Saturday, August 18, 2012

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအားကန့်ကွက်

ရန်ကုန် သြဂုတ်လ ၁၈

မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအား မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂမှကန့်ကွက်ကြောင်း အဆိုကို သြဂုတ်လ ၁၈ရက်နေ့ နေ့လည် ၁နာရီတွင်
Home Media ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ ကန့်ကွက်ကြောင်း အဆိုကို အချက်၃ချက်ဖြင့် ရှင်းလင်းခဲ့ သည်။မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီသည် အစိုးရမှ ဖွဲ့ စည်းပေး ထားသဖြင့် လွတ်လပ်သော အဖွဲ့ အစည်း မဟုတ်ဘဲ စာနယ်ဇင်း လောကကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အစိုးရနှင့် မပတ်သတ်ဘဲလွတ်လပ်သော အသင်းဖွဲ့များ ရှိခြင်းကြောင့် ထိုအမြုတေ စာနယ်ဇင်းကောင်စီ အားကန့် ကွက်ကြောင်းနှင့် ယင်းကောင်စီ သည်အစိုးရ ကို ကိုယ်စားပြုသောကြောင့် လွတ်လပ်သော စာပေလောကကို အကျိုးပြုသော အဖွဲ့စည်း မဟုတ်ကြောင်းဆွေးနွေးခဲ့ကြသည်။

၎င်းအဆို ၃ ရပ်အား ဆရာနေ၀င်းစံ ၊ ဆရာထွန်းဝင်းငြိမ်း နှင့် ဆရာငြိမ်းသစ်တို့က အဆိုပြု ကန့်ကွက်ခဲ့ပြီး ၊ ဆရာကြည်နိုင် ၊ဆရာညီငယ်လေး ဆရာလင်းထင်နှင့် ဆရာမသက်ဝေနှင်း တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

Popular Myanmar News Journal

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင်ပြန်ရွေးမည်



ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ဖို့
ရွေးချယ်ထားတဲ့ အဓိက သရုပ်ဆောင် ကိုကျောက်ခဲဟာ မိမိဆန္ဒအရ
နုတ်ထွက်သွားပြီလို့ သိရပါတယ်။ သူ့ရဲ့ နုတ်ထွက်လွှာကို သဘောတူ လ
က်ခံပြီးပြီလို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး
တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ဒီကနေ့ အတည်ပြု ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကာယကံရှင် ကိုကျောက်ခဲက -

"ကျွန်တော့်မှာ အိမ်ထောင်ရေး မပြေလည်မှု ရှိခဲ့ပါတယ်။ တခြား ပတ်သက်မှု ရှိခဲ့ပါတယ်။ အဲဒါကို သူတို့က ဗိုလ်ချုပ်နေရာမှာ ကိုယ့်ကိုယ်ကို ဖြစ်နိုင်လား၊ မဖြစ်နိုင်လား။ သူတို့ ပြောတဲ့ ဆုံးဖြတ်ချက် ၂ ခုကတော့ ဒီ ၁၀- ၁၅ မိနစ်အတွင်းမှာ ကိုယ့်ဟာကိုယ် နုတ်ထွက်သွားမလား၊ ဒါမှမဟုတ်ရင် အကျင့်စာရိတ္တ မကောင်းလို့ ပယ်လိုက်တယ်လို့ ခုချက်ခြင်း ကြေညာ
လိုက်ရမလားလို့ ၂ လမ်းပေးပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် အကျင့်စာရိတ္တ မကောင်းဘူးလို့ အပြောမခံနိုင်ပါဘူး။ ကျွန်တော် အကျင့်ပျက်နေတာမဟုတ်ဘူးဗျ။ ကျွန်တော်လုပ်တဲ့ အလုပ်ကို ကျွန်တော် သိတယ်။ ဒီ အတ္ထုပ္ပတ္တိ ပေါ်မှာ ကျွန်တော့်စေတနာ ဘယ်မှ မရောက်ပါဘူး။ ဒါပေမဲ့ သူတို့ ဖြစ်စေချင်တဲ့အတိုင်း၊ အားလုံး စိတ်ချမ်းသာအောင် ကျွန်တော်လုပ်ပေးလိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။"

အခုလို မူလရွေးချယ်ထားတဲ့ ကိုကျောက်ခဲ နုတ်ထွက်သွားတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မယ့် ဇတ်ဆောင်သစ် နောက်တဦး ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး နောက်ဆုံး ဆန်ခါတင်ရွေးချယ်
ခံရတဲ့ သရုပ်ဆောင် ခုနှစ်ယောက်ထဲက ပြန်လည်ရွေးချယ်မှာ ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ပြောပါတယ်။

