Monday, January 21, 2013

Creating a Web Page

ထိုင်းရောက် မြန်မာ လုပ်သား များ၏ သားသမီးများကို တရားဝင် မှတ်ပုံတင် ခွင့်ပြု

ရန်ကုန်၊ ဇန်န၀ါရီ ၂၀

မြန်မာ အလုပ်သမား နှစ်သန်းကျော် ရှိသော ထိုင်းနိုင်ငံတွင် အဆိုပါ လုပ်သားများ၏ သားသမီးများ တရားဝင် မှတ်ပုံတင် ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးက ဇန်နဝါရီ ၁၈ရက် နေ့တွင် သတင်း ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင် နေသော အလုပ်သမား များနှင့် အသက် ၁၅နှစ် အောက် သားသမီး များကို တရားဝင် မှတ်ပုံတင်ခွင့် အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့မှ မေ ၁၅ ရက်နေ့ အထိ ထိုင်းနိုင်ငံ အစိုးရက သက်တမ်းတိုး လုပ်ခွင့် ပြုထားသည်။

တရားဝင် မှတ်ပုံတင်ရေး အစီစဉ်တွင် ပထမ အဆင့် အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁၅ ထိ အလုပ်ရှင် များမှ တဆင့် နီးစပ်ရာ ထိုင်း အလုပ်သမား ဌာန များတွင် မှတ်ပုံ တင်ရမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅မှ မေ ၁၅ ရက်နေ့ အထိကို မှတ်ပုံတင် စခန်း ၁၀ခု တွင် One Stop Service ဖြင့် ထုတ်ပေး သွားမည် ဖြစ်ကြောင်း ယင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။

အသက် ၁၅ နှစ်အောက် သား၊ သမီး များကိုပါ ယာယီ နိုင်ငံကူး လက်မှတ် (သို့မဟုတ်) သက်သေခံ အထောက် အထား (Certificate of Identity) ပြုလုပ် စေပြီး မိဘများ နေထိုင်ခွင့် သက်တမ်း အတိုင်း နေထိုင်ခွင့် ဗီဇာ ထုတ်ပေးမည် ဖြစ်ကြောင်း၊ ဗီဇာ တစ်ကြိမ် ပြုလုပ်လျှင် ဘတ် ၅၀၀ ကောက်ခံမည် ဖြစ်ပြီး သက်တမ်း တိုးပါက နောက်ထပ် ဘတ် ၅၀၀ ကောက်ခံမည် ဖြစ်ကြောင်း ထိုင်းအစိုးရ အဖွဲ့က ဇန်နဝါရီ ၁၅ ရက် နေ့တွင် ဆုံးဖြတ် ခဲ့သည်။

မြန်မာနိုင်ငံ အလုပ်သမားများ တရားဝင် မှတ်ပုံတင်ရေး အတွက် သက်တမ်းတိုး တောင်းဆို ခဲ့မှုကို ထိုင်းနိုင်ငံ အစိုးရက ဇွန်လ ၁၄ရက်သို့ တစ်ကြိမ်၊ ဒီဇင်ဘာလ ၁၄ရက်သို့ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် သက်တမ်း တိုးပေးခဲ့ပြီး ယခု သုံးကြိမ်မြောက် သက်တမ်း တိုးခြင်း ဖြစ်သည်။
 

The Voice Weekly