Friday, March 16, 2012

ကိုယ်ဝန်ဆောင်စဉ်သုံးနိုင်သောအနေအထားများ


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၂)

1) သတင်းတခုမှာ ဖတ်လိုက်ရလို့ပါ။ ပါးစပ်မှာ ပိုးတွေ အများကြီး ရှိတယ်လို့။ ဆက်ဆံရာမှာ ပါးစပ်သုံးတာ ရောဂါ ရနိုင်ပါသလား။ နောက်တခုက လိင်တံ-အရစ်ကြားက ရှိတဲ့ အဖတ်လေးတွေကိုတော့ သူက အမြဲသန့်တာ တွေ့ဘူးပါတယ်။ အဲတာကကော သမီးတို့မိန်းကလေးတွေကို ရောဂါရစေတတ်လား ဆိုတာလဲ သိချင်ပါတယ်။ သူငယ်ချင်း တယောက်က အဲဒါက သားအိမ်မှာ ကင်ဆာတို့ ဘာတို့ ဖြစ်တတ်တယ်ပြောလို့ပါ။ အဲဒါကော ဟုတ်ပါသလား။

2) ကျွန်မ အမျိုးသားနှင့် လိင်ဆက်ဆံတိုင်း ပြီးမြောက်သည်းအဆင့်ကို ရောက်ပါသည်ရှင့်။ ကိုယ်ဝန် ဘယ်နှစ်လမှာ စရှောင့်သင့်လဲ ဆိုတာကို သိချင်ပါတယ်။
3) ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့မရဘူးဆိုပြီး။ သူနဲ့လဲ အတူတူ နေချင်ပါတယ်။ ကလေးကိုလဲ လိုချင်တယ်။ တခုခု ဖြစ်သွားမှာလဲ ကြောက်တယ်။ ခုဆို Oral sex ပါးစပ်တို့ လက်တို့ပါ မသုံးရဲပါဘူး။ ပိုးဝင်ပြီး ကလေး တခုခုဖြစ်သွားမှာ စိုးလို့ပါ။ ခုသမီးမှာက ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ သူကော သမီးမှာပါ အတွေ့အကြုံမရှိဘူး ဖြစ်နေလို့ပါ။ အနားမှာ တိုးတိုး မေးစရာ လူကြီးကလဲ မရှိလို့ပါ။ အမျိုးသားက အမြဲခရီးသွားနေရလို့ သူရှိတဲ့ အချိန်မှာတော့ သူနဲ့ အတူတူ နေချင်တာပေါ့။ တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေအတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။

ပွင့်ပွင့်လင်းလင်း မေးကြတာ ချီးကျူးပါတယ်။ ဖြေတာမှာလည်း ရှင်ရှင်းရေးဘို့ အားမနာရတာပေါ့။ တယောက် မေးတာ Sep 13, 2010 at 5:47 PM ကတည်းကပါ။ အခုမှ (ဘလော့ခ်) မှာ တင်ပါတယ်။


(၁) Oral sex လုပ်ရင် STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ အပါအဝင် တချို့ရောဂါတွေ ကူးစက်နိုင်ပါတယ်။ သီအိုရီအရ ပြောရရင် HIV, Hepatitis B, Hepatitis C တွေဖြစ်တယ်။ လက်တွေ့မှာ ရာခိုင်နှုန်း မများလှပါ။ အပြုခံသူမှာ မဆက်ဆံခင်နဲ့ ဆက်ဆံချိန် ထွက်တဲ့အရည်တွေမှာ ပိုးပါနေမှ ကူးတယ်။ လိင်အင်္ဂါတွေနဲ့ ပါးစပ်က အပေါ်ယံ အဖုံးလွှာမှာ အနာ-အဆာ ရှိနေရင် ကူးတယ်။ (ကွန်ဒွမ်) နဲ့ ကာကွယ်နိုင်ကြတယ်။

Oral sex ပါးစပ်သုံးတာ နဲ့ HIV
ပိုးရှိနေသူရဲ့ လိင်တံကို ပါးစပ်မှာ ထည့်သုံးရင်လဲ ကူးစေနိုင်တယ်။ အလားတူဘဲ အမျိုးသမီးရဲ့အရည်လဲ ပါးစပ်ထဲ ဝင်ရင် ဖြစ်ခြင်တယ်။ အခွင်အလမ်းတော့ မများပါ။ ပါးစပ်မှာ အနာအဆာရှိတာ၊ သွားဖုံးသွေးယိုတာမျိုးမှာ ကူးမယ်။ Deep or open-mouthed kissing နှုတ်ခမ်းခြင်း စုပ်တာနဲ့လဲ အခွင့်အလမ်း နည်းနည်းလေး ရှိသေးတယ်။ သွားရည်မှာ ပိုးအရေအတွက် နဲနဲတော့ ပါတယ်။ သွားရည်ကြောင့် မဟုတ်ဘဲ သွေးထွက်စရာရှိရင်သာ ဖြစ်ပါမယ်။ လိင်မဆက်ဆံမီ ထွက်တဲ့ ကျားအရည် Precum ထဲမှာ ပိုး ပါနေပေမဲ့ ကူးလောက်အောင် များ-မများဆိုတာ မသေခြာပါ။

ပါးစပ်သုံးတာကနေ အကူးစက်နိုင်ဆုံး STD ဟာ Herpes ရေယုံပါ။ ၂ မျိုးရှိတယ်။ HSV type 1 နဲ့ HSV type 2 ဖြစ်တယ်။ Type 1 က ပါးစပ်တဝှိုက်မှာ Cold sores မနာတဲ့အနာ ပေါက်စေပြီး၊ Type 2 ကနေ Genital herpes လိင်လမ်း ရေယုံ ဖြစ်စေတယ်။ Human Papilloma Virus (HPV) ဆိုတာလဲ ပါးစပ်လမ်းကနေကူးပြီး Genital warts လိင်လမ်းကြွက်နို့ ပေါက်နိုင်တယ်။ ပါးစပ်လမ်းသုံးရင် (ဂနိုရီးယား) ပိုးက လည်ချောင်းမှာ ကူးလာစေ နိုင်ပြီး၊ လည်ချောင်းကနေ (ပါတနာ) ရဲ့ တခြားလိင်လမ်းတွေ ကူးမယ်။ လည်ချောင်းမှာ ဖြစ်တာကို ဆေးမကုဘဲ ၃ လနဲ့ ပျောက်စေနိုင်ပေမဲ့ ဒီပိုးဘဲ လိင်လမ်း ရောက်ရင် Antibiotics ဆေးမပေးဘဲ မပျောက်တော့ဘူး။ Chlamydia ပိုးလဲ ပါးစပ်သုံးလို့ လည်ချောင်းကို ကူးနိုင်တယ်။ နည်းတော့ နည်းပါတယ်။ Syphilis (ဆစ်ဖလစ်) ကလဲ ပါးစပ်သုံးတာမှာ အနာအဆာရှိရင် ကူးနိုင်တယ်။

မိန်းမအင်္ဂါကို ယောက်ျားက လက်နဲ့ ပွတ်သပ်တာ ကိစ္ခမရှိပါ။ STD ရောဂါ မရှိရင် Oral sex ကို နှစ်ယောက်လုံး ကိုယ်ဝန်ဆောင်-မဆောင် လုပ်နိုင်တယ်။ မိန်းမကနေ ယောက်ျားကို လုပ်ပေးတာကြောင့် ပိုးမဝင်တတ်ဘဲ၊ ကျားကနေ လုပ်ပေးတာက ပိုးဝင်လွယ်တယ်။ များသောအားဖြင့် မှိုပိုးပါ။ အဖြူဆင်းမယ်။ ယားမယ်။ ဖြစ်ရင်လဲ ကုလို့ရပါတယ်။

သားအိမ်ကင်ဆာ သိပ်မစိုးရိမ်ပါနဲ့။ ငယ်သူတွေ အဖြစ်နည်းတယ်။ လိင်ဆက်ဆံတာကနေ ဖြစ်ရတာတော့ မဟုတ်ပါ။ မသန့်လို့လဲ မဟုတ်ပါ။ ကင်ဆာ ဆိုတာ ဖြစ်ချင်လို့ ဖြစ်တာလို့သာ ပြောရမှာပါ။

(၂) ကိုယ်ဝန်ဆောင်ချိန် ၉ လ လုံးလုံး လင်-မယား အတူမနေကြရဘူးဆိုတာ မဟုတ်ပါ။ အခြေအနေ အသစ်တမျိုးမှာ ယာယာမှု အသစ်အဆန်းကို ရှာနိုင်ကြပါတယ်။ နည်းသစ် ဆိုတာတွေပါ တွေ့လာပါလိမ့်မယ်။ ကိုယ်ဝန်မရှိတုံးကနဲ့ မတူတာတော့ သတိပြုကြရပါမယ်။ ကျန်းမာရေးအရ Perfectly safe လုံးဝ စိတ်ချနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေသူရော အထဲကကလေး အတွက်ပါ ပြောတာပါ။

ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူနေရင် ပျက်ကျမှာ စိုးရိမ်ရတယ်၊ နောက်ဆုံး ၃ လ ဆိုရင် စောပြီးမွေးမှာ စိုးရိမ်ရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ ပုံမှန် ဖြစ်နေရင် အလွန် လုံခြုံပါတယ်။
• Amniotic Sac အထူ နဲ့ အပါး
• Sex and Pregnancy ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား နဲ့
• Sex after delivery ကလေးဖွါးပြီး အတူနေခြင်း တွေလဲကို ဖတ်ပါ။

(၃) ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များ
ကိုယ်ဝန်ဆောင်တုံး သုံးနိုင်တဲ့ ဆက်ဆံနည်းတွေကို (အင်တာနက်) မှာ အမျိုးမျိုး အကြံပေးကြတယ် မတူတာတွေလဲ ရှိတယ်။ တချို့ဟာ ကျန်းမာရေးအရ မကိုက်ပါ။ အခြေခံကျတာကို ပြောရရင် လှေကြီးထိုးနည်း (မ-အောက်-ပက်လက် + ကျား-အထက်) နည်းကို ရှောင်ပြီး၊ ပြောင်းပြန်နဲ့ ဘေးတိုက်နည်းတွေ သုံးနိုင်တယ်လို့ ပြောနိုင်တယ်။