ဒီဇာတ်ကားအတွက် စာရေးဆရာ ဦးချစ်ဦးညိုနဲ့ ရုပ်ရှင်ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့ ရေးသားနေတဲ့ ဇာတ်ညွှန်းအကြမ်း ဒီကနေ့ ပြီးစီး
သွားပြီဖြစ်တဲ့ အတွက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမှာ ဖြစ်ကြောင်း သိရပါတယ်။

RFA Burmese


ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဒေသခံ ပြည်သူတွေနဲ့တတိယအကြိမ်တွေ့ဆုံ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှာ ဒေသခံ
ပြည်သူလူထုနဲ့ တွေ့ဆုံပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့
ပြောကြားခဲ့ပါတယ်။

ဒေသခံတွေ အနေနဲ့ အချင်းချင်း တိုင်
ပင်ပြီးမှ ဘယ်လို အလုပ်အကိုင်မျိုး လိုအပ်နေတယ် ဆိုတာ တင်ပြဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့ပါတယ်။

"တယောက်က ဒီလိုဟာလေးလုပ်ရင်ကောင်းမယ်။ တယောက်က ဟိုလိုဟာလေး လုပ်ရင်ကောင်းမယ် ဆိုပြီး တယောက်တမျိုးစီ
ဖြစ်နေတဲ့အခါကျတော့ ကျွန်မတို့က ဘယ်ဟာကို ဦးတည်ပြီးတော့ ဘယ်လို အလုပ်အကိုင်မျိုး ဖန်တီးဖို့ ဦးတည်ရမလဲဆိုတာ နဲနဲ ဆုံးဖြတ်ဖို့ ခက်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် ဒေသခံ ပြည်သူတွေရဲ့ ဒီကနေ့ တွေ့ဆုံမှုဟာ တတိယ အကြိမ် ဖြစ်ပါတယ်။

ဒေသခံတွေက အလုပ်အကိုင် ရှားပါးမှု၊ သောက်သုံး မရရှိမှု၊ ဥပဒေနဲ့ မညီညွတ်ဘဲ တရားစွဲဆို ခံနေရမှုတွေကို တင်ပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရကိုချည်း အားမကိုးဖို့
ပြည်သူတွေကလည်း ကိုယ့်တာဝန် ကိုယ်ယူဖို့၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့  ဒီမိုကရေစီ အလေ့အကျင့်နဲ့ ပတ်သက်လို့ ညှိနှိုင်း အဖြေရှာတဲ့ အလေ့အကျင့်၊ ယဉ်ကျေးမှု ထွန်းကားအောင် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။






(ဓာတ်ပုံ - NLD -သြဂုတ်လ (၁၁) ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီရွာက ဒေသခံကျေးရွာပြည်သူတွေနဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံခဲ့စဉ်က ဖြစ်ပါတယ်။)

ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို

သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး  အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ် ဆေးရေး ကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက် တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။ --
သစ်ထူးလွင်တွင်အပြည့်အစုံဖတ်ရန်

KNU နဲ့ဆက်ဆံရေးအတွက် မြ၀တီမြို့တွင်ရုံးခန်းဖွင့်လှစ်

KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ ၆ နဲ့ ၇ နယ်မြေအတွက်မြန်မာအစိုးရနဲ့ ဆက်ဆံရေးရုံး ကို ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီနေ့မနက်က ဖွင့်လှစ်လိုက်ပါတယ်။
မြန်မာအစိုးရနဲ့ KNU တို့အကြား အပစ်အခတ် ရပ်ပြီးတဲ့နောက် နှစ်ဘက် ဆက်ဆံရေးရုံးတွေ ဖွင့်နေရာမှာ ဒီရုံးက စတုတ္ထမြောက်ရုံး ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အပစ်အခတ် ရပ်စဲရေး တိုးတက်လာတယ်လို့
ပြောလို့ရပေမယ့် တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး ဆက်လက်
ဆောင်ရွက်ရဦးမယ်လို့ KNU ဒု-ဥက္ကဋ္ဌ ဖဒိုစောဒေးဗစ်တာကပေါ ကပြောပါတယ်။

"အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာ နဲနဲ တိုးတက်လာတဲ့ သဘောပေါ့ဗျာ။ လိုရင်းက ကျွန်တော်တို့ ချထားတဲ့မူ ရှိတယ်မဟုတ်လား။ တပြည်လုံး အတိုင်းအတာနဲ့ ရပ်ဖို့။ အခုဟာက ကချင်ဘက်မှာ မရပ်တဲ့ အခါကျတော့
ရှေ့ဆက်သွားဖို့က ဒီ အပစ်အခတ်ရပ်စဲရေး ကိစ္စတောင်
နောက်ဆန်တင်းနေရတဲ့ အခြေအနေမှာ ရှိပါတယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ကြိုးစားမယ်လေ။ ဆက်ပြီးတော့။"

ဒီနေ့ရုံးဖွင့်ပွဲကို အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု
ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနဲ့ KNU ဘက်က ဗိုလ်ချုပ်ကြီး
စောမူတူးဆေးဖေါတို့ တက်ရောက် ဖွင့်လှစ် ပေးတာပါ။

အဲဒီပွဲမှာ နှစ်ဘက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအပြင် မဟာမိတ်တွေ အဖြစ် DKBA၊ BGF ခေါ် နယ်ခြားစောင့်တပ်၊ KNU-KNLA ငြိမ်းချမ်းရေး ကော်မတီက ကိုယ်စားလှယ်တွေနဲ့ NLD ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေ၊ ကရင်နဲ့
မွန်ပါတီက ပုဂ္ဂိုလ်တွေ၊ ဒေသခံ ပြည်သူတွေ စုစုပေါင်း ၅ ရာကျော်လောက် တက်ရောက်ကြ ပါတယ်။

သြဂုတ်လ ၁၈ ရက် RFA ညပိုင်း အသံလွှင့်အစီအစဉ်

မြန်မာလေကြောင်းလိုင်းများ အမေရိကန်ထိပ်တန်းကုမ္ပဏီ GE Capital Aviation Services မှ လေယာဉ်သစ်များဝယ်ယူရေး ဆွေးနွေး




အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သ
စ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။

"အဓိကက လေယာဉ်သစ်တွေ ၀ယ်ယူဖို့ပါ။ ဒီကုမ္ပဏီက လေယာဉ် အင်ဂျင်တွေကို အဓိက တပ်ဆင်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး လေယာဉ်တွေကို ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်လို့ လေယာဉ်သစ်တွေဝယ်ဖို့ ဆွေး နွေးခဲ့တာပါ" ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၈၈မျိုးဆက် ကျောင်းသားများ ဂီတပွဲ ကျင်းပ၍ ရန်ပုံငွေ ရှာမည်



ရန်ကုန်၊ သြဂုတ် ၁၈

၈၈မျိုးဆက်ကျောင်းသားများက ဦးဆောင်၍ စေတနာဝဿန် ဟု အမည် ပေးထားသော ဂီတ ဖျော်ဖြေပွဲ တစ်ခုကို စက်တင်ဘာက ၁ ရက်နေ့တွင် မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မိမိတို့ ၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်းများ ဆက်လက် လုပ်ဆောင်သွားရန် ရန်ပုံငွေ လိုအပ်ပြီး မိမိတို့သည် စီးပွားရေး အဖွဲ့အစည်းမျိုး မဟုတ်သဖြင့် ရန်ပုံငွေ လိုအပ်ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံ၏ တေးသံရှင် ၅၀ နီးပါး ပါဝင် ကူညီသီဆိုမည့်ဖြစ်ပြီး ဂီတ တီးဝိုင်း ၈၀ိုင်းက တီးခတ်ကြမည်ဖြစ်ကာ ၀င်ကြေး ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ကျပ် သတ်မှတ် ထားသည်။

ရွှေယုန်လေးကြေးအိုးဆိုင် မီးလောင်မှု လူ ၃ ဦး ဒဏ်ရာရ



ရန်ကုန်၊ သြဂုတ် ၁၈
နာမည်ကြော် ရွှေယုန်လေး ကြေးအိုးဆိုင်၏ ရန်ကင်းဆိုင်ခွဲတွင် သြဂုတ်လ ၁၆ရက် နံနက် ၈နာရီ ၄၀မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ဆိုင်အလုပ်သမား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
ရန်ကင်းမြို့နယ် ၊၈ရပ်ကွက် ၊ပါရမီလမ်းနှင့် သီရိလမ်းထောင့် ရှိ ရွှေယုန်လေး ကြေးအိုးဆိုင် မီးဖိုခန်းအတွင်း အသက်၂၁နှစ် အရွယ် ဆိုင်ဝန်ထမ်း မောင်ပိုက မီးမွှေးရာမှ အနီးတွင် တပ်ဆင်ထားသော ဂက်စ်အိုးတွင် တပ်ဆင်ထားသော ပလက်စတစ် ပိုက်ပေါ် မီးသွေးခဲ ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းတိုင်းဒေသကြီး ၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ အတည်ပြုထုတ်ပြန်သည်။

