Saturday, September 8, 2012

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကို မြန်မာနိုင်ငံပြန်လာရန် ခွင့်ပြု



မြန်မာနိုင်ငံပြန်လာ၍ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည်ဟု ထုတ်ဖော်ပြောဆိုလာသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံပြန်လာရန် ခွင့်ပြုလိုက်ပြီး ပြန်လာပါကကြိုဆိုပါကြောင်း၎င်း၏မိသားစုကိုအကြောင်း ပြန်ကြားထားသည်ဟု နိုင်ငံတော် သမ္မရုံး ၀န်ကြီး ဦးအောင်မင်းက The Voice Weekly ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

နေပြည်တော်ရှိ သမ္မတရုံးတွင် ယနေ့(စက်တင်ဘာလ ၇ရက်)ကျင်းပနေသော Peace Donor Support Group ၏ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပနေစဉ် The Voice Weekly ၏မေးမြန်းမှုကို ၀န်ကြီးဦးအောင်မင်းက ယင်းသို့ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတကြီးက ဗိုလ်မှူးချုပ်ကျော်ဇော၏ မြန်မာနိုင်ငံပြန်လာလိုပြီး၊ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည့်ဆန္ဒကိုသိရှိပြီးရဲဘော်သုံးကျိပ်ဝင်ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် မြန်မာနိုင်ငံသားတစ်ဦး ၏ ရွှေတိဂုံစေတီတော်ကိုဖူးမျှော်လိုသည့်ဆန္ဒကိုအလေးအနက်ထားသည့်အတွက် ပြန်လာရန်ခွင့်ပြုလိုက်ပြီး ကြိုဆိုလိုက်ခြင်းဖြစ်ကြောင်း သမ္မတကြီး၏ ယင်းသဘောထားကို ဗိုလ်မှူးချုပ်ကျော်ဇော်၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော ကို အကြောင်းပြန်ကြားထားပြီးဖြစ်သည်ဟု ၀န်ကြီးက ရှင်းပြသည်။

“သမ္မတကြီးရဲ့ဒီလိုသဘောထားက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အချက်တစ်ချက်အနေနဲ့ ကြိုဆိုရမှာပါ”ဟု မြန်မာနိုင်ငံရေးလေ့လာသူ ဦးလှမောင်ရွှေကသုံးသပ်သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် အခြေချနေထိုင်နေသည့် အသက် ၉၃နှစ်အရွယ် ဗိုလ်မှူးချုပ်ကျော်ဇောမှာ ယနေ့အချိန်အထိသက်ရှိထင်ရှား ကျန်ရှိနေသည့် ရဲဘောသုံးကျိပ်ဝင်နှစ်ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး လတ်တလောတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်း အထွေထွေရောဂါကုဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ကျော်ဇော ကို အဖဦးပန်း၊အမိဒေါ်တင့်တို့က ၁၉၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့၊ တွင် သာယာဝတီခရိုင်သုံးဆယ်မြို့နယ်ဆိုင်းစုရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။

၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်ပြည်သို့ စစ်ပညာသင်ကြားရန် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။ ၁၉၅၃ခုနှစ် မတ်လတွင် ရှမ်းပြည်အတွင်း ကူမင်တန် တရုတ်ဖြူတပ်များ ကျူးကျော် ၀င်ရောက်မှု့ကို တွန်းလှန် တိုက်ခိုက် သည့် ဗမာ့တပ်မတော် စစ်ဆင်ရေးများ၌ ဦးဆောင်ခဲ့သည်။

၁၉၅၇ ခုနှစ် ဧပြီလတွင် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရကာ ၁၉ရ၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်နယ်စပ်သို့ မိသားစုနှင့်အတူ ထွက်ခွာလာခဲ့ပြီး ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် တရုတ်ပြည်၌ ခိုလှုံကာ ယခုအခါ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့၌ နေထိုင်လျှက် ရှိသည်။
The Voice Weekly