1) Missionary လှေကြီးထိုး၊ ရိုးရိုး၊ (မ-အောက်-ပက်လက် + ကျား-အထက်) နည်းမှာ အင်အားသုံးတာ မဖြစ်စေရပါ။

2) New Missionary ယောက်ျားက အပေါ်အနေအထားကို ဆန်းသစ်ထားတဲ့ နည်းပါ။ အမျိုးသမီးက ခြေထောက်ကို အထက်ကို ဆန့်တန်း ထားရတယ်။ ယောက်ျားရဲ့ အလေးချိန်က မိန်းမအပေါ် လာမဖိစေဘူး။ ယောက်ျားက ဆောင်ကြောင့်ထိုင်တာ ရပါတယ်။ မိန်းမက ဒူးနှစ်ဖက်ကို ရင်ပတ်ဆီ ရောက်အောင် ကွေးပေးရင်၊ နောက်ပြီး မိန်းမရဲ့ တင်ပါးစွန်းအောက်မှာ အခုအခံတခုခု ထားပေးရင်၊ ဗိုက်ကို ဖိတာ နည်းစေမယ်။

3) Bed edge မိန်းမက ကုတင်စွန်းမှာနေ၊ ယောက်ျားက မတ်တပ်ရပ်အနေထား ဆိုတာ အသင့်ဆုံး ဖြစ်နိုင်တယ်။ အမျိုးသမီးက ဒူးကွေးတာဖြစ်ဖြစ် ဆန့်တာဖြစ်ဖြစ် တင်စရာတခုမှာ ဖြစ်ဖြစ် ထားနိုင်ပါတယ်။ ကိုယ်ဝန် ဘယ်အရွယ်ဖြစ်ဖြစ် ဆက်ဆံလို့ ရပါတယ်။

4) Woman on Top အမျိုးသမီးကအပေါ် အနေအထား။ Cow-girl position လို့လဲ ခေါ်တယ်။ ကိုယ်ဝန်နုချိန်မှာ ရပါတယ်။

5) Side by Side အမျိုးသမီးက ပက်လက်နေ၊ ယောက်ျားက ဘေးက၊ ဆိုပါစို့ ယောက်ျားက ညာဘက်က ဆိုရင် မိန်းမရဲ့ ညာဘက် ပေါင်တဖက်က ယောက်ျားရဲ့ ခါးလောက်ကနေ ဘေးထုတ်-ကားတင်ထားပါ။ ယောက်ျားက အောက်က ဘယ်ဘက်ပေါင်ကို ဆန့်ထား၊ ညာဘက်ပေါင်က မိန်းမရဲ့ ပေါင်ခြံလောက်မှာ ကန့်လန့်ဖြတ် ခွတင်ထားရတယ်။ နှစ်ယောက်သား အပြိုင်၊ V, X ပုံ အနေအထား ဖြစ်တယ်။ ကိုယ်ဝန်ရင့်လဲ ဖြစ်ပါတယ်။

6) Spooning အမျိုးသမီးက ဘေးတိုက် အိပ်နေပါ၊ ပေါင်နဲ့ ဒူးတွေ ကွေးထားပါ။ ယောက်ျားက နောက်ကနေပါ။ သမားရိုးကျ ဆက်ဆံနေရင်းကနေ ဒီအနေအထားကို ပြောင်းပြီးသုံးသင့်တယ်။ မ-အင်္ဂါ စိုစွပ်မှုကလဲ လုံလောက်နေပြီ၊ ယောက်ျားဖြစ်သူကလဲ အတို-အရှည် ပိုအဆင်ပြေလာပြီ။ မိန်းမက လိုအပ်ရင် ဒူးကြားမှာ ခေါင်အုံးထားနိုင်ပါတယ်။

7) From Behind, Hands & Knees, Doggy ကိုယ်ဝန်ရှိသူက ကုတင်မှာ လေးဘက်ထောက် နေပါ။ ခေါင်းအုံး အခုအခံ လိုရင်သုံးပါ၊ ယောက်ျားဖြစ်သူက ကုတင်အောက်မှာ မတ်တတ် အနေအထားနေပါ။ ဒါမှမဟုတ် သူကလဲ ကုတင်ပေါ်မှာ ဒူးထောက်ပါ။ ဒီနည်းကို Medically termed a maximum penetration position အဆုံးစွန်အထိ အထဲဝင်တဲ့နည်းလို့ ဆေးစာအလိုက ဆိုပါတယ်။

• အမျိုးသမီး အတော်များများဟာ ကိုယ်ဝန်ဆောင်ချိန်မှာ Nipples ရင်သားထိပ်က Incredibly sensitive ပိုပြီး အထိအတွေ့ ကောင်းလွန်းလာကြလို့ အမျိုးသားက ရင်သားကို ကစားသင့်တယ်။
• ကိုယ်ဝန်ဆောင်ချိန်မှာရတဲ့ Orgasm က တမျိုးလို့ မှတ်သူတွေ ရှိတယ်။ အဲဒီတော့မှ (အော်ဂဇင်) ရဘူးသူတွေလဲ ရှိမယ်။ ပိုကဲသူတွေက ဒီကာလမှာ ခဏခဏရသေးသတဲ့။ အားပေးသူတွေကလဲ ပြောတယ် Orgasms ရတာက ကလေးအတွက်ပါ ကောင်းတာတဲ့။
• ကိုယ်ဝန်ဆောင်စဉ် Oral sex လုပ်တာလဲ ဘာမှ အန္တရာယ်မဖြစ်စေပါ။ (ကွန်ဒွမ်) သုံးတာ စိတ်ချရမယ်။
• ကိုယ်ဝန်ဆောင်နေတုံး အမျိုးသမီးက Masturbate ဖါသာ-အာသာဖြေလို့ ရမလား မေးတာကို လုပ်ချင်လုပ်ပါ၊ Great release of sexual energy သိပ်ကောင်းတဲ့ လိင်စိတ်လျှော့နည်း ဖြစ်ပါတယ်လို့ ဆရာဝန်တချို့က အကြံပေးပါတယ်။
• Can I have anal sex while pregnant? စအိုသုံးနည်းကော ကောင်းပါသလား အမေးကို အဲဒီဆရာဝန် ဖြေတာကတော့ That's a tough one ပြောရမှ ခပ်ခက်ခက်ဘဲ။ လေ့လာမှု သိပ်မရှိသေးလို့ တဲ့။

Dr. တင့်ဆွေ
၁၄-၉-၂ဝ၁ဝ
၂ဝ-၄-၂ဝ၁၁

Vasectomy ယောက်ျား သားကြောဖြတ်ခြင်း

အမျိုးသားတွေ သားကြောဖြတ်ခြင်းအကြောင်းကို သိချင်ပါတယ်။ ကျွန်မအမျိုးသားက အသက် ၃၄ နှစ်ပါ။ ကျွန်မတို့ နှစ်ယောက်လုံး ဗမာ၊ ဗုဒ္ဓဘာသာပါ။ သူ့ကို သားကြောဖြတ်စေချင်ပါတယ်။ မလုပ်ခင်မှာ အမျိုးသားတွေ သားကြောဖြတ်ခြင်းကြောင့် ဖြစ်တတ်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ စိတ်ခံစားမှုတွေ အကြောင်းနဲ့၊ သားကြော ဖြတ်နည်း ဘယ်နှစ်မျိုး ရှိတယ်ဆိုတာကို ဖြေကြားပေးစေချင်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အခြား သိသင့်တာတွေ ရှိရင်လည်း ဖြည့်စွက် ပြောကြားပေးပါ။ လုပ်သင့်၊ မသင့် ဆရာ့အမြင်ကိုလည်း ပြောကြားပေးပါ။

ခွဲစိတ်ကုသမှုတွေကို (မေဂျာ) လား (မိုင်နာ) လား ခွဲခြားသတ်မှတ်ရင် ယောက်ျား သားကြောဖြတ်တာ Vasectomy ဟာ အသေးစား ဖြစ်ပါတယ်။ Vasa deferentia ပြွန်ကို Sperm သုတ်ပိုး သွားမရအောင် လုပ်လိုက်တာပါ။ တိရစ္ဆာန်တွေကို သင်းသတ်နည်းလို သုတ်ပိုး ပေါက်ပွါးဖြစ်တည်ရာ အစေ့ Testis ကို ထုတ်ပြစ်-ဖျက်ပြစ်တဲ့ Castration နဲ့ မတူပါ။

ဘာဘဲလုပ်လုပ် ဒီလိုလုပ်လိုက်ရင် ဘယ်အကျိုး၊ ဘာအပြစ်တွေ ရှိလာနိုင်သလဲ ဆန်းစစ်-သိမြင်ထားတာဟာ အင်မတန် ကောင်းတဲ့ အကျင့်တခု ဖြစ်တယ်။ ယေက်ျား သားကြော ဖြတ်တာမှာ မကောင်းဘူးဖြစ်စရာ အလွန်တရာ နည်းပါတယ်။ ကျားအစေ့ကနေ ကျားဟော်မုန်း Testosterone ထုတ်နေတယ်။ ဟော်မုန်းက ဖြတ်ပြစ်တဲ့ အကြော (ပြွန်) ကို အသုံးမချပါ။ သွေးထဲကို တိုက်ရိုက် ဝင်သွားတာမို့ ဟော်မုန်းသတ္တိကို မထိခိုက်ဘူး။ ဆက်ဆံလိုစိတ်ကို သူ့ကြောင့် တိုက်ရိုက် ထိခိုက်စရာ မရှိနိုင်ပါ။ ၁ဝ ယောက် ၁ ယောက် နည်းသလို ဖြစ်နိုင်တယ်လို့ ပြောကြတယ်။ ဒါကလည်း စိတ်နဲ့သာ ဆိုင်တယ်။

