Friday, September 14, 2012

ပို့ကုန်တွေကို ကန့်သတ် ပိတ်ပင်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတချို့ကို ဖြေလျော့ပေးဖို့ အမေရိကန် အစိုးရ ကြိုးပမ်း



ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် ကာလနဲ့ တိုက်ဆိုင်ပြီးမြန်မာနိုင်ငံက ပို့ကုန်တွေကို ကန့်သတ် ပိတ်ပင်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတချို့ကို ဖြေလျော့ပေးဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတယ်လို့ ဒီကနေ့ထုတ် Financial Times သတင်းစာကြီးက ရေးသားလိုက်ပါတယ်။
ဒီလို အရေးယူမှု လျှော့ချရေးကို သမ္မတ အိမ်ဖြူတော်၊ အမေရိကန်နိုင်ငံခြားရေးဌာန၊ အမေရိကန် လွှတ်တော်တွေက တာဝန်ရှိသူတွေဆွေးနွေးနေကြပြီး ဒီအထဲမှာ မြန်မာစစ်တပ် အပေါ် ထားရှိတဲ့ လက်ကျန် ပိတ်ဆို့အရေးယူမှု တချို့ကိုပါ လျော့ပေါ့ဖို့ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြုပ်နှံခွင့်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်က သမ္မတ လုပ်ပိုင်ခွင့်နဲ့ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါတယ်။

သွင်းကုန်ပိတ်ဆို့ထားတာ ကိုတော့ အမေရိကန် လွှတ်တော်ရဲ့ သဘောတူချက်ရဖို့လိုပြီး နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင် လွှတ်တော်က သဘောတူချက် ရဖို့ကတော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ သတင်းစာကရေးပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် အမေရိကန် ခရီးစဉ်နဲ့ တချိန်ထဲ ကျရောက်နိုင်တဲ့ သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ် အတွင်းမြန်မာပို့ကုန် ပိတ်ဆို့ထားမှုကို ဖြေလျှော့ပေးဖို့ ရှိကြောင်း အမေရိကန် အစိုးရက တရားဝင် ကြေညာနိုင်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်က ချီးမြင့်မယ့်ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့ ရှိပြီး ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂ ညီလာခံ ကျင်းပတဲ့ နယူးယောက်မြို့ကို လာရောက်မှာဖြစ်ပါတယ်။
 

No comments:

Post a Comment