ဦးဥတ္တမနေ့အခမ်းအနားကို စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်သွားမည်



လွတ်လပ်ရေး၏ မီးရှူးတန်းဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့(ဦးဥတ္တမနေ့)တွင် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်၊ သံဃာတော်များအားပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဦးဥတ္တမပန်းခြံအတွင်းရှိ ဦးဥတ္တမ ကြေးရုပ်ရှေ့တွင် ဆီမီး၊ အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း၊ လွမ်းသူ့ပန်းခွေများဖြင့် ကြည်ညိုပူဇော်ခြင်းများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းဖြင့်လည်း သိရသည်။

ဆရာတော်ဦးဥတ္တမနေ့ကို ၂၀၁၁ ခုနှစ်မှစတင်ကာ လွတ်လပ်စွာ ကျင်းပလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

''အရင်တုန်းကကတော့ ဆရာတော်နေ့မှာ လွမ်းသူပန်းခွေချတာတို့၊ ဆရာတော်အကြောင်း ဟောပြောတာတွေကို လွတ်လပ်စွာ ပြုလုပ်ခွင့်မရခဲ့ဘူး။ အမြဲစောင့်ကြည့်ခြင်း ခံခဲ့ရတယ်။ အခုအစိုးရသစ်လက်ထက်မှာတော့ နေ့ထူးနေ့မြတ်တွေကို လုပ်ခွင့်ရလာတာ ၀မ်းသာကြိုဆိုပါတယ်''ဟု စစ်တွေမြို့ခံတစ်ဦး ကပြောသည်။


Ref:EMG
Posted By Admin-KMO

Fire tablets အမျိုးအစား သစ်နှစ်မျိုးနှင့် “paperwhite” Kindle e-readers များ စတင်မိတ်ဆက်



လော့စ်အိန်ဂျလိစ် စက်တင်ဘာ၇

Fire tablets အမျိုး အစားသစ် နှစ်မျိုးနှင့် အသုံးပြု သူများ အနေဖြင့် အမှောင် ထဲမှာပင် ဖတ်ရှု နိုင်စွမ်း ရှိသည့် paperwhite Kindle e-readers အမျိုးအစား e-readers များကို အမေရိကန် ပြည်ထောင်စု လော့စ်အိန် ဂျလိစ်မြို့ရှိ Amazon ကုမ္ပဏီက ပွဲဦးထွက် မိတ်ဆက်ခဲ့ ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

Fire tablets အမျိုးအစား သစ်နှစ်မျိုး အနက် တစ်မျိုးမှာ ၇ လက်မအရွယ် အစားရှိပြီး 4G-ready version ထည့် သွင်း အသုံးပြုထား သဖြင့် ၄င်းပစ္စည်း၏ ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၄၉၉ ဒေါ်လာ တန်ဖိုး ရှိကြောင်း၊ ဒုတိယ အမျိုးအစား ဖြစ်သည့် Amazon မှာ ၈ ဒသမ ၉ လက်မအရွယ်အစားရှိပြီး Fire HD Wi-Fi version ထည့်သွင်း အသုံးပြု ထားသဖြင့် ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၂၉၉ ဒေါ်လာ တန်ဖိုး ရှိကြောင်း ၄င်းပစ္စည်း မိတ်ဆက် ပွဲတွင် Amazon ကုမ္ပဏီ တည်ထောင်သူ လည်းဖြစ်ပြီး အလုပ် အမှုဆောင် အရာရှိချုပ် တစ်ဦးလည်း ဖြစ်သည့် ဂျက်ဖ်ဘီဇိုစ် က ပြောကြားခဲ့ သည်။ထို့ပြင်ယခု မိတ်ဆက်သည့် Paper-White Kindle e-ereaders တွင်လည်း Wi-Fi နှင့် 3G Version ထည့်သွင်း အသုံးပြု ထားပြီး တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၁၁၉ ဒေါ်လာနှင့် ၁၇၉ ဒေါ်လာ တို့ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း ဘီဇိုစ်က ဆက်လက် ပြောကြား ခဲ့သည်။
မြ၀တီ

