Thursday, September 13, 2012

ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒဟာ ဒုက္ခသည်တွေအတွက် အကူအညီ မရတဲ့ အပြင် ဖိစီးမှုတွေ ဖြစ်စေတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကဝေဖန်




ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒဟာ ဒုက္ခသည်တွေအတွက် အကူအညီ မရတဲ့ အပြင် ဖိစီးမှုတွေ ဖြစ်စေတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကဝေဖန်လိုက်ပါတယ်။

ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေအပေါ် ထိုင်းနိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက် ဆိုတဲ့ စာမျက်နှာ ၁၄၃ မျက်နှာပါ အစီရင်ခံစာ တစောင်ကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက် တာပါ။

ဒီအစီရင်ခံစာဟာ ဒုက္ခသည်စခန်းတွေမှာ ရှိနေသူတွေရော စခန်းအပြင်မှာရှိနေတဲ့ မြန်မာနိုင်ငံ ကဒုက္ခသည်တွေရဲ့အခြေအနေကိုပါ အဓိကထား လေ့လာပြီး ရေးသားထားတာဖြစ်ပါတယ်။

မြန်မာ၊ လာအိုနဲ့ မြောက်ကိုရီးယားက ရောက်လာပြီး ဒုက္ခသည်အဖြစ်လျှောက်ထားသူတွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ စစ်ဆေးအသိအမှတ်ပြုဖို့ ထိုင်းအစိုးရက ခွင့်မပြုဘူးလို့ထောက်ပြထားပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းထဲက လူတွေကို အဘက်ဘက်မှာ တင်းကြပ်ထားပြီး အလုပ်လုပ်ခွင့်လည်း မပြုဘူးလို့ဆိုပါတယ်။

ဒီမူဝါဒအရ တချိန်မှာဒုက္ခသည်တွေ ဌာနေ ပြန်ခွင့်ရတဲ့အခါ ဘဝ ထူထောင်ရေးအတွက် အဆင်သင့်ဖြစ်ဖို့ မလွယ်တဲ့အကြောင်း ပြောဆို ပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေကြားမှာ စိုးရိမ်ကြောင့်ကျမှုတွေ၊ မသေချာမှုတွေ၊ ကိုယ်စွမ်းဥာဏ်စွမ်းပြခွင့် မရတဲ့ခံစားရမှုတွေဖြစ်နေသလို တရားမျှတမှု
အတွက် ဘယ်သူ့ကို ချဉ်းကပ်ရမလဲ ဆိုတဲ့ အားကိုးရာ မဲ့ရတယ်လို့
ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တလျှောက် ဒုက္ခသည်စခန်း ၉ ခုမှာ လူဦးရေ ၁ သိန်း ၄ သောင်းလောက်ရှိနေပြီး၊ အဲဒီထဲက ၆၀ ရာခိုင်နှုန်းလောက်ကိုပဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတယ်လို့ HRW က ဖော်ပြပါတယ်။
RFA

ပါကစ္စတန်တွင် အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား ၁၉၁ ဦး သေဆုံး



ကရာချိ စက်တင်ဘာ ၁၂

ပါကစ္စတန် တောင်ပိုင်း ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် ကရာချိမြို့တွင် စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ခန့်က အထည်ချုပ် စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ရာ၁၉၁ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံသည် လေးထပ် အဆောက်အအုံ တစ်ခုဖြစ်ပြီး လူအများအပြား သေဆုံးရခြင်းမှာစက်ရုံပိုင်ရှင် မှ အရေးပေါ် ထွက်ပေါက်ကို ပိတ်ထား ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ အများစုမှာ အသက်ရှူ ကျပ် ခြင်းကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းစက်ရုံကို မီးစလောင်ပြီး ၁၁ နာရီခွဲ အကြာ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီ မိနစ်၃ဝတွင် ငြှိမ်းသတ် နိုင်ခဲ့ကြောင်း ကရာချိမြို့ မီးသတ်ဌာနမှ အကြီးအကဲက ပြောကြား ခဲ့ကြောင်း သိရသည်။ 



နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည်



နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ နိုင်ငံတော် သမ္မတ၏ တရုတ် ခရီးစဉ်သည် ၉ ကြိမ်မြောက် နန်နင်းကုန်စည်ပြပွဲသို့ တက်ရောက်ရင်း သွားရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရပါသည်။

နိုင်ငံတော် သမ္မတ၏ အမေရိကန် ခရီးစဉ်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွယ်ရှိကြောင်း သိရပြီး ထိုခရီးစဉ်မှာလည်း သုံးရက်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။ အမေရိကန် ခရီးစဉ်မှာမူ နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သမ္မတ သက်တမ်းအတွင်း တရုတ်နိုင်ငံသို့ ၂၀၁၁ခုနှစ် မေလ အတွင်းက ပထမဆုံး သွားရောက်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် သွားရောက်ခြင်း ဖြစ်ပါသည်။

ယနေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ၀ူဘန်းကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပါသည်။ မစ္စတာ ၀ူဘန်းကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖိတ်ကြားချက်အရ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ခဲ့ခြင်း ဖြစ်ပါသည်။
EMG

Sunday, September 9, 2012

ပုစွန်တောင် လူသတ်မှု ကျူးလွန်သူကို ၃၄ နာရီကြာ ပေါ်ပေါက်



ရန်ကုန်၊ စက်တင်ဘာ ၉

လွန်ခဲ့သော သုံးရက်ခန့်က ဖြစ်ပွားခဲ့သော ပုစွန်တောင်မြို့နယ်တွင်ဖြစ်ပွားခဲ့သည်ရဲမှူးကြီး(အငြိမ်းစား) ဇနီး လူသတ်မှုကို ကျူးလွန်သည်ဟု သံသယရှိသူ အသက်၂၂ နှစ် အရွယ်အမျိုးသားကို လူသတ်မှု ဖြစ်ပွားပြီး ၃၄ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ ယင်းရဲတပ်ဖွဲ့မှူး ရုံး ၊ ဌာနခွဲမှူး ဦးစီး(၂) ရဲမှူး မြင့်ထွေး ကပြောကြားသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သတ်၍ သံသယ ရှိသူ ကို ယင်းအမျိုးသမီးကြီးအသတ်မခံရမ်ီတစ်ရက်တွင် အဲယားကွန်းလာရောက်ပြုပြင်သည့်အဖွဲ့ကိုစစ်ဆေးခဲ့ရာမှတစ်ယောက်ပျောက်ဆုံးခဲ့ပြီးယင်းပျောက် ဆုံးနေသူကို ခြေရာခံ စစ်ဆေးရာမှ သံသယရှိသူ၏ နေထိုင်ရာ လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးနိုင် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါ လူသတ်မှု ကျူးလွန်သည်ဟု သံသယ ရှိသူသည် အသက်၂၂နှစ်အရွယ် မြင့်ထွေး(ခ) စောဖိုးခွား ဖြစ်ပြီး၊ လွန်ခဲ့သော တစ်လခန့်ကအဲယားကွန်း ပစ္စည်းသွားဝယ်စဉ် ရွှေဘုန်းပွင့် ဘုရား အနီးရွံ့ပေ၍ ခြေထောက်ဆေးရာ အနီးမှ ဖြတ်သွားသော သေဆုံးသူ ဒေါ်မေနှင်းဆီဟန် ကို ရေနှင့် ပက်မိ၍ တောင်းပန် သော်လည်း၊ ဒေါ်မေနှင်းဆီဟန် ကကြမ်းတမ်းစွာပြန်လည်ပြောဆိုခဲ့သောကြောင့် လည်းကောင်း၊ သံသယရှိသူ လုပ်ကိုင်သည့် ဆိုင်တွင် နှိမ်ချစွာ ဆက်ဆံသော ဆိုင်ပိုင်ရှင်ကို နာမည် ပျက်စေရန် ရည်ရွယ်၍ သြဂုတ်လ ၆ရက်နေ့ ၉နာရီ ၃၀ တွင် ယင်းအမျိုးသမီးကို သတ်ခဲ့ကြောင်း လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသူ ကဝန်ခံ ထွက်ဆိုခဲ့သည်။