မီးလောင်မှုကြောင့်ဆိုင်ဝန်ထမ်းမ
ျား ဖြစ်ကြသော အသက်၂၁နှစ် အရွယ် မောင်ပို၊ အသက်၄၀အရွယ် ဦးအေးချိုနှင့် အသက်၁၈နှစ်အရွယ် မောင်ရာဇာတို့ ၃ဦးမှာ ဘယ်နှင့် ညာခြေထောက်များတွင် မီးအပူလောင်ဒဏ်ရာများရရှိခဲ့သော
ကြောင့် ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသနေပြီး၊ မစိုးရိမ်ရကြောင်း ယင်းရဲတိုင်းရုံး ထံမှသိရသည်။

မီးလောင်မှုကို ဆိုင်ဝန်ထမ်းများက ၀ိုင်းဝန်း ငြိမ်းသတ် ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မန်နေဂျာဦးဇော်လင်းကို၊ ရန်ကင်းရဲစခန်း(ပ)၃၃၅/၂၀၁၂ ၊ပုဒ်မ၂၈၅/၃၃၇ဖြငင့်အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

နေ့စဉ်မိုးလေ၀သသတင်း



(၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသော
လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ် 
အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် မိုးပိုလာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

သီတင်းပတ်ကုန်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီးတွင် နေရာအနှံ့ပြားနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
မိုး/ဇလ

မြ၀တီ ဂျိုင်းရွာနဲ့ ကျုံဒိုးရွာတံတား ကားများဖြတ်သန်း၍ ရပြီ

မြစ်ရေကြီးမှုကြောင့် အဝေးပြေးကုန်ကားများ ဖြတ်သန်းသွားလာမှု ယာယီရပ်ဆိုင်းခဲ့သော ရန်ကုန် - မြ၀တီကားလမ်းကြောင်း သြဂုတ်လ ၁၇ ရက်တွင် ပြန်ဖွင့်ကာ ကားအချို့ဖြတ်သန်းသွားလာရပြီဖြစ်ကြောင်း ၄င်းဂိတ်များမှ သိရသည်။

“အခု မြ၀တီဘက်မှာ ရေပြန်ကျနေပါပြီ။ဂျိုင်းရွာ နဲ့ကျုံဒိုးရွာ တံတားလည်း ကားသွားလို့ရနေပြီအရင် ရေကြီးတဲ့ ရက်တွေက အဲ့ဒီတံတားပေါ်ကားတွေ ဖြတ်လို့မရဘူး” ဟု ရန်ကုန် မြ၀တီကုန်စည်ပို့ဆောင်ရေး အဝေးပြေးဂိတ် မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မှ မြ၀တီသို့ သွားရာ၌ အဆိုပါတံတားအားဖြတ်သွားရခြင်းဖြစ်ပြီး ယခုအခါမြို့ပေါ်ရေလျှံတက်မှုလျော့နည်း လာခြင်းကြောင့် ၄င်းတံတားအား ယမန်နေ့ ညမှစတင်၍ ကုန်ကားများအား တစ်စီးခြင်းစီ အနည်းငယ်ခြား၍ ဖြတ်သန်းခွင့်ပြုလာကြောင်းသိရသည်။

သို့သော်ပုသိမ်မြို့ပေါ်သို့ ရေလျှံတက်မှု လျော့နည်းခြင်းမရှိသေးသောကြောင့် ည ၈နာရီမှ မနက် ၅နာရီအတွင်း ကုန်ကားများ မြို့တွင်းသို့ဝင်ရောက် ခွင့်တားမြစ်ထားခြင်းအား ရုပ်သိမ်းခြင်းမရှိသေးကြောင်းသိရသည်။
ပဲခူးနှင့် မော်လမြိုင်မြို့ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သော်လည်း ကုန်ကားများသွားလာခြင်းအား ထိခိုက်မှုမရှိကြောင်း သိရသည်။

Popular Myanmar News Journal

                                 ပဲခူးမြို့ ရပ်ကွက်တစ်ခုတွင် ရေကြီးနေသည်ကို ဇူလိုင်လ ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-အောင်ထွန်းဝင်း