Sunday, August 5, 2012

သမ္မတ ဦးသိန်းစိန်နဲ့ ပါတီ ၁၄ ခု တွေ့ဆုံ


သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလိုတွေ့ဆုံခဲ့ရာမှာ မိမိတို့အနေနဲ့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းမှု ရရှိရေး ပြဿနာကနေ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေအထိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေး နိုင်ခဲ့ကြတယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ဦးစိုင်းညွန့်လွင်က RFA ကို ပြောပါတယ်။

"သမ္မတက သူလုပ်တာ ကိုင်တာ သူ့သဘောထားတွေ သူ့အခက်အခဲတွေကအစ ရှင်းရှင်းလင်းလင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တဲ့ ၂၅ နှစ် ပတ်ဝန်းကျင်မှာပေါ့နော်။ အဲဒီလိုမျိုး ရှင်းပြတာ တခါမှ မကြုံဖူးသေးပါဘူး။ ဒါက ပထမဦးဆုံးအကြိမ် သူကိုယ်တိုင် တိုက်ရိုက်ရှင်းပြတယ်။ ဒါဟာ တော်တော်လေးကောင်းတဲ့ အလားအလာပါ။"

ဒါ့အပြင် ပင်လုံစိတ်ဓာတ် အခြေခံနဲ့ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ညီလာခံတရပ် ခေါ်ယူနိုင်ရေး အတွက် ကြိုးပမ်းနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပြခဲ့တယ်လို့ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့တော့ သတင်းအချက်အလက် အမှားတွေအပေါ် အခြေခံပြီး အစွန်းရောက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေ ပါဝင်ပတ်သက် လာမှာကို ကြိုတင် ကာကွယ်နိုင်ဖို့ သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ရန် လိုကြောင်း သမ္မတက ပြောဆိုခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။

သတင်း မီဒီယာ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဆွေးနွေးရာမှာတော့ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဆောင်ရွက်ကြဖို့ လိုကြောင်း သမ္မတက တုံ့ပြန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

( ဓါတ်ပုံ - သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားနှင့် နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်များနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေး
ခဲ့ကြသည်။ )
by: facebook

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားမှု နှင့်အင်တာနက်သတင်းများ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြင်ပ မူဆလင်နိုင်ငံများတွင် ရေးသားမှူများ နှင့်၊ ဆန္ဒပြပွဲများတွင် ကြွေးးကြော်နေမှူများ အင်တာနက် သတင်းများတွင် ဖော်ပြနေမှူများ သည် အဖြစ်မှန်ထက် ပုံကြီးချဲ့ထားမှူ များက ပိုပြီး များပြားနေကြောင်း The Christian Science Monitor သတင်းဌာနက ဩဂုတ်လ၃ ရက်နေ့ က ရေးသားဖော်ပြလိုက်သည်။

သတင်းများတွင် ဖော်ပြနေသည် သတင်း ဓာတ်ပုံများ သည် လိမ်ညာထားသည့် ဓာတ်ပုံ ဖြစ်ကြောင်း မီဒီယာ စောင့်ကြည့်ရေး အဖွဲ့များနှင့် ပါကစ္စတန်နိုင်ငံတွင် ထင်ရှားသောExpress Tribune သတင်းစာက သက်သေ အထောက်အထားများနှင့် ထုတ်ဖော်ခဲ့သည်။

အစ္စလာမ်မစ် အဖွဲ့အစည်းအချို့ သည် ဟာ မိမိတို့ ၏အဖွဲ့အစည်းများအတွက် ရန်ပုံငွေ ရရှိအောင် နိုင်ငံရေးအရ ထောက်ခံမှုရအောင် မြန်မာနိုင်ငံ ကရိုဟင်ဂျာကိစ္စကို လိမ်ညာပုံကြီးချဲ့ပြီး အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘာသာရေး စိတ်ဓာတ်ကို လှုံ့ဆော်နေကြတာ ဖြစ်ကြောင်း Bytes For All ခေါ် ပါကစ္စတန် အင်တာနက် တက်ကြွ လှုပ်ရှားသူများ အဖွဲ့ညွန်ကြားရေးမှူးကိုကိုးကား၍ The Christian Science Monitor သတင်းဌာနက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံရှိ ဘာသာရေးအဖွဲ့များသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မူဆလင်အရေးနဲ့ ပတ်သက်ပြီး လာဟိုနဲ့ ပက်ရှဝါ မြို့ တွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ပါကစ္စတန် အင်တာနက်ပေါ်မှာလည်း ဆန့်ကျင် ရှုတ်ချမှုများ ပြည့်နှက်နေကြောင်းသိရှိရသည်။

Ref:The Voice