Monday, January 20, 2014

ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် စီးလာသည့် ကား ပဲခူးမြို့ နယ်မှာ ယာဉ်တိုက်မှုဖြစ်ပွား

ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ ရဲစခန်းအပိုင်၊ ရန်ကုန်-မန္တလေး(လမ်းဟောင်း) မိုင်တိုင်အမှတ် ၆၆/၁ နှင့်၂ အကြား ၀မ်းဘဲအင်းကျေးရွာ အနီးတွင် (၁၉.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။

ပဲခူးမြို့ နယ် ဗိုလ်တဲလေးကျေးရွာ ဘက်ကနေ ဦးရယ် မောင်းနှင်လာတဲ့ ယာဉ်အမှတ်- ၁ဂ/xxxx၊ဟိုင်းလတ် (SURF )၊အစိမ်း /ဖြူကျားယာဉ်သည် ၀မ်းဘဲအင်းကျေးရွာ အထွက်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မှာလည်ထွက်သွားပြီး တစ်ဘက်ယာဉ်ကြော မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် တို့ စီးလာသည့် ကားနှင့် တိုက်မိခြင်းဖြစ်သည်။

အဆိုပါ ယာဉ်မှ ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် ၊ ဒေါ်စိန် နှင့် ယာဉ်မောင်းတဦးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် ၄င/xxx၊ လန်ခရူဇာ၊ အစိမ်းရောင်ယာဉ်အား ၀င်တိုက်မိရာ ယာဉ်(၂)စီးလုံးမှာ လွှင့်စင်တိမ်း မှောက်သွား ခဲ့ကြောင်း သိရပါသည်။

ယာဉ်တိုက်မှုကြောင့် ၁ဂ/xxx၊ ဟိုင်းလတ် SURF အစိမ်း/ဖြူနီကျား ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦးမှာ(မစိုးရိမ်ရ)ဖြင့်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ယာဉ်အမှတ်- ၄ဂ/xxx ပေါ်ပါ ဒေါ်စိန်သည်အခင်းဖြစ် နေရာတွင်ပွဲ ချင်းပြီး သေဆုံးခဲ့ပါသည်။ 

ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်မှာ ယာပခုံး ဖူးရောင်နာကျင်၊ ခါးဆစ်ရိုးဖူးရောင်နာကျင်၊ အောက်
နှုတ်ခမ်းဒဏ်ရာရခဲ့ပြီး ယာဉ်မောင်လည်း ဒဏ်ရာများ ရခဲပါသည်း။

ယာဉ်အမှတ်-၁ဂ/xxx ဟိုင်းလတ်SURF ယာဉ်မောင်းဦးရယ် မှာလည်း ၀ဲဘက်ဂျိုစောင်းပေါက်ပြဲ၊ နား/နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိသွားပြီး အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေရကြောင်းနှင့် ယာဉ်မောင်းဦးရယ်အား ယာဉ်(ပ) ၂/၂၀၁၄၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄က/၃၃၇ /၃၃၈အရ ဘုရားကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။
ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် မှာအသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိကြောင်း၊ လက်နှင့်ခါးတွင်ဒါဏ်ရာရရှိသွားကြောင်းနှင့် ဆေးရုံတွင်ဆက်လက်ဆေးကုသမှုခံလျှက်ရှိကြောင်း နောက်ဆက်တွဲသတင်းများသိရှိရပါသည်။

Sunday, January 19, 2014

အယ်လ်ဂိုးကို ဘန်ကောက်မှာအလိုရှိသည်

ရေးသားသူ- ရဲမိုး

ယခုဆောင်းပါးကို သင်စတင်ဖတ်နေချိန်မှာ ဘန်ကောက်မြို့ကြီးကတော့ သူ၏အကြမ်းတမ်းဆုံးနေ့ရက်တစ်ရက်ကို စတင်ဖြတ်သန်းနေပြီဖြစ်သည်။

