းထားတဲ့ အထဲက ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဝန်ထမ်း မချိုလေးမာကို ထောင်ဒဏ် ၆ နှစ် ချမှတ် လိုက်တယ်လို့ သိရပါတယ်။

သူနဲ့ အတူ တခြားဖမ်းထားတဲ့ ဘူးသီတောင်က မောင်ခင်ရွှေနဲ့ မောင်ခင်ဇော် တို့ကိုလည်း ထောင်ဒဏ် ၃ နှစ် နဲ့ ၂ နှစ် အသီးသီး ချမှတ်လိုက်ပါတယ်။

မောင်တောခရိုင် တရားရုံးကနေ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပြီး သူတို့ကို ထောင်ချခဲ့တဲ့ အမှုတွေထဲမှာ ဆူပူအောင် လှုံဆောင်မှုလည်း ပါဝင်တယ်လို့ မောင်တော ဒေသခံတွေက တဆင့် သိရပါတယ်။

မကြာခင် ရက်ပိုင်းတွေကတော့ တခြား ဖမ်းထားတဲ့ ကုလ သမဂ္ဂ နဲ့ နိုင်ငံတကာ NGO ပရဟိတ ၀န်ထမ်း တချို့ကို လွှတ်ပေးခဲ့ တာလည်း ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လတ်တလောပေါ်ပေါက်နေသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဥပဒေဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ဖိတ်ကြားလွှာ



(၂၅-၈-၂၀၁၂)

ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီးများ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

ဆွေးနွေးမည့် နေရာ -- Orchid Hotel
ဆွေးနွေးမည့် အချိန် -- ညနေ (၃) နာရီတိတိ
ဆွေးနွေးမည့် နေ့ရက် -- ၂၅-၈-၂၀၁၂ (စနေနေ့)

ဆွေးနွေးမည့်သူများ

၁။ ဦးကျော်ဇေယျ (တရားလွှတ်တော်ရှေ့နေ)
၂။ ဦးကျော်စိန် (တရားလွှတ်တော် ရှေ့နေ)
၃။ ဦးဗိုလ်မင်းဖြူ(တရားလွှတ်တော် ရှေ့နေ)
၎။ ဦးသန်းစိုး(ထွန်း) (တရားလွှတ်တော် ရှေ့နေ)
၅။ ဦးလှစိန် (ခ) ဦးရီစိန် (တရားလွှတ်တော် ရှေ့နေ)

Ref:The Voice

ကမ္ဘာ့ရွှေဈေးနှင့် နှိုင်းယှဉ်ပါက ပြည်တွင်း ရွှေဈေးတွင် ငွေကျပ် တစ်သောင်း ငါးထောင်ခန့် လျော့နည်းနေ



ပြည်တွင်းမှာ ဖြစ်ပေါ် နေတဲ့ ရွှေဈေးနဲ့ ကမ္ဘာ့ရွှေဈေး နှိုင်းယှဉ် ကြည့်ပါက ပြည်တွင်း ရွှေဈေးမှာ ငွေကျပ် တစ်သောင်း ခွဲခန့် လျော့နည်း နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ပြည်တွင်း ရွှေဈေးကွက်ဟာ မြို့ပြဒေသ များမှာ ၀ယ်လိုအား လျော့နည်း နေပြီး နယ်စပ်ဖက်ကို ပိုပြီးစီးဆင်း နေတယ်လို့ သိရပါတယ်။ ပြည်တွင်း ရွှေဈေးကွက် မှာရှိခဲ့တဲ့ သြဂုတ်လ ၁၀ ရက် ကျော်ခန့်မှ စတင်ကာ ရွှေရည်ချိန် ၁ ကျပ်သား ငွေကျပ် ခုနစ်သိန်း လေးသောင်းမှ ခုနစ်သိန်း လေးသောင်း ခြောက်ထောင့် ငါးရာ အထိ မြင့်တက် လျက်ရှိပါတယ်။

ဒီလိုမြင့်တက် လျက်ရှိရာမှာ ကမ္ဘာ့ရွှေဈေးကွက် မှာလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်ကျော်ခန့်က အမေရိကန် ဒေါ်လာ တစ်ထောင့် ခြောက်ရာ တစ်ဆယ့်လေး ရှိပြီး သြဂုတ်လ ၂၂ ရက်နေ့ မှာတော့ အမေရိကန် ဒေါ်လာ တစ်ထောင့် ခြောက်ရာ သုံးဆယ့်ရှစ် အထိ တဖြည်းဖြည်း မြင့်တက် လာတာ ဖြစ်ပါတယ်။ အဲ့ဒီလို ကမ္ဘာ့ရွှေဈေး မြင့်တက်လာ ပေမယ့်လည်း ပြည်တွင်းက ရွှေဈေးမှာ ကမ
္ဘာ့ဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ်ငွေ တစ်သောင်း ငါးထောင်ခန့် လျော့နည်းလျက် ရှိပါတယ်။ ဒါ့အပြင် ပြည်တွင်း ရွှေဈေးဟာ နောက်ပိုင်းမှာ ဈေးအများကြီး မြင့်တက် သွားဖို့မရှိဘဲ အခုလက်ရှိ ဈေးနှုန်း အတိုင်းသာ ဆက်လက် တည်ရှိ နိုင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူရဲ့ သုံးသပ် ပြောကြားချက် အရ သိရပါတယ်။

Ref:MRTV-4

လားရှိုး- မန္တလေး မီးရထား ခရီးစဉ် ပုံမှန်ပြန်လည် ပြေးဆွဲ လျက်ရှိ



လားရှိုး သြဂုတ် ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး- မန္တလေး ပုံမှန်ပြေးဆွဲ လျက်ရှိသော မီးရထား ခရီးစဉ်ကို သြဂုတ် ၁၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ တိုက်စားမှုကြောင့် မြေပြတ် ပြိုကျ သွားသော မီးရထားလမ်း မိုင်တိုင်အမှတ် (၅၃၈/၁၂)နှင့် (၅၃၈/၁၄)ကြား မန်းပွဲ ဘူတာနှင့် မန်ဆန်ရေကျ ဘူတာကြား မီးရထားလမ်းကို ပြန်လည် ပြုပြင်ခဲ့ရာ သြဂုတ် ၂၃ ရက်က ပြီးစီးသွားသဖြင့် လားရှိုး- မန္တလေး မီးရထား ခရီးစဉ်အား ပုံမှန် ပြန်လည် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

Ref:မြ၀တီ