Saturday, August 25, 2012

ရခိုင်ပြည်နယ် ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာ မူဝါဒ အပေါ်ထိခိုက်မှု မရှိဟု သံအမတ်ကြီးပြောကြား



ရန်ကုန်၊ သြဂုတ် - ၂၄
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကြောင့် မြန်မာနိုင်ငံအပေါ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှု လျှော့ချပေးရေး ဆိုင်ရာ မူဝါဒအပေါ် ထိခိုက် နစ်နာမှု မရှိကြောင်း မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောကြားကြောင်း The Wall Street Journal က သြဂုတ်လ ၂၄ ရက်နေ့တွင် ရေးသား ဖော်ပြသည်။

"ဆူပူအကြမ်းဖက်မှုတွေအင်မတန်လျင်မြန်စွာ ဖြစ်ပေါ်သွားတယ်၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကူးစက် ပြန့်နှံ့ခဲ့တယ်ဆိုတဲ့ ကိစ္စတွေက ကျွန်တော်တို့ကို အံ့အား သင့်လောက်အောင် ဖြစ်စေခဲ့တယ် ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ပိတ်ဆို့ အရေးယူမှု အပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ထိခိုက်မှု ရှိမယ်လို့ မထင်မိပါဘူး။ ကျွန်တော်တို့အတွက် မြန်မာနိုင်ငံမှာ ပိုပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေ ရှေ့မှာ ရှိနေပြီဆိုတဲ့ သဘောမျှသာဖြစ်ပါတယ်" ဟု နှစ်ပေါင်း ၂၂ နှစ်တာ ကာလအတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဖြစ်လာသူ ဒဲရစ်မစ်ချဲကဆိုသည်။

ရိုဟင်ဂျာပဋိပက္ခအများစုမှာ၎င်းတို့အား နိုင်ငံတွင်း နေထိုင်ခွင့်ပြုရန် ငြင်းဆန်ကြသူ မြန်မာနိုင်ငံသားများထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
"နိုင်ငံသားတွေအကြား သည်းညဉ်း မခံနိုင်မှုနဲ့ ခွဲခြား ဆက်ဆံမှု သဘောထားကို အနက်ရှိုင်းဆုံး အနေအထားနဲ့ တွေ့မြင်ရတာဟာ ကြမ္မာငင်မှုတစ်ခုပါ"

ဆူပူအုံကြွမှုများသည် လူ့အဖွဲ့အစည်းတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် သည်းညဉ်း မခံတတ်သော သဘောတရားများနှင့် အတူထွက်ပေါ်လာကြောင်း၊ အဆိုပါ သည်းညဉ်းမခံတတ်သည့် သဘောတရားမှာလည်း လူ့အဖွဲ့အစည်းအတွင်း ကြီးမား ထင်ရှားသော သာဓကတစ်ခု သဖွယ် ရှိနေပုံရကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များ အကြား ဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည်ထောင်စုက နားလည်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများက ရိုဟင်ဂျာ အရေးကိစ္စအပေါ် အလွန်အမင်း အသားပေး ပြောဆိုခဲ့သည်ဟူသော အချက်ကိုလည်း မိမိတို့က သိရှိ နားလည်ထားပါကြောင်း ပြောကြားသည်။

No comments:

Post a Comment