Ejaculation ဆက်ဆံလို့ပြီးတိုင်း ထွက်တာထဲမှာ သုတ်ပိုးတွေပါတဲ့ အရည်က ၁ဝ% သာရှိလို့၊ အသွင်သဏ္ဌာန်၊ အရသာ၊ အစေး-အပြစ်၊ အနံ့၊ ဘာမှ မပြောင်းလဲဘဲ၊ ထုထည် ၁ဝ% သာ လျာ့နည်းနိုင်တယ်။

သားကြောဖြတ်လိုက်ရင် ဆက်ထွက်နေမဲ့ သုတ်ပိုးတွေ ဘယ်ရောက် သွားသလဲ မေးရင်၊ သူ့ဖါသူ ပျက်စီးပြီး၊ အသွေး အသားကနေ စုပ်ယူသွားပါလိမ့်မယ်။ မုတ်ရောဂါ Hydrocele ကို ခွဲရင် အရည်တွေကို ထုတ်ပြစ်တာကြောင့် ပျောက်တာ မဟုတ်ပါ။ အရည်ထွက်မဲ့ မျက်နှာပြင်ကို ပြောင်းပြန်လှန် ချုပ်ပေးတော့ ထွက်လာနေမဲ့ အရည်ကို အသွေးအသားကနေ စုပ်ယူပေးနေလို့ အရည်အောင်းစရာလည်းမရှိဘဲ၊ မုတ္တရောဂါ ပျောက်သွားရတာပါ။ ဖိတ်ခြင်းဖိတ် ကိုယ့်အိပ်ထဲမှာဘဲ ဖိတ်တာမျိုးပေါ့။

ယောက်ျား သားကြောဖြတ်တာ ဘယ်လောက် ထိရောက်ပါသလဲ။ ဗြိတိသျှ ဆေးသုတေသန တခုအရ ၂ဝဝဝ မှာ ၁ ယောက်၊ စာမေးပွဲကျသတဲ့။ အမျိုးသမီးတွေနဲ့ စာရင် အောင်ချက်က အင်မတန် ကောင်းပါတယ်။ သားအိမ်ပြွန် ဖြတ်တာမှာ ၂ဝဝ-၃ဝဝ လုပ်ရင် ၁ ယောက်က မအောင်-မမြင် ဖြစ်ရတယ်။ ဒါတောင် ယောက်ျား သားကြောဖြတ်တာ လုပ်အပြီး၊ အတူနေတာ သိပ်စောလို့ ကိုယ်ဝန်ရတာကိုပါ ထည့်တွက်လို့တဲ့၊ ဖြတ်လိုက်တဲ့ ပြွန်ပြန်ဆက်တယ်ဆိုတာ ဒိထက် နည်းပါတယ်။

ဘယ်တော့ အတူပြန်နေနိုင်သလဲ။ “ခွဲစိတ်ထားတာကို ခံနိုင်ရင်တော့ သဘောဘဲ” ဆိုပြီး ဆေးစာက မရေမရာ ရေးပါတယ်။ ဒေါက်တာတိကျ တွေကတော့ ၇ ရက်တပါတ်။ ဘာလို့ ပြောရလဲဆိုတော့ သုတ်ပိုး ဇီးရိုး မဟုတ်ရင် ကိုယ်ဝန် ရနိုင်သေးလို့ပါ။ ဒါ့ကြောင့် ၃ လ၊ ဒါမှမဟုတ် သုတ်အကြိမ် ၂ဝ လွှတ်ပြီးမှ သေခြာတယ်။ ဖြတ်ပြီးတဲ့နောက် ထွက်တာထဲမှာ သုတ်ပိုးပါနေ-မနေ စစ်ဘို့ ကောင်းတယ်။

သတိပေးချင်တာက အတူနေလို့ ကလေး မရနိုင်တော့ပေမဲ့ အကာအကွယ်မဲ့ ဆက်ဆံတာမျိုးကို သတိထားရပါအုံးမယ်။ အဖေါ်မှာ HIV, Hepatitis B, Hepatitis C အပါအဝင်၊ လိင်ကတဆင့် ကူးစက်ရောဂါရှိနေရင် ကိုယ့်ကို ကူးလာစေမယ်။ ကိုယ့်မှာ ရှိရင်လဲ ဖြန့်ပေးလိမ့်မယ်။ Condom ဆက်သုံးသင့်တယ်။ တိုင်းပြည် တချို့မှာ အိမ်ထောင်သည်တွေ အဲလို ဖြတ်နည်း သုံးရင် ဇနီးရဲ့ ခွင့်ပြုချက် လိုတယ်လို့ ဥပဒေလုပ်ထားတယ်။

နည်းကတော့ တနည်းထဲလို့ ပြောနိုင်ပါတယ်။ ထုံဆေးနဲ့ ခွဲပါတယ်။ Scrotum ကပ်ပဲ့အိပ်၊ Testis အစေ့အထက်မှာ ခွဲတာ များတယ်။ တချို့လဲ အထက်နား သွားခွဲသေးတယ်။ Hernia, Hydrocele ခွဲရင်း စေတနာ ပိုတာလည်း လုပ်လေ့ရှိတယ်။ ကပ်ပဲ့အိပ်မှာဆို ဒါးရာ တခုထဲဖြစ်ဖြစ် ၂ ခုဖြစ်ဖြစ်ရတယ်။ ဖြတ်မဲ့ အကြောကို သေသေခြာခြာ ရွေးထုတ်ပြီး၊ ဖြတ်-ခြည်တာ ဖြစ်ဖြစ်၊ ထိပ်ကို မီးရှို့ပိတ်နည်း ဖြစ်ဖြစ်၊ လုပ်ပြီး အစသေးလေး ထုတ်ပြစ်ရတယ်။ အကြောကို ရွေးရတာက ပညာပါ။ ဘေးမှာ အရောင် ဆင်တူတွေ ရှိတယ်။ လက်နဲ့စမ်း ခွဲခြားရတယ်။ ထုံဆေး ထိုးထားတော (တစ်ရှူး) တွေ ဖေါင်း-ရောင်နေလို့ သတိကြီးရတယ်။ ဒါးရာသေးရင် တချို့က အရေပြားကို ပြန်တောင် မချုပ်ဘူး။ ခွဲစိတ်ဆရာဝန်တွေထဲမှာ ဒါးရာ သေးသေးနဲ့ ခွဲနိုင်တာကို ဂုဏ်ယူသူတွေ ရှိတယ်။ တချို့ကလည်း ကွင်းကျယ်ကျယ်မှာ ကစားရမှ အားရတယ်။

ခွဲပြီး နာရင် ရေခဲ ကပ်ရတယ်။ ပဋိဇီဝဆေးပေးပါမယ်။ အနာသက်သာဆေး သတိနဲ့ သောက်ရမယ်။ Athletic supporter ဝတ်ထားသင့်တယ်။ ၃-၄ ရက် ငြိမ်ငြိမ်နေတာ ကောင်းတယ်။ ၇-၁ဝ ရက် အလေးအပင် မမပါနဲ့။

ဆေးစာရေးတာ မပြည့်စုံရင် ထိန်ချန်မှု ရောက်နိုင်တယ်။ ဒီလိုလုပ်တာ (မိုင်နာ) ဖြစ်ပေမဲ့ ခွဲတာ-စိတ်တာတိုင်းမှာ ကြုံရတတ်တဲ့ နောက်ဆက်တွဲ သတိထားစရာတွေ ရှိပါတယ်။ သွေးခြည်ဥတာ၊ သွေးယိုတာ၊ ရောင်တာ၊ ရင်းတာ၊ နာတာ၊ စသဖြင့်။ နာတာက ထူးဖြစ်တတ်တာကို Post-vasectomy pain syndrome ခေါ်တယ်။ အကြာကြီး နာနေတာ၊ ထိရင် နာတာ၊ သုတ်လွှတ်ရင် နာတာ၊ ဆက်ဆံတဲ့အခါ နာတာ။ ရှားတော့ အလွန်မတန် ရှားပါတယ်။ ဖြစ်လည်း ကုလို့ရပါတယ်။

အမျိုးသမီးတွေကို သားကြောဖြတ်တာထက် နောက်ဆက်တွဲဖြစ်မှာတွေ သိသိသာသာ နည်းတယ်။ မိသားစုစီမံကိန်း နည်း အမျိုးမျိုးကို (သူများဆီမှာ) သုတေသန လုပ်ထားတယ်။ ယောက်ျား သားကြောဖြတ်နည်းက မအောင်မြင်မှု ဝ့ဝ၂-ဝ့၁% နဲ့ စိတ်ချရဆုံး၊ အမျိုးသမီး သားကြောဖြတ်နည်း = ဝ့၂%၊ အမျိုးသမီး စားဆေးနည်း = ဝ့၁%၊ ယောက်ျား ကွန်ဒွန်နည်း = ၁-၃%၊ အမျိုးသမီး (ဒိုင်ယာဖရမ်) နည်း = ၁-၆%၊ အမျိုးသမီး သုတ်ပိုးသေဆေးနည်း ၃%၊ အမျိုးသမီး ဟော်မုန်း ကပ်ခွါနည်း = ဝ့၂%၊ အမျိုးသမီး သားအိမ်ထဲ ပစ္စည်းထည့်နည်း IUCD = ဝ့၆-၁့၅%၊ ရက်ရှောင်နည်း = ၃%၊ ယောက်ျား သုတ်ရည် အပြင်ထုတ်နည်း = ၄%၊ ဘာမှ မသုံးရင် ၈၅% ကလေးရနိုင်တယ်။

ရှုံ့ချည်နှပ်ချည် လုပ်ခြင်သူတွေ အတွက်လည်း ရေးပါမယ်။ USA မှာ ၅% လောက်ရှိတယ်။ သားကြောဖြတ်တယ်ဆိုတာ ရှင်ခန်းဖြတ် မဟုတ်ပါ။ ပြန်ဆက်လို့ မရဘူး မဟုတ်ပါ။ (သီအိုရီ) အရ ဖြစ်နိုင်ပေမဲ့၊ လက်တွေ့မှာ အတော်ကြီး ခက်ပါတယ်။ (မိုက်ခရို-ဆာဂျရီ) အနုစိတ် လုပ်ရလိမ့်မယ်။ ကရိကထ များတယ်၊ လက်ဝင်တယ်။ အမေရိကားမှာဆို တနှစ်မှာ လူ ၆ သိန်းက $300 ကနေ $1,000 အကုန်ခံ ဖြတ်နေကြတယ်။ ပြန်ဆက်ဘို့ ဆိုရင်တော့ $7,000 ကုန်မယ်။ အောင်မြင်မှုနှုန်း စောစောပြန်လုပ်သူတွေက ပိုများတယ်။ ဖြတ်ထားပြီး ၃ နှစ်အတွင်း ပြန်ဆက်ချင်သူတွေက ၇၆%၊ ၁၅ နှစ် ကြာမှ လုပ်ရင် ၃ဝ% ကလေး ပြန်ရနိုင်တယ်။