Tuesday, September 4, 2012

ဒုတိယဝန်ကြီး အပြောင်းအလဲကြောင့် ဆီးဂိမ်းမတိုင်မီ (၅ဝဝဝ)တန် GSM 3G ထွက်ရှိမည်



4 Sep, 2012
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူသည်နှင့် တစ်ပြိုင်နက် (၅ဝဝဝ)ကျပ်တန် မိုဘိုင်း ဖုန်းများကို ပြည်သူများအတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက သိရှိရသည်။

'' ဒီပုံစံအတိုင်းဆို အခု ဒုတိယဝန်ကြီးအသစ်က အကုန်နားလည်တတ်ကျွမ်းတဲ့သူ ဦးသောင်းတင်ဆိုတော့ မကြာခင် ၂လ ၊ ၃လအတွင်း ဆီးဂိမ်း မတိုင်ခင်မှာ ငါးထောင်တန်ဖုန်း ထွက်နိုင်လောက်ပါတယ်'' ဟု ရွှေပြည် တံခွန်မှ မန်နေဂျင်း ဒါရိုက် တာ ဦးလွင်နိုင်ဦးက ပြောသည်။

ရွှေပြည်တံခွန်ကုမ္ပဏီမှ (၅ဝဝဝ)တန် ဖုန်းထွက်ရှိရေးအတွက် လိုအပ်သည်များကို ပြင်ဆင်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများကို ကနဦး စတင်ရောင်းချပေးရန် အစီအစဉ်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ (၅ဝဝဝ)ကျပ်တန် မိုဘိုင်းဖုန်းများကို UMTS (Universal Mobile Telecommunication System စနစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး GSM 3G ပုံစံဖြင့် ရောင်းချစီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။

'' ထုတ်ဖြစ်မယ်ဆိုရင်တော့ Third Generation (3G) စနစ်နဲ့ထုတ်မှာပါ အင်တာနက် လိုင်းလည်း ပါပါတယ်။ GSM ပါပဲ'' ဟု ဦးလွင်နိုင်ဦးက ပြောသည်။

ဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး တင်ဒါခေါ်ယူရာတွင် လိုအပ်သော အချက်အလက်များကို ပြင်ဆင်ရွေးချယ်ခြင်းများ ပြုလုပ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

'' နိုင်ငံတကာတင်ဒါခေါ်ဖို့တော့ လိုပါသေးတယ် တင်ဒါခေါ်ရင် လိုအပ်တဲ့အချက်တွေကို ပြင်ဆင်ပြီး ရွေးချယ်နေတုန်း ရှိပါသေးတယ် သေချာစဉ်းစားပြီးမှ လုပ်ရမယ့်ကာလဖြစ်နေသေးလို့ပါ '' ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးချုပ်သည် ဖုန်းထုတ်လုပ်ခွင့် နိုင်ငံတကာတင်ဒါခေါ်ယူခြင်းကို တစ်နှစ်အတွင်း ခေါ်ယူ နိုင်ဖွယ်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ရွှေပြည်တံခွန်ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူသော နိုင်ငံတကာတင်ဒါတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖုန်းကဒ် တစ်ကဒ်လျှင် ငါးထောင်နှုန်းဖြင့် ရောင်းချမည်ဟု ဆိုသော်လည်း ဖုန်းခေါ်ဆိုခနှုန်းထားမှာ တင်ဒါခေါ်ယူခြင်း အပေါ်၌သာ မူတည်ကြောင်း သိရှိရသည်။
၂ဝ၁၂ခုနှစ် ဇန်နဝါရီလပိုင်းတွင် ရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် ၅ဝဝဝ ကျပ်တန် မိုဘိုင်းဖုန်းများ ထုတ်လုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးမှ ဝန်ကြီးများက နည်းပညာနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးမှအပ အခြားသောပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ထုတ်လုပ်ရောင်းပိုင်ခွင့်မရှိဟု ဆိုခြင်းကြောင့် ရွှေပြည်တံခွန်ကုမ္ပဏီမှာ ငါးထောင်တန်ဖုန်းရောင်းချခွင့်ကို ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