''သူကဗိုက်ကို ထိုးတယ်၊ဆင့်ကဲဆင့်ကဲ ထိုးတာ၊၁၈ချက်လောက် ထိုးတယ်၊ အသက်ပြင်းပြင်း ရှုနေသေးတယ်၊နောက်မှ ငြိမ်သွားတာ၊ သေသွားတဲ့ အမျိုးသမီးက လူလယ်ခေါင်မှာ ဆဲလို့သူကို အရှက်ရအောင် လုပ်လို့ရယ်၊ အလုပ်လုပ်တဲ့ ပိုင်ရှင်က လည်း အိမ်သာတွေ၊ သန့်ရှင်းတွေကို သူ့တစ်ယောက်တည်း လုပ်ခိုင်းလို့ဆိုပြီး၊ အမျိုးသမီးလည်း တစ်ခုခုဖြစ်၊ အလုပ်ရှင်လည်း ဒီဆိုင်က အလုပ်သမားက အမှုဖြစ်ရင် ဆိုင်နာမည်သေအောင်လို့ ဆိုပြီး လုပ်တာ ''ဟု ဌာနခွဲမှူး ဦးစီး(၂) ရဲမှူးမြင့်ထွေး ကပြောကြားသည်။

အဆိုပါ ကျူးလွန်မှုမှာ စက်တင်ဘာလ ၅ရက်နေ့တွင် အဲယာကွန်း ပြင်ရန် ခေါ်သဖြင့် ဖြစ်ပွားခဲ့သော တိုက်ခန်းသို့ သွားရောက်စဉ် ၎င်းကိုသွားရောက်ရာ ၎င်းကို လွန်ခဲ့သော တစ်လခန့်က ဆိုခဲ့သူ ဖြစ်နေ၍ မှတ်မိပြီး၊ စက်တင်ဘာလ ၆ ရက်နေ့တွင် နေအိမ်မှ သုံးမြှောင့်တံစဉ်း (စကေဘာ)ကို ထည့်ယူ လာခဲ့ပြီး ၊ နံနက် ၉ နာရီခွဲခန့် တွင်ယင်း တိုက်ခန်းသို့ပြန်လာကာ မနေ့က အဲယားကွန်း လာပြင်သည့် အဖွဲ့ဖြစ်ကြောင်းပြော၍ နေအိမ်တွင်းဝင်ရောက်ပြီး ယူလာသော တံစဉ်းဖြင့် ရေချိုးခန်းမှ ထွက်လာသော အမျိုးသမီး၏ ဝမ်းဗိုက်ကို ထိုးခဲ့ပြီး၊ အမျိုးသမီး လဲကျသွားစဉ် ဗီရိုအပေါ်သော့တွဲအနီး တင်ထားသောဖုန်းမှ အသံမြည်လာသဖြင့် ဖုန်းပိတ်၍ ယူခဲ့ကြောင်း၊ ကုတင် ပေါ်ရှိ ပိုက်ဆံအိတ်ထဲမှ တစ်ထောင်တန်၂၉ရွက်ကို ယူ၍ ဝင်ပေါက်တံခါးမကြီး ဒိုးလော့ကို လော့ချပိတ်၍ မိဘများ နေထိုင်ရာ ရိုးကြီး ကျေးရွာသို့ ပြန်ခဲ့ကြောင်း ၎င်းက ရဲတပ်ဖွဲ့ဝင်များ ထံ ထွက်ဆိုသည်။

ထိုနောက် လူသတ်မှု ကျူးလွန်ရာတွင် သုံးခဲ့သည့် အဖုံးစွပ်ပါ တံစဉ်း ထည့်ထားသော ပလပ်စတစ် အိတ် အတွင်း ၃ပိသာခန့်ရှိ လမ်းခင်း ကွန်ကရစ် ကျောက်တုံး (၁)တုံး ထည့်ပြီး၊ ဖုန်းကတ်ကိုလည်း ထုတ်၍ ရွှေလင်ပန်းချောင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဌာနခွဲမှူး ဦးစီး (၂) ရဲမှူး မြင့်ထွေး ကပြောကြားသည်။