“ဖရဲသီးနိုင်ငံရေး”ဟု ဆိုရလောက်အောင် တချို့အသီးက အတွင်းကအ၀ါ၊ တချို့အသီးက အတွင်းကနီနေသည့် ထိုင်းနိုင်ငံရေးပဋိပက္ခက သမိုင်းမှာ (၁၈)ကြိမ် အာဏာသိမ်းခဲ့ပြီးဖြစ်သည့် ထိုင်းစစ်တပ်အား သူတို့တင့်ကားတွေကို နောက်တစ်ကြိမ်အင်ဂျင်စနှိုးထားဖို့ ဖိအားပေးနေပါပြီ။

ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကိုငြင်းဆန်သည့် အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်နှင့် “အ၀ါ” များက အစိုးရနုတ်ထွက်ပေးဖို့အတွက် ဘန်ကောက်မြို့ကြီးကို ဒီကနေ့ ၀ိုင်းဝန်းပိတ်ဆို့ကြမည်ဖြစ်သည်။ Bangkok Shut Down ဟု သူတို့ခေါ်ဆိုသည့် စစ်ဆင်ရေးက နိုင်ငံ၏စီးပွားရေးအရ နှလုံးသည်းပွတ်ဖြစ်သည့် ဘန်ကောက်ကိုထိန်းချုပ်လိုက်ခြင်းဖြင့် လူ့အဖွဲ့အစည်း၏ ယန္တရားတစ်ခုလုံးကို လည်မျိုညှစ်လိုက်ခြင်းပင်။

၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်သက်ဆင်ကို စစ်တပ်ကအာဏာသိမ်းခဲ့သည့်အချိန်က စတင်သည့် သက်ဆင်လိုလားသူ အနီများနှင့် မလိုလားသူအ၀ါများ၏ နိုင်ငံရေးတိုက်ပွဲက ခုနစ်နှစ်ကျော်ကြာသည့်အချိန်မှာ အရှိန်အဟုန်ပိုအားကောင်းလာခဲ့ပါပြီ။ ထိုင်းနိုင်ငံရေးကို အဝေးက ရီမုတ်ကွန်ထရိုးနှင့် ချုပ်ကိုင်နေသည့် သက်ဆင်ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရသူ သူ့လူများကို “သက်ဆင်မိသားစုအကျိုးစီးပွား”အတွက်သာ အလုပ်လုပ်စေသည်။ ရွေးကောက်ပွဲမှာ အနိုင်မရသည့်အတွက် ဧကရာဇ်၏အရောင်“အ၀ါ”ကိုခြုံပြီး စစ်တပ်မသိကျိုးကျွံပြုမှုအောက်မှာ ဘန်ကောက်လမ်းများကို ထိန်းချုပ်တတ်သည့် ဒီမိုကရက်များကလည်း ဒီမိုကရေစီမကျသည့်နည်းလမ်းများဖြင့် အာဏာကို လွှဲပြောင်းဖို့ အားထုတ်ကြသည်။

နိုင်ငံရေးမရင့်ကျက်သည့် ပြိုင်ဘက်နှစ်ဖွဲ့အကြားမှာ ထိုင်းနိုင်ငံကတော့ နိုင်ငံရေး၊ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာသွားခဲ့ပါပြီ။