စာတွေ သုတေသနတွေမှာ ရှိတာရေးပြီးတော့ ရွှေတွေ အပြင်ထွက်တဲ့ တိုင်းပြည်က သူတွေအတွက် ရေးပါအုံးမယ်။ ဗမာပြည်မှာ ကျန်းမာရေးနဲ့ ဆေးဆိုတာ လူတိုင်းအတွက် မဟုတ်ဘူး။ ဟုတ်လမ်းလည်း မမြင်ရသေးဘူး။ ဆင်းရဲတော့ ဈေးချိုတဲ့နည်း၊ ပညာရည် နှိမ့်ထားတော့ တော်တဲ့သူတွေ မတော်ရာ သွားရလို့ လက်လှမ်းမီတဲ့လူနဲ့ လုပ်ရတဲ့နည်း၊ မသိအောင်-မကြားအောင် လုပ်ထားတော့ ကြားဘူး-နားဝနည်း၊ ဆန်းစစ်တာ လက်မခံတော့ ကောင်း-မကောင်း၊ တော်-မတော် မသိတဲ့နည်းတွေသာ အားကိုးစရာ ရှိနေကြရပါတယ်။

ယောက်ျား သားကြောဖြတ်တဲ့အခါ ဗမာပြည်မှာ ပြဿနာက အကြော မှားဖြတ်မိတာ ဖြစ်ပါတယ်။ ဖြတ်ပြီးမှ ထပ်ကိုယ်ဝန် ရတယ်။ ရိုးသားတဲ့ ဇနီး ဗိုက်သာမက မျက်နှာပါပူရရော။ ခိုးကြောင်-ခိုးဝှက်၊ လက်လှမ်းမီတဲ့၊ ဆရာဝန် မဟုတ်တဲ့၊ ဆရာဝန် ဖြစ်အုံးတော့ အတွေ့အကြုံ နည်းတဲ့ သူတွေဆီမှာ လုပ်ကြရလို့ပါ။

“မလိုချင်တာ မှန်သမျှ စနစ်တကျ ပြတ်အောင် ဖြတ်ကြပါလေ။”

Dr. တင့်ဆွေ
၁၄-၈-၂ဝ၁ဝ

Child birth ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ

ကလေးမီးဖွါးရတာ ဘယ့်လောက် အန္တရာယ်များလဲဆိုတာကို တင်စားပြောလိုက်တဲ့ စကားပါ။ အတော်ကို မှန်ပါတယ်။ တကမ္ဘာလုံး ၁ နှစ် ၁ နှစ်၊ သန်းတဝက်မက ကလေးမီးဖွါးရင်း ကိုယ်ဝန်ဆောင်တွေ သေနေရဆဲပါ။ ဟိုအရင် ခေတ်ဟောင်း သမိုင်းမှာ ၁ဝဝ မှာ ၁ ယောက် သေနိုင်ခဲ့နိုင်တယ်လို့ ထင်ကြတယ်။ ၁၈ဝဝ ခုနှစ်များ ကတော့ အဆိုးဆုံးမို့ ၄ဝ%တောင် သေဆုံးရသတဲ့။ ၁၉ဝဝ ပြည့်နှစ်တွေမှာတော့ ၁% ရှိခဲ့တယ်။

ကလေးဖွါးရင်း မိခင်တွေ ဘာ့လို့ သေဆုံးရသလဲဆိုတဲ့ အကြောင်းတွေထဲမယ် Bleeding (Hemorrhage) သွေးသွန် (သွေးလွန်) တာက ထိပ်ဆုံးကပါ။ Sepsis ရောဂါပိုးဝင်တာက ဒုတိယ၊ Abortion ကိုယ်ဝန်ပျက်တာဖြစ်ဖြစ် ဖျက်တာဖြစ်ဖြစ် မှားလို့ သေရတာကလဲ ဒုတိယ အဆင့်နဲ့ အတူတူဘဲ။ ကိုယ်ဝန်ဆောင်တုံး ကိုယ်တွေရောင်၊ သွေးဖိအားတွေ တက်တဲ့ PET and Eclampsia ကိုယ်ဝန် သွေးဆိပ်တက်ရောဂါ ဆိုတာက တတိယလိုက်တယ်။ Obstructed labor မွေးလမ်းကနေ မမွေးနိုင်လို့က စတုတ္ထနေရာမှာ ရှိတယ်။

“ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ” ဒီစကားက ပေါ်တာ ကြာပြီနဲ့ တူပါတယ်။ ကနေ့ခေတ်မှာ ကလေး မီးဖွါးရတာက အဲလောက် အဖိတ်အစင် မများတော့ပါ။ Antiseptics ပိုးသတ်ဆေးတွေ ပေါ်လာတာရယ်၊ Blood transfusion သွေးသွင်း ပေးနိုင်လာတာရယ်၊ ANC ကိုယ်ဝန်ဆောင်တွေကို ပိုပြီး ကောင်းကောင်း စောင့်ရှောက် ပေးနိုင်လာတာတွေကြောင့် မအေတွေ အသေနဲလာရတာပါ။ အရင်လောက် သိပ်မဆိုးတော့ဘူး။

ဆိုးတယ်၊ မဆိုးဘူးဆိုတာကို တိတိကျကျပြောရင် ဆေးပညာမှာ Maternal mortality ratio (MMR) လို့ ခေါ်တာနဲ့ စာရင်းကောက် တွက်ချက်ရတယ်။ ကလေး ၁ သိန်းမွေးတိုင်း မွေးရင်းသေဆုံးရတဲ့ မိခင် ဘယ်လောက် ရှိလဲဆိုတာကို ပြောတာပါ။

ကလေးမီးဖွါးပြီး သေတယ်ဆိုတာ အဆန်းတော့ မဟုတ်ပါ။ သိဒ္ဓတ္ထမွေးပြီး၊ မယ်တော် မဟာမာယာဒေဝီ လဲ လုမ္ဗိနီသာမော အင်ကြင်းတောထဲမှာ သေဆုံးခဲ့ရတာ နှစ်ပေါင်း ၂၅ဝဝ ကျော်က တကဲ့ အဖြစ်အပျက်ပါ။ ပုံပြင်တွေ၊ ဝတ္ထုတွေထဲမှာလဲ တကူးတက ထည့်ရေးကြတာ တွေ့ရပါမယ်။ မင်းသမီးလေး (စနိုးဝှိုက်) အမေက ဆုံးသွားလို့ ဘုရင်က နောက်မိန်းမ ယူရတာက ချောတော့ ချောပေမဲ့ စိတ်က အကျဉ်းတန်၊ ကဝေပညာလဲ တတ်သတဲ့။ စစ်နဲ့ငြိမ်းချမ်းရေး ထဲမယ် မင်းသား (အင်ဒရူး) ဇနီးဟာ သားလေး (နီကိုလိုင်) ကို မွေးပြီး သေဆုံးသွားရတယ်။ (အိုလီဗာ တွစ်) ကလဲ မိတဆိုးဘဲ မဟုတ်လား။

ရုပ်ရှင်တွေမှာလဲ ပါတာဘဲ။ (ဇောရိုး မျက်နှာဖုံး)ထဲမယ် လူဆိုးကြီး (ရဖယ်လ် မွန်တဲရိုး)ကနေ (အလီနာ) အမေကို ပြစ်သတ်၊ ကလေးမွေရင်း သေရတာလို့ လိမ်ပြောပြီး၊ မွေးစားခဲ့တယ်။ (ဟယ်ရီပေါ်တာ) ထဲမှာလဲ (လော့ဒ် ဗိုလ်ဒမ်မော့တ်) ရဲ့အမေ (မာရုပ် ဂေါက်-ရစ်ဒယ်လ်) ကလဲ ကလေးမွေးပြီး သေသွားရတယ်။

ထင်ကြမဲ့အတိုင်း အဆိုးမှန်သမျှ အာရှ၊ အာဖရိကမှာဘဲပေါ့။ အကောင်းဆုံးက အအေးဆုံးဖြစ်တဲ့ အိုက်စလန် မှာ ၁ သိန်း မွေးလို့ ၁ ယောက်တောင်မှ မသေဘူးတဲ့။ အမေရိကားမှာတော့ ၁၁ ယောက်သေတယ်။ သေရတဲ့ မိခင် ၉ဝ-၉၉% က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ။ ဗမာပြည်ဟာ ၁၉၈၇ ခုနှစ်ကတည်းက စာရင်းဝင်ခဲ့ရပြီး၊ ကနေ့အထိ ပြန်မထွက်နိုင်သေးတဲ့ အဆင်းရဲဆုံးတိုင်းပြည် LDC ဖြစ်တယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေထက် LDC တွေက အဆ ၃ဝဝ ပိုဆိုးပါသတဲ့။ ဒါ့ကြောင့်လဲ “မိန်းမမီးနေ” ဆိုတာကို ဗမာစကားနဲ့ တိတိကျကျ ရှိနေသေးတာ ဖြစ်မှာပေါ့။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ WHO, UNICEF, UNFPA နဲ့ ကမ္ဘာ့ဘဏ်တို့က ပြုစုထားတဲ့ ၂ဝဝ၅ ခုနှစ် စာရင်း အရဆိုရင် ကလေး ၁ သိန်းအရှင်မွေးရင် မီးတွင်း သေဆုံးရတဲ့ မိခင်ပေါင်း ၅ဝဝ ကျော်တာ ၆၅ နိုင်ငံ ရှိတဲ့ထဲမယ် မြန်မာနိုင်ငံက ၅၁ဝ နဲ့ပါတယ်။ ပိုဆိုးတာက ၁ဝဝဝ ကျော်ရှိတာ ၃၃ နိုင်ငံ၊ ၂ ထောင်ကျော် ၆ နိုင်ငံနဲ့ ဘိတ်ဆုံးဟာ ၃၇ဝဝ နဲ့က (ဆာရာလီအွန်) ဖြစ်တယ်။