'' နှုတ်ကြောင့်သေ၊ လက်ကြောင့် ကျေဆိုတဲ့ စကားပုံလိုပေါ့ ၊ ဘာမှ မဟုတ်တဲ့ ပြဿနာနဲ့ ဒီလိုဖြစ် သွားတာပါ''ဟု၎င်းကပြောကြားသည်။ယင်းလူသတ်မှုနှင့်ပတ်သတ်၍ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မူခင်းအထူးအဖွဲ့ဖွဲ့၍ စုံစမ်း စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း ယင်းတိုင်းရုံး ထံမှသိရသည်။
The Voice Weekly

Saturday, September 8, 2012

ပြည်သူများအနေဖြင့် မကျေနပ်ချက်များ တိုင်ကြားမှုများကို သမ္မတထံသို့ တိုက်ရိုက် တင်ပြနိင်



မကြာသေးမီက အသစ်ပြန်လည် မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက် http://www.president-office.gov.mm/တွင် သမ္မတထံ တိုက်ရိုက်တိုင်ကြားနိုင်သည့် ကဏ္ဍတစ်ခုအား ထပ်မံဖြည့်စွက်ထားပြီး ယင်းကဏ္ဍအား အသုံးပြု၍ ပြည်သူများအနေဖြင့် မကျေနပ်ချက်များ တိုင်ကြားမှုများကို သမ္မတထံသို့ တိုက်ရိုက် တင်ပြနိင်တော့မည်ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးသို့ အင်တာနက် စာမျက်နှာပေါ်မှနေပြီး မကျေနပ်ချက်များကို တိုင်ကြားနိုင်ရာတွင်ပေးပို့တိုင်ကြားသူ၏ အမည်၊ နေထိုင်ရာဒေသ၊ အီးမေးလ်လိပ်စာ၊
တိုင်ကြားလိုသည့် အကြောင်းအရာများကို သတ်မှတ်နေရာများတွင် ဖြည့်စွက်ရေးသားကာ
ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်ကြားလိုသူများသည် အထက်ပါ အချက်အလက်များ အပြင် ဓာတ်ပုံများကိုလည်း ပူးတွဲပေးပို့နိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတော်သမ္မတရုံးအနေဖြင့် အင်တာနက်ပေါ်မှတစ်ဆင့် သမ္မတထံ တိုင်ကြားစာကဏ္ဍတစ်ခုကို ဖွင့်လှစ်လိုက်ခြင်းနှင့် ပတ်သက်ပြီးကွန်ပျူတာပညာရှင်အချို့က
ထိုဝက်ဘ်ဆိုက်သည်အချိန်ပြည့်အလုပ်လုပ်ရန် လိုအပ်ကြောင်းနှင့် တိုင်ကြားချက်များထဲမှ အများပြည်သူ
သိသင့်သည့် တိုင်ကြားမှုများနှင့် သမ္မတရုံးမှ ဖြေရှင်းပေးမှုများကိုလည်း လွှင့်တင်ပေးနိုင်မည်ဆိုပါက
ပိုမိုပြည့်စုံသည့် ပြည်သူနှင့် အစိုးရ အင်တာနက်ကြားခံပြီး တစ်ဆင့်ထိတွေ့နိုင်မည့် အောင်မြင်သောကဏ္ဍတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားကြသည်။

မြန်မာနိုင်ငံ အစိုးရဌာနအသီးသီးသည် လက်ရှိ အစိုးရအပြောင်းအလဲတွင် ၄င်းတို့ဌာနများက ကိုယ်ပိုင်ဝက်ဘ်ဆိုက်များ ရေးဆွဲကာ လွှင့်တင်လာကြသော်လည်း အများစုမှာ မည်သည့် အကြောင်းအရာမျှ အချိန်နှင့်တပြေးညီမရှိပဲ အပြသဘောအဆင့်တွင်သာ များပြားနေဆဲ ဖြစ်ကြောင်းအထက်ပါ ကွန်ပျူတာပညာရှင်အချို့က ဆိုကြသည်။
7 Day News 
သမ္မတရုံးဝက်ဆိုက်သို့