အမေရိကန်ဒုသမ္မတဟောင်းအယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ဒုသမ္မတအယ်လ်ဂိုးနှင့် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ခ်ျဒဗလျူဘုရှ်တို့ယှဉ်ပြိုင်သည့် ၂၀၀၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲက သမိုင်းမှာ အကြိတ်အနယ်အဖြစ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဒုသမ္မတအယ်လ်ဂိုးကလည်း သမ္မတကလင်တန်၏တွဲဖက်အဖြစ် ရှစ်နှစ်ကြာစွမ်းဆောင်ပြနိုင်ခဲ့သူ။ ဂျော့ခ်ျဒဗလျူဘုရှ်ကလည်း သမ္မတဟောင်းဂျော့ခ်ျဘုရှ် (အကြီး)၏ သားဖြစ်သည့်အတွက် အသိုင်းအ၀ိုင်းအင်အား တောင့်တင်းလှသူ။ နှစ်ဖက်စလုံး၏ ရွေးကောက်ပွဲမန်နေဂျာများ၊ စည်းရုံးရေးမှူးများ၊ ထောက်ခံသူများကလည်း နောက်ဆုံးအချိန်အထိ ရေကုန်ရေခန်း ပြိုင်ဆိုင်သွားခဲ့ကြသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။

ပြည်နယ်တစ်ခုချင်းစီက မဲများရေတွက်ကြေညာသည့်အခါလည်း ရလဒ်က ဘတစ်ပြန်ကျားတစ်ပြန်။ ရုပ်မြင်သံကြားပေါ်က အမေရိကန်မြေပုံကြီးမှာ ဒီမိုကရက်အယ်လ်ဂိုးက နိုင်သည့်ပြည်နယ်များကို အပြာရောင်ဖြင့်ပြပြီး ရီပက်ဘလေကန်ဂျော့ခ်ျဒဗလျူဘုရှ်နိုင်သည့်ပြည်နယ်ကို အနီဖြင့်ပြသည်။ မြေပုံပေါ်မှာ အပြာနှင့်အနီက တစ်ကွက်ချင်း နယ်လုနေခဲ့သည့်ပြကွက်။

နောက်ဆုံးတော့ အဆုံးအဖြတ်က ဖလော်ရီဒါပြည်နယ်ကိုရောက်လာသည်။ ဖလော်ရီဒါမှာနိုင်တဲ့သူ သမ္မတဖြစ်ပြီ။ ပြဿနာက ဒီနေရာမှာစပါသည်။ ဖလော်ရီဒါမဲရုံကထွက်လာသူများကို မေးမြန်းသည့်အပေါ်မှာ အခြေခံပြီး“အယ်လ်ဂိုးနိုင်ပြီ”ဟု ရုပ်မြင်သံကြားအချို့က ကြိုတင်ခန့်မှန်းကြသည်။

နောက်ပိုင်းမှာ “ဘုရှ်”နိုင်ပြီဟု ပြောင်းလဲခန့်မှန်းလောက်အောင် နှာတစ်ဖျားအသာ ယှဉ်ပြိုင်ကြသည်။ နောက်ဆုံးမဲရေတွက်ရာမှာ ရာဂဏန်းမျှဖြင့် ဘုရှ်နိုင်သည်။ သို့သော် ဒီမိုကရက်များကို အစဉ်တစိုက်အားပေးသည့် ခရိုင်သုံးနေရာမှာ မဲရေတွက်မှုပြဿနာရှိနေသည်။ အယ်လ်ဂိုးကိုထည့်သည့် မဲခုနစ်သောင်းကျော်ကို မဲရေတွက်သည့်စက်က ပယ်မဲလုပ်ထားသည်။ အယ်လ်ဂိုးက မဲပြန်ရေတွက်ပေးဖို့တောင်းဆိုသည်။ ဖလော်ရီဒါတရားရုံးချုပ်က ပထမတော့ခွင့်ပြုလိုက်သည်။ တစ်နိုင်ငံလုံးက ရင်တမမနှင့်ကြည့်နေကြသည်။ အယ်လ်ဂိုးကို ထောက်ခံသူများကတော့ မျှော်လင့်ခြင်းများစွာဖြင့် စောင့်စားလျက်။ သို့သော် နောက်ဆုံးမှာ ပြည်ထောင်စုတရားသူကြီးချုပ်အဖွဲ့ဝင်ငါးဦးက ပြန်လည်ရေတွက်မှုကိုရပ်စဲလိုက်ပြီး “ဘ်ုရှ်”ကို အနိုင်ပေးလိုက်သည်။