ကျွန်တော်တို့ တိုင်းပြည်မှာက သုတေသနဆိုတာ အတော်ကြီး နည်း၊ အတော်ကြီး ခက်ခဲနေသေးတယ်။ တာဝန်ရှိသူတွေ ကနေသာ ကိုင်တွယ် ထုတ်ပြန်လေ့ရှိတဲ့အပြင် မကောင်းတဲ့ စာရင်းဆို မပြတတ်တဲ့ အကျင့် ပါနေတယ်။ တာဝန်ရှိသူတွေလို့ ပြောတာကိုက မှားနေတယ်။ ကျန်းမာရေး ပြဿနာကို ကောင်းမွန် တိုးတက်အောင် ဖြေရှင်းရာမှာ အုပ်ချုပ်သူတွေနဲ့ ကျန်းမာရေးနယ်မှာ လုပ်နေကြသူတွေချည်းနဲ့ မလုံလောက်ပါ။

မအေတွေ အသေနဲလာရတဲ့ တခြား အရေးကြီးတဲ့ အကြောင်းတခုကတော့ နိုင်ငံရေးပါ။ အမျိုးသမီးတွေကို ပိုဂရုစိုက်ပေးဘို့ လိုတယ်ဆိုတဲ့ နိုင်ငံရေးအမြင်၊ လူမှုရေးအသိ ကောင်းလာလို့ ဖြစ်တယ်။ နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ လူမှုရေး အသင်းအပင်းတွေ၊ အမျိုးသမီး အစုအစည်းတွေဟာ နေရာတိုင်းမှာ အရေးပါလှပါတယ်။ သူ့အသိစိတ်နဲ့သူ ဖွဲ့ကြရတာဖြစ်ဘို့လဲ လိုပါမယ်။

CEDAW လို့ခေါ်တဲ့ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုမျိုးစုံ ပပျောက်ရေး ကော်မတီဆိုတာ ရှိတယ်။ ကမ္ဒ္ဘာ့ ကုလသမဂ္ဂ အောက်ကပါ။ ၂ဝဝဝ ခုနှစ်က မြန်မာကိုယ်စားလှယ်ကနေ ၁ဝဝဝ မှာ ၁ ယောက် သေနေတာက ၂ဝဝဝ မှာ ၁ ယောက်သာ သေအောင်လုပ်မယ်လို့ နယူးယော့မှာ ကတိပေးခဲ့တယ်။ ဘယ်လောက် ကောင်းသလဲ။ နားထောင်လို့။

လက်လှမ်းမီသလောက် စာရင်းလိုက်ရှာတော့ မြန်မာပြည်မယ် ၁၉၉၅ မှာ MMR ၁၇ဝ ယောက်လို့ UNDP စာရင်းတခုမှာ တွေ့တယ်။ ၁၉၉၉ တုံးက (ဆာဗေး) လုပ်တော့ ၂၅၅ ယောက်လို့ ထုတ်ပြန်ခဲ့တယ်။ နောက်ထပ် တွေ့ရတာက ၁၉၉ဝ မှာ ၅၈ဝ၊ ၂ဝဝဝ မှာ ၃၆ဝ၊ ၂ဝဝ၇ မှာ ၃၂ဝ ဆိုပြီး တွေ့ရတယ်။ ဒီထဲမှာ ၁၉၉၅ နဲ့ ၁၉၉၉ က စာရင်းတွေကို ထည့်မရေးတာ သတိထားမိမှာပါ။ နောက်နှစ်တွေမှာ ပိုဆိုးသွာတဲ့ သဘောဖြစ်နေလို့ စာရင်း မသွင်းတော့တာနဲ့ တူတယ်။ “မီးတွင်းမှာ သေသွားရတဲ့ အမျိုးသမီးများ စာရင်းတောင် အသွင်းမခံရပါလား။”

သတင်းတို့၊ စာရင်းတို့ ထုတ်ပြန်တော့ အရင်စာရင်းနဲ့ နောက်စာရင်း နှိုင်းယှဉ်ရင် “တိုးတက်၊ ကောင်းမွန်၊ အောင်မြင်တယ်” ဆိုတာကို သိပ်ပြောချင်ကြတယ်။ အကောင်းတွေ တိုးလာစေ၊ အဆိုးတွေ နည်းလာစေဆိုမှ မျက်နှာပန်းက လှမှာကိုး၊ သတိကြီးကြီး ထားတတ်ကြတယ်။ သတိကြီးတယ်ဆိုတာ ကောင်းတာပေါ့။ သတင်းရေးသူတွေ အမျိုးမျိုးရှိသလို ကိုးကားတာကလဲ တမျိုးတမျိုးကြီး ဖြစ်နေမှာပါဘဲ။ ဗမာပြည်မှာ စာရင်းဇယား၊ ကိန်းဂဏန်းဆိုတာ ကိုးကားချင်ရင် “လေဖမ်း ဒန်းစီးရသလိုမျိုး” ကိုး။

ကျွန်တော်တို့ တိုင်းပြည်မှာ ၁ နှစ်မှာ မွေးလူနာပေါင်း ၁့၃ သန်းရှိပါတယ်။ ၂ဝဝ၅ မေလ ၂ ရက်က (ဆင်ဟွာ) သတင်း ဌာနကနေ ကျန်းမာရေးဌာနကို ကိုးကားပြီး မြို့နယ်ပေါင်း ၁၂ဝ က၊ အိမ်ထောင်စုပေါင်း ၂ သိန်းခွဲကို UNICEF နဲ့ပေါင်းပြီး၊ ဆန်းစစ်မယ်လို့ ပါတယ်။ ၂ဝဝဝ ခုနှစ် တုံးက မွေးလူနာ ၁ သိန်းမှာ သေရတဲ့ မိခင်ပေါင်းက ၄၃ဝဝ ရှိတယ်လို့ပါတယ်။ ၂ဝဝ၉ ဇန္နဝါရီလ သတင်းတခုမှာ UN Population Fund (UNFPA) အဆိုအရ နှစ်တိုင်း မိခင်ပေါင်း ၃၈ဝဝ သေဆုံး နေရတယ်လို့ ဆိုတယ်။

၂ဝဝ၉ ဇွန်လ တတိယပါတ်ထုတ် (မြန်မာ တိုင်းမ်) မှာ မိခင်နှင့်ကလေး ကျန်းမာရေး တိုးတက်လာတယ်လို့ ဖတ်ရတယ်။ သာဓု ခေါ်ရမှာပေါ့။ တပါတည်း မှတ်ချက်ပြုထားတာက တိုးတက်လာတယ် ဆိုတာကို ကိန်း ဂဏန်းတွေနဲ့ ပြမရဘူးတဲ့။ ဘာ့လိုလဲ ဆိုတော့ ခိုင်လုံတဲ့ သတင်းအချက်အလက် ရဘို့ ခက်ခဲလို့ပါတဲ့။ အားရှိစရာလို့ ပြောရမလားတော့ မသိဘူး၊ ဗမာပြည်ဟာ အရှေ့တောင်-အာရှမှာ အဆိုးဆုံး ဖြစ်ပေမဲ့ ၂ဝဝ၅ မှာ ၁၉၉ဝ ကထက် ၄၅့၅% တောင်မှ လျော့ကျခဲ့တယ်။ ၂ဝ၁၅ ရောက်ရင် မီးတွင်းသေနှုန်းကို ၄ ပုံ ၃ ပုံ လျော့ကျစေရမယ်တဲ့။ ဒုတိယအကြိမ် သာဓုခေါ်ပါတယ်။

၂ဝဝ၈ ခုနှစ်အတွင်း ကလေးဖွါးရာမှာ ၅၇%ကဘဲ ကြွမ်းကျင်တဲ့ သူတွေနဲ့ မွေးကြတယ်။ သေဆုံးရသူတွေထဲက ၈၇% က တောပိုင်းမှာ ဖြစ်တယ်။ သေသူတွေဟာ ဆေးရုံ ဆေးခန်းမှာ ၁ဝ%၊ လမ်းမှာ ၂% နဲ့ အိမ်မှာက ၈၈% ရှိတယ်လို့ တိတိ ကျကျ တွေ့တယ်။ သားဖွါး ဆရာမ တယောက်ဟာ ရွာ ၁၆ ရွာကို ကြည့်ပေးနေရတယ်လို့ပါ ထောက်ပြတာ တွေ့ရတယ်။ ပြည်နယ် တခုမှာ အရံသားဖွါး-ဆရာမ ဖြစ်အောင် သင်တန်းပေးတာ ၃ လစာကို ၁ ပါတ်ထဲ ပေးလိုက်သတဲ့။ ကိုယ်တိုင် တက်လာသူကနေ ပြောတာပါ။ ဒီသတင်း အမှန်မျိုးက စာရင်းဇယား၊ သတင်းများမှာ ပါတာ မဟုတ်ဘူး။

ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း http://dts-medicaleducation.blogspot.com/2010/03/anc-antenatal-care.html
LSCS and Normal labor ဗိုက်ခွဲမွေးတာ နဲ့ ရိုးရိုးမွေးတာ http://dts-medicaleducation.blogspot.com/2011/02/lscs-and-normal-labor.html
LSCS ဗိုက်ခွဲ မွေးရခြင်း http://dts-medicaleducation.blogspot.com/2010/06/q-and-on-lscs_13.html