ရွှေပြည်တံခွန်မှထုတ်လုပ်မည့်ငါးထောင်တန်မိုဘိုင်းဖုန်းထွက်ပေါ်လာရေးကို ပြည်သူအများစု   မျှော်လင့်ခဲ့သော်လည်း ၂သိန်းဖုန်းသာ ထွက်ပေါ်ခဲ့သောကြောင့် ပြည်သူအများစုမှာ ဆက်လက် မျှော်လင့်ချက် မဲ့ခဲ့ရကြောင်း သိရှိရသည်။

'' ကျွန်တော်တို့ မျှော်လင့်ခဲ့တာက ငါးထောင်တန်ဖုန်းပေါ့ ဒါပေမဲ့ တန်ဖိုးနည်းဖုန်းက ထွက်မလာဘူး။ ၂သိန်းဖုန်းတော့ ထွက်နေပြီး ၊ ဆက်ြ့ပီးတော့ မျှော်လင့်နေ ဦးမှာပါ '' ဟု ၇န်ကုန်မြို့နေ ပြည်သူတစ်ဦး က ပြောသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
REF: Myit Makha Media Group

သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်



ရန်ကုန် ၊ စက်တင်ဘာ ၎

အစိုးရကသာ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍများတွင် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ် ကျင်းပသော မြန်မာ့ရေနံ ၊ သဘာဝဓာတ်ငွေ့ နှင့် လျှပ်စစ် ကဏ္ဍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ထိပ်သီး အစည်းအဝေး၌ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

လက်ရှိ အစိုးရပိုင် လုပ်ကွက်များကို ပုဂ္ဂလိကသို့ ချပေးတော့မည် ဖြစ်ပြီး ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အတွက်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ကို ရေးဆွဲနေသည့် အပြင် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ပါဝင်သည့် စွမ်းအင် ကဏ္ဍ အထူးသဖြင့် လျှပ်စစ် ကဏ္ဍကို နိုင်ငံတွင်း လုံလောက်စွာ ရရှိနိုင်ရန် ကြိုးစားသွားမည့်ကြောင်း ၄င်းက ထပ်လောင်း ပြောသည်။

အလားတူပင် ယနေ့ ကျင်းပသော ဆွေးနွေးပွဲတွင် ကမ်းနီး ကမ်းဝေး ရေနံတွင်းများနှင့် ပက်သက်ပြီး စွမ်းအင်ဝန်ကြီး ဌာန ၊ စွမ်းအင် စီမံခန့်ခွဲရေး ဦးစီးဌာနက တွဲဖက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက ရှင်းလင်း ပြောကြားခဲ့ပြီး၊ မြေမျက်နှာပြင်အနေအထားအလိုက် ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ရှိသည့်   နေရာများကို အဆိုပါ ဝန်ကြီး ဌာနမှ ဘူမိဗေဒ ပညာရှင် ဦးသန်းမင်းက ရှင်းလင်း ပြောကြားသည်။

အဆိုပါ စွမ်းအင်ကဏ္ဍ ဆွေးနွေးပွဲကို စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့ထိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပ သွားမည်ဖြစ်ပြီး ၊ ပြည်တွင်းရှိ စွမ်းအင် ကုမ္ပဏီများအပြင် နိုင်ငံပေါင်း ၃၀ကျော်မှ ကုမ္ပဏီ ၁၅၀ ကျော်လည်း တက်ရောက် ခဲ့ကြသည်။

REF: The Voice Weekly