တကယ်တော့ တရားသူကြီးငါးဦးက ကွန်ဆာဗေးတစ်ရီပက်ဘလေကန်သစ္စာတော်ခံများ။ တစ်နိုင်ငံလုံးမှာ မဲငါးသိန်းကျော်အသာနှင့် အနိုင်ရလျက် ရှုံးရသည့်အတွက် နိုင်ငံအ၀န်း အယ်လ်ဂိုးထောက်ခံသူများက မကျေနပ်ကြ။

သူတို့မျက်နှာပေါ်ကမျက်ရည်များက တစ်စုံတစ်ခုကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုနေခဲ့ကြသည်။ အားလုံးက အယ်လ်ဂိုးမျက်နှာကိုကြည့်ကြသည်။ မတရားသည့်ဆုံးဖြတ်ချက်ကို အယ်လ်ဂိုးဘယ်လိုတုံ့ပြန်မလဲ။ ဆူသက်နှင့် သက်ဆင်သာ အယ်လ်ဂိုး၏အကြံပေးများဆိုလျှင်တော့ နယူးယောက်ကိုသိမ်းလိုက်၊ ဝေါစထရိကိုပိတ်ဆို့ထား၊ မက်ဒီဆင်စကွဲယားကိုဝင်စီး၊ ၀ါရှင်တန်မှာ အိမ်ဖြူတော်ထဲကို “ဘုရှ်”မ၀င်နိုင်အောင်တားထားဟု အကြံပေးကြပါလိမ့်မည်။

သို့သော် အယ်လ်ဂိုးက သက်ဆင်မဟုတ်သလို၊ ဆူသက်လည်းမဟုတ်ခဲ့ပါ။ တရားသူကြီးများ၏ဆုံးဖြတ်ချက်က မမျှတသည့်တိုင် သူတို့၏လုပ်ပိုင်ခွင့်များကို လေးစားလိုက်နာရမည်ဟု သူဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူ့ကိုထောက်ခံသည့် နိုင်ငံလူဦးရေထက်ဝက်ကျော်ကို လမ်းများပေါ်သို့ သူခေါ်ထုတ်လာခဲ့လို့ရသည်။

သူမလုပ်ခဲ့ပါ။ သူလုပ်ခဲ့လျှင် အမေရိကန်လူ့အဖွဲ့အစည်း ထက်ခြမ်းကွဲသွားမည်ဆိုတာကို သူနားလည်ခဲ့သည်။ တရားသူကြီးများ၏အဆုံးအဖြတ်ကို လက်ခံဖို့ ပြည်သူတွေကို သူဖျောင်းဖျခဲ့သည်။ နိုင်ငံရေးပြဿနာကြားမှာ တိုင်းပြည်ညက်ညက်ကြေသွားမည့်လမ်းကို သူမရွေးခဲ့ပါ။

၂၀၀၀ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ရုပ်သံပေါ်မှာ တည်ကြည်ရင့်ကျက်စွာ စကားပြောသွားသည့် အယ်လ်ဂိုးကိုကြည့်ပြီး ကျွန်တော်ကြက်သီးထသွားမိခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ဟာ ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ပါတယ်”

နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ပင်တိုင်ဆောင်းပါးရှင် သောမတ်စ်ဖရီးမင်းက ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က သူ့ကော်လံမှာ အခုလိုရေးခဲ့သည်။

“အကယ်၍သာ တရုတ်နှင့် ရုရှားစပိုင်များက ၀ါရှင်တန်ဆီက အဖိုးတန်ဆုံးလျှို့ဝှက်ချက်တစ်ခုကို ခိုးယူဖို့စောင့်ကြည့်နေခဲ့ကြသည်ဆိုလျှင်တော့ အကြံပေးလိုက်ပါမည်။ အယ်လ်ဂိုး၏မိန့်ခွန်းကိုသာ ခိုးယူပါတော့”