Dr. တင့်ဆွေ
၂-၁၂-ဝ၉

Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ

Breast cancer ရင်သား-ကင်ဆာ ဟာ ဆရာဝန်တွေအဖို့ရော လူနာတွေအတွက်ပါ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကနဲ့ မတူတော့ပါ။ ပျောက်ကင်း-ချမ်းသာလာတဲ့နှုန်း မြင့်မားလာနေတယ်။ ကျန်းမာရေးအသိ ပိုရှိလာနဲ့ စောစောစီးစီး သိပြီး ထိရောက်တဲ့ကုသမှုတွေ ရှိလာတာကို ကျေးဇူးတင်ရမယ်။ ဒါတောင် တနှစ်မှာ အမေရိကန် အမျိုးသမီးပေါင်း ၂ သိန်းလောက် ရင်သား-ကင်ဆာနဲ့ ဆေးလာကုနေကြရသေးတယ်။

• Breast Cancer Symptoms ရင်သား-ကင်ဆာမှာ ဘယ်လိုလက္ခဏာတွေ ရှိသလဲ
ဘာမှကို မခံစားရသူတွေ မနည်းဘူး။ တချို့က ရင်သားမှာ မနာတဲ့ အကျိတ်တွေ့တယ်။ တချို့မှာ ရင်သား အရွယ်အစား ပြောင်းလာတယ်။ တချို့ ချိုင်းနေရာ ဖေါင်းလာတယ်။ တချို့ နို့ကနေ တခုခုထွက်တယ်။ ရင်သားနာတာဟာ ကင်ဆာ မဟုတ်ဘို့ များတယ်။

Inflammatory Breast Cancer နို့နာနဲ့တူတဲ့ ရင်သားကင်ဆာဆိုတာ အတော်ရှားပါတယ်။ ကြီးလာတာ မြန်တယ်။ အကျိတ်သပ်သပ်ရယ်လို့ မတွေ့တတ်ဘူး။ အပေါ်ယံအရေပြားက ထူထဲ၊ ရဲလာမယ်။ လိမ်မော်ခွံနဲ့ ဆင်တယ်။

• Breast Cancer and Mammograms (မင်မိုဂရမ်)
စောစောသိလေ ကောင်းလေဆိုတာ ရင်သား-ကင်ဆာမှာ သိပ်မှန်တယ်။ (မင်မိုဂရမ်) စစ်တာနဲ့သိနိုင်တယ်။ လက်နဲ့ စမ်းမတွေ့ခင်ကတည်းကနေ သိတယ်။ American Cancer Society ကနေ အသက် ၄ဝ ကျော်သူတိုင်း ဖြစ်နိုင်ခြေ အုပ်စုမှာပါနေရင် တနှစ်တခါ (မင်မိုဂရမ်) ရိုက်ဘို့ အကြံပြုထားတယ်။ ၅ဝ-၇၄ နှစ်ရှိသူတိုင်း ၂ နှစ်တခါစစ်ဘို့ ပြောထားတယ်။

• Breast Ultrasound and MRI (အာလ်ထွာဆောင်း) နဲ့ (အမ်အာရ်အိုင်)
(အာလ်ထွာဆောင်း) ရိုက်ရင် Cysts (ဆစ်စ်) ခေါ်တဲ့ အထဲမှာ အရည်လိုဟာရှိနေတဲ့အိတ်ကို သိနိုင်တယ်။ ဒီလိုတွေ့တာ ကင်ဆာ မဟုတ်ပါ။ ရင်သား-ကင်ဆာ ဖြစ်နိုင်ဘို့ အလားအလာရှိသူတွေကို Mammogram routine screening ပုံမှန် ဆန်ကာတင်စစ်နည်း (မင်မိုဂရမ်) နဲ့အတူ MRI ပါရိုက်ရမယ်။

Breast Self-Exams ကိုယ့်ဖါသာ စစ်ဆေးနည်းကလဲ အထောက်အကူပြုပါတယ်။ လတိုင်းစစ်နေသင့်တယ်။ စစ်ဆေးနည်းကို ဆရာဝန်ဆီကနေ လေ့လာသင်ယူထားပါ။ ကိုယ့်ဖါသာရှာလို့ မတွေ့ပေမဲ့ မရှိတာလို့တော့ မပြောနိုင်ပါ။

• Lump အကျိတ်စမ်းရရင် ဘာလုပ်မလဲ ပဌမဆုံးအချက်က အစိုးရိမ်မကြီးပါနဲ့။ ရင်သား-အကျိတ် ၈ဝ% ဟာ ကင်ဆာ မဟုတ်ပါ။ ဒါပေမဲ့ ဆရာဝန်ကိုတော့ပြပါ။ Cysts (ဆစ်စ်) အကျိတ်ဖြစ်နိုင်တယ်၊ လစဉ်လာ ရာသီခွင်ကြောင့် အပြောင်းအလဲ ဖြစ်နိုင်တယ်။ ကလေးနို့တိုက်နေတုံး အဆင်မသင့်တာလဲ ဖြစ်နိုင်တယ်။ Breast Biopsy အသားစ ထုတ်ယူစစ်ဆေးခြင်းက ရောဂါနာမည်ကို သေခြာစေမယ်။

• Hormone-Sensitive Breast Cancer ဟော်မုန်းသက်ရောက်မှုရှိတဲ့ ရင်သား-ကင်ဆာ အမျိုးအစား
Estrogen (အီစထိုဂျင်) နဲ့ Progesterone (ပရိုဂျက်စတီရုံး) ဟော်မုန်း ၂ မျိုးရဲ့ သက်ရောက်မှုအရ အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ရင်သား-ကင်ဆာ ဟုတ်-မဟုတ်ကို Biopsy အသားစဖြတ်ယူစစ်ဆေးတာလုပ်ရင် သိစေမယ်။ Receptors ဆိုတာကို တွေ့ရမယ်။ Estrogen (ER-positive) ဒါမှမဟုတ် Progesterone (PR-positive) ဒါမှမဟုတ် ၂ မျိုးလုံး ဖြစ်နိုင်တယ်။ တချို့မှာ ၃ ပုံ ၁ ပုံမှာ ဘယ်ဟာမှ မပါဘူး။ ပါတာအတွက် ဟော်မုန်းဆေးတွေသုံးပြီး ကုသနိုင်တယ်။ ၂ဝ% နည်းပါး HER2 ခေါ်တဲ့ (ပရိုတင်း) တွေတွေ့ရတယ်။ ဒီလိုအမျိုးအစားကို HER2-positive လို့သတ်မှတ်မယ်။ ပြန့်ပွါးတာ မြန်တယ်။ ကုသမှု တနည်းသုံးရတယ်။

• Breast Cancer Stages ရင်သား-ကင်ဆာ အဆင့်သတ်မှတ်မှု
ရင်သား-ကင်ဆာကို ရောဂါနာမည်တပ်ပြီးတာနဲ့ တဆက်ထဲလုပ်မှာက ဘယ်အဆင့်ရောက်နေပြီလဲ။ ဆိုလိုတာက ဘယ်လောက်ကြီးနေလို့ ဘယ်အထိပြန့်နေပြီလဲ။ အဆင့် သုညကနေ လေးအထိ သတ်မှတ်တယ်။ ဒါကိုသိမှ ဘယ်လိုနည်း သုံးပြီးကုမလဲ ဆုံးဖြတ်ရတယ်။

• Breast Cancer Surgery ခွဲစိတ်ကုသနည်း
ခွဲနည်း အမျိုးမျိုးရှိတယ်။ Lumpectomy ဆိုတာ Breast-conservation surgery အကျိတ်ကိုသာထုတ်ပြစ်ပြီး ရင်သားကိုချန်ထားနည်း။ Mastectomy ရင်သားတခုလုံး ထုတ်ပြစ်နည်း။

• Radiation Therapy ဓါတ်ကင်နည်း
High-energy rays ပြင်းတဲ့ဓါတ်ရောင်ခြည်သုံးရတယ်။ ကင်ဆာ-ဆဲလ်တွေကိုသေစေမယ်။ ခွဲစိတ်ပြီးမှလဲလုပ်တယ်။ ဆေးပေးနည်းနဲ့လဲတွဲတယ်။

• Chemotherapy ဆေးပေးနည်း
တကိုယ်လုံးက ရှိသမျှ ကင်ဆာ-ဆဲလ် တွေကို သတ်ပြစ်မယ်။ အကြောဆေး၊ စားဆေး နဲ့ ထိုးဆေးတွေရှိတယ်။ ခွဲပြီးမှလဲပေးတယ်။ နောက်ပိုင်းကျနေတဲ့ အဆင့်အတွက်လဲ ထိန်းနိုင်အောင် ပေးတယ်။ ဆံပင်ကျွတ်၊ ပျို့၊ အားယုတ်၊ ရောဂါပိုးဝင်ဆိုတဲ့ ဘေးထွက်-ဆိုးကျိုးတွေ ဖြစ်နိုင်တယ်။

• Hormone Therapy ဟော်မုန်းပေးနည်း
ER-positive နဲ့ PR-positive breast cancer အမျိုးအစားတွေအတွက် ကောင်းတယ်။ ခွဲစိတ်ပြီးနောက် ပေးရတာများတယ်။ ရင်သား-ကင်ဆာဖြစ်ဘို့ အန္တရာယ်ရှိနိုင်သူတွေကိုလဲ ပေးနိုင်တယ်။

• Targeted Drugs ဆေးပေးကုသနည်း
ဆေးသစ်တွေသုံးတယ်။ HER2-positive breast cancer အမျိုးအစားမှာ HER2 ပရိုတင်းတွေများနေတယ်။ ဒီဟာတွေကို ပစ်မှတ်ထားပြီး တားမဲ့ဆေးသုံးတယ်။ (ခီမို) ဆေးနဲ့ တွဲတတ်တယ်။

• Breast Cancer Survival Rates ရင်သား-ကင်ဆာ ဘယ်လောက်အသက်ရှင်မှာလဲ
ဘယ်အခြေအနေမှာ စသိသလဲအပေါ်မှာ အများကြီးမူတည်တယ်။ American Cancer Society အလိုအရ အဆင့် (၁)မှာ စသိပြီး ဆေးကုရင် ၅ နှစ်သေခြာပေါက်ရှင်မှာ ရာနှုန်းပြည့်။ နောက်ကျမှသိလေလေ အသက်ရှင်နေနိုင်ဘို့ နှစ် နည်းလေလေ။ အဆင့် (၄) ကျမှသိရင် ၂ဝ% အထိသာရှိမယ်။ ကံကောင်းသူတွေ (ဆေးကုနည်းကောင်းရင်) ဒိထက် ရှည်ပါအုံးမယ်။

