Tuesday, June 4, 2019

ဥပဒေစာစုများ (၁) အလုပ်သမားဆိုသည်မှာ --


ဥပဒေစာစုများ (၁)
 အလုပ်သမားဆိုသည်မှာ --  

အလုပ်သမားဆိုသော စကားစုကို ဥပဒေအသုံးအနှုန်းအရ အဓိပ္ပါယ်သတ်မှတ်ချက်တွေဖွင့်ဆိုကြပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ ဥပဒေအသီးသီးက အလုပ်သမားဆိုသော ဝေါဟာရကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားသလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

(၁) ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ

          ပုဒ်မ ၂ (ခ)
          အလုပ်သမား ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင်လည်းကောင်း၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် သို့မဟုတ် ဖက်စပ်ပိုင်လုပ်ငန်းတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုတွင်လည်းကောင်း၊ ကုမ္ပဏီတွင်လည်းကောင်း၊ ကျွမ်းကျင်မှုလိုသောအလုပ်ကိုဖြစ်စေ၊ ကျွမ်းကျင်မှုမလိုသောအလုပ်ကိုဖြစ်စေ အခကြေးငွေဖြင့်လုပ်ကိုင်သူကိုဆိုသည်။

(၂) ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ

          ပုဒ်မ ၂ (က)
          အလုပ်သမား ဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမား၊ စိုက်ပျိုးရေးအလုပ်သမား၊ အိမ်အကူအလုပ်သမား၊ အစိုးရဝန်ထမ်း၊ အလုပ်သင်တို့အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင်ဖြစ်စေ မိမိ၏လုပ်အားအပေါ် အားကိုး၊ အားထားပြု လုပ်ကိုင်နေသူကိုဆိုသည်။ ထို့ပြင် အငြင်းပွားမှုဖြစ်ပွားနေစဉ်အတွင်း အလုပ်မှရပ်စဲခံရသူ သို့မဟုတ် အလုပ်ထုတ်ခံရသူအလုပ်သမားလည်း ပါဝင်သည်။
ယင်းစကားရပ်တွင်
-       တပ်မတော်သား
-       မြန်မာနိုင်ငံရဲတပ်ဖွဲ့
-       တပ်မတော်၏ ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတို့ မပါဝင်။

(၃) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ

          ပုဒ်မ ၂ (က)
          အလုပ်သမားဆိုသည်မှာ လုပ်ငန်းဌာနတစ်ခုခုတွင် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ ကာယအား သို့မဟုတ် ဉာဏအားကိုအသုံးပြုပြီးလုပ်ကိုင်၍ ရရှိသောလုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုနေသူကို ဆိုသည်။ ယင်းစကားရပ်တွင် လုပ်ခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သင်များ၊ ပညာသင်များလည်းပါဝင်သည်။ သို့ရာတွင် အလုပ်ရှင်နှင့် အတူနေပြီး အလုပ်ရှင်အပေါ်မှီခိုနေသော အလုပ်ရှင်၏မိသားစုမပါဝင်။ 

(၄) ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ

          ပုဒ်မ ၂ (က)
          အလုပ်သမားဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်ကိုင်ရန် အလုပ်ရှင်နှင့် သဘောတူညီချက်ပြုလုပ်၍ ကာယအား ဉာဏအားကိုအသုံးပြုပြီး အမြဲတမ်းအလုပ်၊ ယာယီအလုပ်ကို လုပ်ကိုင်၍ရရှိသောအခကြေးငွေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူကိုဆိုသည်။ ယင်းစကားရပ်တွင် အခကြေးငွေရရှိသော အလုပ်သင်များနှင့် ပညာသင်များ စာရေးနှင့် ရုံးဝန်ထမ်းများ၊ လုပ်ငန်းခွင်ပြင်ပအလုပ်သမားများ၊ အိမ်အကူနှင့် အိမ်ယာဉ်မောင်းများ၊ လုံးခြုံရေး၊ အစောင့်ဝန်ထမ်းများနှင့် သန့်ရှင်းရေး၊ မွန်းမံပြင်ဆင်ရေးအလုပ်သမားများလည်း ပါဝင်သည်။ သို့ရာတွင် အောက်ပါအလုပ်သမားများနှင့် ဝန်ထမ်းများ မပါဝင်-
          (၁)     အလုပ်ရှင်အပေါ်မှီခို၍ အတူနေပြီး အလုပ်ရှင်၏ အလုပ်ကိုလုပ်ကိုင်နေသည့် အလုပ်ရှင်၏ မိသားစုဝင်ဖြစ်သော ဇနီး၊ ခင်ပွန်း၊ သားသမီး မိဘနှင့် ညီအကိုမောင်နှမအရင်းများ
          (၂)     နိုင်ငံ့ဝန်ထမ်းများ
          (၃)     ပင်လယ်ကူးသင်္ဘောသားများ