တရားသူကြီးငါးဦး၏ဆုံးဖြတ်ချက်ဖြင့် ဂျော့ခ်ျဒဗလျူဘုရှ်ရရှိသွားခဲ့သည်က သမ္မတရာထူးဖြစ်ပြီး အယ်လ်ဂိုးရရှိသွားတာကတော့ တိုင်းပြည်ခေါင်းဆောင်ဆိုသည့်ဂုဏ်ပုဒ်ဖြစ်ပါသည်။ ဒီမိုကရေစီကိုချစ်ဖို့အတွက် သဘောထားကြီးမှုက အရေးကြီးကြောင်း သူက နမူနာပြသခဲ့သည်။

ကံဆိုးစွာနှင့် ဘန်ကောက်မှာ အယ်လ်ဂိုးရှိမနေခဲ့ပါ။ ဖရဲသီးနိုင်ငံရေးဆိုသည်က အတွင်းက၀ါသည်ဖြစ်စေ၊ နီသည်ဖြစ်စေ၊ အ၀ါနှင့်အနီကို ချုပ်ကိုင်ထားသည်ကတော့ တောင့်တင်းထူထဲလှသည့် အစိမ်းရောင်ထုထည်ကြီးသာဖြစ်ပါသည်။ ဆူသက်သောင်ဆူဘန်၏စပွန်ဆာဖြင့် (၁၉)ကြိမ်မြောက် အာဏာသိမ်းမည့် အစိမ်းရောင်ထိုင်းစစ်တပ်ကတော့ တင့်ကားအင်ဂျင်စက်များကို နှိုးကောင်းနှိုးနေကြမည်ဖြစ်သည်။ အယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။
 
 
 

Tuesday, December 31, 2013

အာဆီယံနိုင်ငံများတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးမည်

အာဆီယံအသိုင်းအ၀ိုင်းတွင်  မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလုပ်သားများ ကျွမ်းကျင်မှု စံလက်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA လုပ်ငန်းကဏ္ဍအလိုက် ကော်မတီများနှင့် လုပ်ငန်းအထောက်အကူပြုအဖွဲ့  (Technical Working Group (TWG) တို့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးပွဲမှ သိရသည်။

အာဆီယံကျွမ်းကျင်မှု အသိအမှတ်ပြုရေးပရောဂျက်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများတွင် ဂဟေ၊ ကွန်ကရစ်ဖျော်၊ လေအေးပေးစက်စက်ပြင်၊ မွေးမြူရေးခြံလုပ်သားနှင့် ဧည့်လမ်းညွှန်အလုပ်အကိုင်များအတွက် လုပ်ရည်ကိုင်ရည်များကို ပရောဂျက်အထောက်အကူပြုအဖွဲ့ အစီအစဉ်ဖြင့် ရေးဆွဲခဲ့ကြောင်းသိရသည်။

အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးမြင့်က " NSSA က ၂၀၀၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်မှုစံတွေ သတ်မှတ်ပြဋ္ဌာန်းခြင်းအတွက် ရည်ရွယ်ပြီးလုပ်တာပါ။ ဒါပေမဲ့ ဒီအဖွဲ့ကြီးက ၂၀၀၇ ခုနှစ်ကတည်းက လုပ်တယ်ဆိုပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေက နည်းနည်းလေးနှေးခဲ့တာပေါ့။ အဲဒီအတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှု ဥပဒေဆိုပြီးတော့ ယာယီဥပဒေနဲ့ ပိုအသက်ဝင်အောင် လုပ်လိုက်တာပေါ့။ အရင်တုန်းကတော့ အမိန့်ကြော်ငြာစာ အနေနဲ့ပဲရှိတယ်။ အဓိကက ဒါကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေကို အဲဒါနဲ့ပတ်သက်ပြီးတော့ သူ့ကဏ္ဍအလိုက်မှာ ကျွမ်းကျင်းမှုစံတွေကိုသိမယ်။ သိရင်ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် လုပ်သားကျွမ်းကျင်မှုနှင့် စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့အား လုပ်ငန်းကဏ္ဍအလိုက် အစိုးရနှင့်ပုဂ္ဂလိကမှ ကိုယ်စားလှယ်များဖြင့် ကော်မတီ (၁၄) ခု ဖွဲ့စည်းထားရှိပြီး နည်းဥပဒေများ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG)  အား လုပ်ငန်းကျွမ်းကျင်ပညာရှင်များဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Eleven Medis Group