• Life After Diagnosis ရင်သား-ကင်ဆာရှိနေတယ်လို့ သိတဲ့နောက် ဘယ်လိုနေမလဲ
ကင်ဆာဆိုတာ ဆရာဝန်တွေပြောစရာမလိုအောင် ဆိုးတာတော့ သိနေကြပြီ။ အသေအခြာ၊ စောစော၊ စနစ်တကျ ကုသရင် အများကြီး ကောင်းစေမယ် ဆိုတာတော့ ပြောပါရစေ။ နေ့တဓူဝကိစ္စမျိုးတွေ အရင်လိုတော့ မလုပ်နိုင်၊ မလုပ်သင့်ပါ။ တကိုယ်တည်းလိုလို ခံစားရနိုင်တယ်။ မိတ်ဆွေတွေ အမျိုးတွေနဲ့ ပိုပြီးထိစပ်ဆက်ဆံပါ။ အားပေးမှုရယူပါ။ Support group ဘဝတူအုပ်စုတွေမှာ ပါဝင်ပါ။

• Breast Reconstruction ရင်သားအသစ်လုပ်ခြင်း
ရင်သားတခုလုံး ထုတ်လိုက်ရသူတွေက Reconstructive surgery အတုပြန်လုပ်တဲ့ ခွဲစိတ်နည်းလုပ်နိုင်တယ်။ အရေပြား၊ ခွဲစိတ်ထုတ်ပြစ်လိုက်တဲ့ နို့သီး၊ နို့ (တစ်ရှူး) တွေ အစားလုပ်ပေးနည်းဖြစ်တယ်။ Breast implant နို့အတုထည့်နည်း နဲ့ ကိုယ့်ခန္ဓာကိုယ် တခြားနေရာက (တစ်ရှူး) တွေယူပြီး အသစ်တည်ဆောက်နည်းလို့ ရှိတယ်။ ရင်သားထုတ်တဲ့အချိန်မှာ တခါတည်းလဲလုပ်တာရှိတယ်။ နောက်မှ အေးအေးဆေးဆေး လုပ်တာလဲရှိတယ်။ (သပ်သပ် ရေးထားပါတယ်။)

Breast Forms ရင်သားပုံစံအတု သုံးနည်း။ Breast-shaped prosthesis ခေါ်တယ်။ ခွဲစိတ်စရာမလိုဘူး။ ကိုယ်လိုချင်သလို ဝတ်ဆင်နိုင်တယ်။

• Risk Factors ရင်သား-ကင်ဆာ ဖြစ်စေနိုင်တဲ့ အလားအလာရှိသူတွေ
ကိုယ်အလေးချိန် များသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်သူတွေ၊ အရက်သေစာ သောက်စားသူတွေ၊ ကိုယ်ဝန်တားဆေး တချို့၊ သွေးဆုံးချိန်မှာ ဟော်မုန်းဆေးပေးကုသသူတွေ၊ ဒီလိုဆေးတွေကြောင့်ဖြစ်တာမျိုးက ဆေးဖြတ်လိုက်ရင် ဖြစ်နိုင်ခြေ အလားအလာလဲ ရပ်တန့်သွားမယ်။ ရင်သား-ကင်ဆာက လွန်မြောက်လာသူတွေရဲ့ အတွေ့အကြုံအရ လူနေမှုပုံစံ ပြုပြင်ခြင်းဟာ အများကြီးအထောက်အကူပြုတာ တွေ့ရတယ်။ သုတေသနတွေ ဆက်လုပ်နေပါတယ်။

• Why Me ကျမကျမှ ဘာလို့ဖြစ်ရသလဲရှင်
o ပဌမအချက်က မိန်းမဖြစ်နေလို့ပါ။ (ဆောရီး)။
o ယောက်ျားတွေမှာ အဆ ၁ဝဝ နည်းကြတယ်။
o အမျိုးသမီး အသက် ၅၅ နှစ် ကျော်သူတွေ။
o အမေမှာ ဒါဖြစ်ဘူးတယ်ဆိုလို့ သိပ်မစိုးရိမ်ပါနဲ့။ မျိုးရိုးမလိုက်တာ ၈ဝ% ရှိတာလဲ သတိပြုပါ။
o တချို့မှာ Breast Cancer Genes ရင်သား-ကင်ဆာ မျိုးဗီဇ ပါနေတယ်။ အဲဒီ Genes မျိုးဗီဇတွေကို BRCA1 နဲ့ BRCA2 လို့ ခေါ်တယ်။ ဒါရှိနေသူတွေထဲက ၈ဝ% က ရင်သား-ကင်ဆာ ဖြစ်စေနိုင်တယ်။ မျိုးဗီဇအကြောင်း ဆရာဝန်တွေ သိတာ နည်းသေးတယ်။ ကံတရားလို့ပြောတာ ဘယ်သူငြင်းနိုင်ပါသလဲ။

Dr. တင့်ဆွေ
၎-၃-၂ဝ၁၂

Antioxidants (အင်တီ-အောက်စီဒင့်)

Thu, Mar 15, 2012 at 12:34 AM
အခုတလော ကျန်းမာရေးနဲ့ ဆေးလောကမှာ ခဏခဏပြောနေ၊ ကြားနေရတဲ့ Antioxidant တွေအကြောင်း ပြည့်ပြည့်စုံစုံ၊ မြန်မာလို ရှင်းပြတဲ့ ဆောင်းပါးတစ်ပုဒ်လောက် တင်ပေးပါလားခင်ဗျာ။

Antioxidants (အင်တီ-အောက်စီဒင့်) တွေဆိုတာ အကြမ်းပြောရရင် မကောင်းတာတွေဘေးကနေ (ဆဲလ်) တွေကို အကာကွယ်ပေးနေတဲ့ ဓါတ်တွေ ဖြစ်တယ်။ ဒီနေရာမှာ မကောင်းတာတွေကို Free radicals (ဖရီး-ရက်ဒီကယ်လ်) ခေါ်တယ်။ ကိုယ်ခန္ဓာ ကနေလဲ အစားအစာတွေ ကျေချက်ရာကနေ ထုတ်ပေးသလို ဘေးပါတ်ဝန်းကျင်ကနေလဲ လာတယ်။ ဥပမာ မီးခိုးငွေ့၊ ဓါတ်ရောင်ခြည်။ (အင်တီ-အောက်စီဒင့်) တွေကနေ နှလုံးရောဂါ၊ ကင်ဆာ နဲ့ တခြားရောဂါတွေ မရစေနိုင်ဘူး။ အသီးအနှံတွေနဲ့ အသီးအရွက်တွေမှာ ပါနေတယ်။ အစေ့အဆံတွေ၊ အသား-ငါးတွေမှာလဲ ပါတယ်။

(အင်တီ-အောက်စီဒင့်) တွေကို နာမည်နဲ့ပြောရင် Beta-carotene (ဘီတာ-ကယ်ရိုတင်း)၊ Lutein (လူတိန်း)၊ Lycopene (လိုင်ကိုပိန်း)၊ Selenium (ဆလဲနီယမ်)၊ Vitamin A (ဗီတာမင်-အေ)၊ Vitamin C (ဗီတာမင်-စီ) နဲ့ Vitamin E (ဗီတာမင်-အီး) တွေ ဖြစ်ကြတယ်။

လူ့ကိုယ်ခန္ဓာမှာရှိတဲ့ သန်းထောင်ပေါင်းများစွာသော (ဆဲလ်) တွေဟာာ အန္တရာယ်တွေနဲ့ အမြဲရင်ဆိုင်နေကြရတယ်။ အစာ အာဟာရ မရတာမျိုးကနေ (ဗိုင်းရပ်စ်) ပိုးတွေဝင်တာ စသဖြင့်ဖြစ်နိုင်နေတယ်။ ဒါတွေက တခါတလေမှ ဖြစ်လာနိုင်ပေမဲ့ အမြဲတန်းရှိတဲ့ အန္တရာယ်ကတော့ (ဖရီး-ရယ်ဒီကယ်လ်) တွေဖြစ်တယ်။ (ဆဲလ်) တွေကို ပျက်စီးသွားနေနိုင်သလို မျိုးဗီဇ ပြောင်းတာအထိ ဖြစ်စေနိုင်တယ်။ မသင့်တဲ့အစာတွေထဲမှာလဲ (ဖရီး-ရယ်ဒီကယ်လ်) တွေပါနေမယ်။ ကောင်းတဲ့အစာတွေ စားတာမှန်ပေမဲ့ အစာကျေချက်ရာကနေ ထွက်လာတာတွေထဲမှာ ပါတယ်။ လေထဲ၊ နေရာင်ထဲကနေလဲ ရသေးတယ်။


Antioxidants (အင်တီ-အောက်စီဒင့်) လို့ခေါ်တာက သိပ်မတိကျဘူး။ Electron donor (အီလက်ထရွန်) ပေးသူလို့က ပိုမှန်တယ်။ Electron grabbers (အီလက်ထရွန်) ဆုပ်ယူသလိုလုပ်တာလဲ ရှိသေးတယ်။

၁၉၉ဝ ကျော်လောက်ကစပြီး သိပ္ပံပညာရှင်တွေက သိလာတာပါ။ (ဖရီး-ရယ်ဒီကယ်လ်) တွေနဲ့ ကင်ဆာ၊ မျက်စိ မကောင်းတာနဲ့ နာတာရှည်ရောဂါတွေနဲ့ ဆိုင်တာကို သိလာရတယ်။ (အင်တီ-အောက်စီဒင့်) ကြွယ်ဝတဲ့ အသီးအနှံတွေကို အစားနည်းသူတွေမှာ အဲဒီရောဂါတွေ ပိုဖြစ်နေကြတာကိုလဲ သိလာရတယ်။ ဒီစာကို ဆက်ဖတ်စေချင်ပါတယ်။