Monday, December 30, 2013

နိုင်ငံတော်သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်စေရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထား မှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော် ၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရေး အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ဤအမိန့်ကို ထုတ်ပြန် လိုက်သည်။

၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ အပိုဒ် (၃)ပါ ပြစ်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ -

(က) ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူ အားလုံးကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်သည်။

(ခ) သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံ များအား အမှုမှ ချက်ချင်း လွှတ်ရမည်။

(ဂ) စုံစမ်း အရေးယူဆဲ ဖြစ်သော အမှုများကို ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်။

၃။ ဤအမိန့်အရ အောက်ပါ ပြစ်မှုများ၌သာ ပြစ်ဒဏ် ခံနေရသူများ၊ ကြားနာ စစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်း အရေးယူဆဲ ခံနေရသူများ ပါဝင်သည်-

(က) မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊

(ခ) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊

(ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊

(ဃ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊

(င) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊

(စ) အများပြည်သူ၏ အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅)၊

(ဆ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ။

၎။ ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ် (၃)ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Thursday, November 14, 2013

နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု


နေပြည်တော် 2013 နိုဝင်ဘာလ 15 ရက်
နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက စိစစ်တင်ပြခဲ့တဲ့ အကျဉ်းသား ၆၉ ဦးကို နိုင်ငံတော်သမ္မတက ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြစ်ဒဏ်က လွတ်ငြိမ်း ခွင့်ပြုခဲ့ပါတယ်။

အကျဉ်းသား ၆၉ ဦးကို ပြန်လည်စေလွှတ်ခဲ့တဲ့ အကျဉ်းထောင်များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်-
အင်းစိန်အကျဉ်းထောင်မှ ၃ ဦး
မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး
မြင်းခြံ အကျဉ်းထောင်မှ ၃ ဦး
သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး
တောင်ငူ အကျဉ်းထောင်မှ ၆ ဦး
ရွှေဘို အကျဉ်းထောင်မှ ၄ ဦး
မုံရွာ အကျဉ်းထောင်မှ ၂ ဦး
ပုသိမ် အကျဉ်းထောင်မှ ၁ ဦး
သထုံ အကျဉ်းထောင်မှ ၁ ဦး
အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး
ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး
မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး
သီပေါ အကျဉ်းထောင်မှ ၃ ဦး
ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး
ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး
သံတွဲ အကျဉ်းထောင်မှ ၄ ဦး
ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး
စစ်တွေ အကျဉ်းထောင်မှ ၉ ဦး

၂၀၁၃ ခုနှစ် ဒီဇင်ဘာလမကုန်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ နိုင်ငံတော်သမ္မတပြောခွင့်ရပုဂ္ဂို ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် ရဲ့ဖေ့ဘုတ်စာမျက်နှာ
Ye Htut  မှာဖော်ပြထားပါတယ်။