Beta-carotene နဲ့ Vitamin E တွေကို တခုချင်းလေ့လာတယ်။ အဖြေရလဒ်တွေ မရခင်ကတည်းကနေ (အင်တီ-အောက်စီဒင့်) တွေဟာ နှလုံးရောဂါနဲ့ ကင်ဆာကို ခံတိုက်မဲ့လက်နက် ဖြစ်တယ်လို့ (မီဒီယာ) တွေကနေ ရေးလာတယ်။ ပြောသလောက်၊ ရေးသလောက်၊ ကြော်ညာသလောက်တော့ မဟုတ်ပါ။ စမ်းသပ်မှုတွေရဲ့က အဖြေတွေ ရောထွေးနေပါတယ်။

တချို့ဆိုရင် ဘာမှမထူးတာလဲ တွေ့ရတယ်။ သုတေသနတချို့က မဟုတ်ပါဘူးအထိ ပြောတာလဲ ရှိလာတယ်။ ပြောင်းပြန်တောင်ဖြစ်မလား သံသယရှိသေးပြန်တယ်။ ဥပမာ Beta-carotene စားလို့ ဆေးလိပ်သောက်သူတွေမျာ Lung cancer အဆုပ်-ကင်ဆာ ပိုဖြစ်နိုင်တယ်လို့ လေ့လာမှုတခုက ဆိုထားတယ်။ ၁၈ နှစ်ဆက်တိုက် Physicians' Health Study လေ့လာမှုတခု အရတော့ အသင့်အတင့် အကျိုးရစေတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဒေါ်လာသန်း ၅ဝဝ တန်ဘိုးရှိနေတဲ့ စီးပွါးရေး ဈေးကွက်အရ ကြော်ညာတွေ၊ စိုက်ပျိုးတာတွေက ဆက်လက် လုပ်နေရှိနေဆဲ ဖြစ်ပါတယ်။
• ကျန်းမာနေတဲ့ အမျိုးသမီးပေါင်း ၃၉၈၇၆ ယောက်ကို သဘာဝကရတဲ့ (ဗီတာမင်-အီး) 600 IU တရက်ခြား ၁ဝ နှစ်တာ သောက်စေခဲ့တယ်။ တအုပ်စုက ဒါမသောက်ဘူး။ နှလုံးရောဂါနဲ့ ကင်ဆာအဖြစ်နည်းတယ်လို့ မတွေ့ရပါ။ ဒါပေမဲ့ နှလုံးရောဂါနဲ့ သေဆုံးမှုကတော့ ၂၄% လျော့ကျတယ်။ အကျိုးမယုတ်စေတာတော့ သေခြာတယ်။
• တကယ် နှလုံးရောဂါရှိနေသူတွေကို ပေးကြည့်တာလဲ မထူးလှပါ။ Beta-carotene ကလဲ ထူးမခြားနားဘဲ။ Cancer နဲ့ Antioxidants ကလဲ မရေရာပါ။
• Age-Related Eye Disease အသက်ကြီးလို့ မကောင်းဖြစ်လာတဲ့ မျက်စိဝေဒနာ နဲ့ Antioxidants မှာတော့ ကောင်းတာလာတွေ့ရတယ်။ ၆ နှစ်တာလေ့လာမှုအရ vitamin C, Vitamin E, Beta-carotene, and Zinc တွဲပေးတာက ရောဂါကာကွယ်ရာမှာ အကျိုးရှိတာ တွေ့ရတယ်။

Potential Hazards ဆိုးတာကော ရှိသလား။
• ဖင်လန်မှာ ဆေးလိပ်သောက်တဲ့ ယောက်ျားတွေကို Beta-carotene ပေးတော့ အဆုပ်-ကင်ဆာ ပိုဖြစ်သလို တွေ့ရတယ်။
• Asbestos (မီးခံပြားလုပ် ပစ္စည်း) နဲ့ ထိတွေ့နေရသူတွေကို Beta-carotene + Vitamin A ပေးတယ်။ အဆုပ်-ကင်ဆာ ပိုဖြစ်နေပြန်တယ်။
• SU.VI.MAX trial စမ်းသပ်မှုမှာလဲ အမျိုးသမီးတွေမှာ Vitamin C, Vitamin E, Beta-carotene, Selenium နဲ့ Zinc ပေးတော့ အရေပြား-ကင်ဆာနဲ့ ဆက်စပ်နေတယ်။

အခြေခံကျတာကိုပြောရရင် နာတာရှည်ရောဂါတွေနဲ့ ကင်ဆာရှိနေသူတွေကို ဒီလိုဆေးမျိုးပေးတာ၊ စားစေတာက ရှိနေပြီး ရောဂါကို ဘာမှ သက်ရောက်မှု မဖြစ်စေနိုင်ပါ။ သုတေသနတွေကို ကောင်းတယ်ဆိုတာရော မကောင်းလောက်ဘူး ဆိုတာတွေပါ ကံသေကမ္မ ပြောမရသေးပါ။ Antioxidants တွေဟာ Immune System ရောဂါပြီး-စနစ်ကို ကောင်းစေလို့ Super Foods ဖြစ်တယ်လို့ရေးတာတွေလဲ ရှိပါတယ်။ Supermarket ကနေ ကြော်ညာတာ ဖြစ်ပါတယ်။ Colds and Flu အအေးမိတာနဲ့ တုပ်ကွေးကို ကောင်းစေတယ်လို့သာ ရေးလို့ မဆိုးလှပါ။

• Beta-carotene တွေက Apricots တရုပ်-ဆီးသီး၊ Asparagus ကညွတ်၊ Beets မုံလာဥအမျိုးမျိုး၊ Broccoli မုံလာပွင့်စိမ်း၊ Cantaloupe သခွါးမွှေး၊ Carrots မုံလာဥနီ၊ Corn ပြောင်း၊ Green peppers ငရုပ်ပွ၊ Kale ကိုက်လန့်၊ Mangoes သရက်သီး၊ Turnip ခါကြက်ဥ၊ Collard greens မုံလာစိမ်းတမျိုး၊ Nectarines, Peaches မက်မုံသီး၊ Pumpkin ဖရုံသီး၊ Squash သခွါးသီး၊ Spinach ဟင်းနုနွယ်၊ Sweet potato ကန်စွန်းဥ၊ Tangerines ရှောက်တမျိုး၊ Tomatoes ခရမ်းချဉ်သီး၊ Watermelon ဖရဲသီးတွေမှာပါတယ်။
• Vitamin C က Berries ဘယ်ရီသီး၊ Broccoli မုံလာပွင့်စိမ်း၊ Brussels sprouts မုံလာစိမ်းထုပ်၊ Cantaloupe သခွါးမွှေး၊ Cauliflower မုံလာပွင့်၊ Grapefruit ကဗလာသီး၊ Honeydew သခွါးတမျိုး၊ Kale ကိုက်လန့်၊ Kiwi ကီဝီသီး၊ Mangoes သရက်သီး၊ Nectarines မက်မုံ၊ Orange လိမ်မော်သီး၊ Papaya သင်္ဘောသီး၊ Ted, green or yellow peppers ငရုပ်သီးအမျိုးမျိုး၊ Snow peas တပင်လုံးစားရတဲ့ပဲတမျိုး၊ Sweet potato ကန်စွန်းဥ၊ Strawberries စထောဘယ်ရီ၊ Tomatoes ခရမ်းချဉ်သီးတွေမှာ ပါတယ်။
• Vitamin E က Broccoli မုံလာပွင့်စိမ်း၊ Carrots မုံလာဥနီ၊ Mustard မုံညင်း၊ Turnip greens ခါကြက်ဥ၊ Mangoes သရက်သီး၊ Nuts အစေ့အဆံ၊ Papaya သင်္ဘောသီး၊ Pumpkin ဖရုံသီး၊ Red peppers ငရုပ်သီး၊ Spinach ဟင်းနုနွယ်၊ Sunflower seeds နေကြာစေ့တွေမှာ ပါတယ်။
• Zinc က oysters ခရု၊ Red meat, Poultry အသားအမျိုးမျိုး၊ Beans ပဲအမျိုးမျိုး၊ Nuts အစေ့အဆံ၊ Seafood ပင်လယ်စာ၊ Whole grains ဖြူနေအောင် ချွတ်မထားတဲ့အဆံတွေ၊ Dairy products နို့ထွက်အစာတွေမှာ ပါတယ်။
• Selenium က Brazil nuts ဘရာဇီးလ်ပဲ၊ Tuna ကျူနာငါး၊ Beef အမဲသား၊ Poultry ကြက်-ဘဲသား၊ Fortified breads ပေါင်မုံ့တွေမှာ ပါတယ်။

တနေ့တာ လိုအပ်ချက်
• Beta-carotene = 3 - 6 milligrams
• Selenium = 55 micrograms
• Vitamin C = 90 milligrams (ယောက်ျား)၊ 75 milligrams (မိန်းမ)၊
• Vitamin E = 15 milligrams
• Zinc = 11 milligrams (ယောက်ျား)၊ 8 milligrams (မိန်းမ)၊

မြန်မာပြည်မှာ ပညာရပ်ဆိုင်ရာစာတွေကို အင်္ဂလိပ်လိုက နေယူကြရတယ်။ စာလုံးလေးကအစ၊ စာတပုဒ်၊ စာတအုပ်လဲ အဲလိုယူထားတော့ အထင်ကြီးစရာ ဖြစ်တယ်။ ကျန်းမာရေး သတင်းတို့ ဆေးပညာစာတို့ကိုတော့ အင်္ဂလိပ်စာလုံးတွေနဲ့ ညှပ်ရေးတိုင်း အထင်တခွဲသား မထားကြစေချင်ပါ။ အဆန်းလေးတွေကို စိတ်ဝင်စားကြတာတော့ မှန်ပါရဲ့၊ ဆန်းတိုင်း သစ်တိုင်း အကောင်းချည်း မဟုတ်ပါ။ ဘက်စုံ-ဒေါင့်စုံ၊ အချိန်ကုန်အောင် လေ့လာထားမှ တကယ်အကျိုးရှိစေမှာ ဖြစ်ပါတယ်။

Dr. တင့်ဆွေ
၁၆-၃-၂ဝ၁၂