Tuesday, November 12, 2013

ဗီဇာသက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲများကြုံတွေ့

Tuesday, November 12, 2013
 
 ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသောမြန်မာရွှေ့ပြောင်း လုပ်သား များ ဗီဇာသက်တမ်းကုန်လွန်သွားပြီးနောက် အခက်အခဲ အမျိုး မျိုး ကြုံတွေ့နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်က နိုဝင်ဘာ ၁၁ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်း အလုပ်သမားများမှာ အလုပ်ရှင်တို့မှ ဗီဇာသက်တမ်းကုန်ဆုံးသွားသဖြင့် အလုပ်မှရပ်နားထားပြီး ဗီဇာအသစ်ရရှိပြိးမှသာ အလုပ်ပြန်ဝင်ရန်ပြော ဆိုခြင်းကြောင့် အလုပ် လက်မဲ့များဖြစ်နေကြောင်း၊ပွဲစားများက ဗီဇာ ဆက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင်ဘတ် ၃၅၀၀မှ ဘတ် ၅၀၀၀ထိ လိမ်လည်ယူဆောင်သွားခြင်းများအပြင် ပွဲစားများက အလုပ်ရှင်များနှင့် ဆက်သွယ်၍ နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက်တစ်ဦး လျှင် ဘတ် ၁၀၀၀၀မှ ၁၅၀၀၀ထိ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြောဆို၍ ကြိုတင်တောင်းခံလျက် ရှိနေကြောင်း အလုပ်ရှင်အချို့ထံ သိထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သက်တမ်းကုန်ဆုံးတဲ့လူက နေ့စဉ် ၅၀၀ လောက်တိုးနေတာ၊ အခုဆို ၂၀၀၀၀န်းကျင်လောက်ရှိနေပြီး၊Over Stay ဖြစ်နေတဲ့သူတွေက သူ့ နိုင်ငံရဲ့ လ၀က ဥပဒေနဲ့ဆို ပြည်နှင်ဒဏ်ခံရမှာပါ။ ဒါပေမယ့် အဲဒီ့ကရဲတွေက ဖမ်းတယ်။ ပြီးရင် ငွေညှစ်ပြီး ပြန်သွားတာများတယ်။ ဘာပဲ ပြောပြော မလုံခြုံဘူးပေါ့”ဟုရွှေ့ပြောင်းလုပ်သား များအခွင့်အရေးကွန်ရက် (MWRN) မှ ဒါရိုက်တာ ကိုစိန်ဌေးက ပြောကြားသည်။ ယင်းအပြင် အလုပ်သမားများမှာ အလုပ်ရှင်တို့မှ ဗီဇာသက်တမ်းကုန်ဆုံး သွားသဖြင့် အလုပ်မှရပ်နားထားပြီး ဗီဇာအသစ်ရရှိပြိးမှသာ အလုပ် ပြန်ဝင်ရန် ပြောဆိုခြင်းကြောင့် အလုပ်လက်မဲ့များဖြစ်နေကြောင်း၊ပွဲစားများက ဗီဇာ ဆက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင်ဘတ် ၃၅၀၀မှ ဘတ် ၅၀၀၀ထိ လိမ်လည်ယူဆောင်သွားခြင်းများအပြင် ပွဲစားများက အလုပ်ရှင်များနှင့် ဆက်သွယ်၍ နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက်တစ်ဦး လျှင် ဘတ် ၁၀၀၀၀မှ ၁၅၀၀၀ထိ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြောဆို၍ ကြိုတင်တောင်းခံလျက် ရှိနေကြောင်း အလုပ်ရှင်အချို့ထံ သိထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုင်းနှင့် မြန်မာအစိုးတို့မှ ၂၀၀၉ခုနှစ်၊ ဇူလိုင် ၁၅ရက်မှ စတင်၍င်ငံသား စိစစ်ခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ရာ ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၁၁ရက်အထိ မြန်မာအလုပ်သမားဦးရေ ၁ဒသမ၇သန်းကျော် တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ၂၀၀၉ခုနှစ်က ဗီဇာရရှိသူများမှာ ၄နှစ်သက်တမ်း ကုန်ဆုံးပြီဖြစ်၍အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။ ရေးသားသူ - ဝေဖြိုး People power