Tuesday, August 1, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၈)

ရက်စွဲ - ၃၁-၇-၂၀၁၇
      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 နှင့်ပတ်သက်၍ (၁) အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ (၂) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (၃) ကာကွယ်ထိန်းချုပ်ခြင်း (၄) ကုသမှုပေးခြင်းနှင့် (၅) ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၃၀-၇-၂၀၁၇ ရက်နေ့၊ ၁၄:၀၀ နာရီမှ ၃၁-၇-၂၀၁၇ ရက်နေ့၊ ၁၄ : ၀၀ နာရီအထိ သံသယလူနာ (၃၁) ဦးအား ထပ်မံဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009 အတည်ပြုလူနာ (၁၁) ဦး တွေ့ရှိခဲ့ပါသည်။

     ၃၀-၇-၂၀၁၇ ရက်နေ့၊ မွန်းလွဲ ၁၄ : ၀၀ နာရီမှ ၃၁-၇-၂၀၁၇ ရက်နေ့၊ မွန်းလွဲ ၁၄ : ၀၀ နာရီအထိ သတင်းရရှိသောအချက်အလက်များအား အတည်ပြုချက်အရ Seasonal Influenza A (H1N1) pdm 2009 – positive ဆေးကုသမှုခံယူနေသော လူနာများအနက် ရန်ကင်းကလေးဆေးရုံ၌ (၂၈-၇-၂၀၁၇) ရက်နေ့တွင် တက်ရောက်နေသော လူနာ (၁) ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆေးရုံကြီး (ဝေဘာဂီ) သို့ လွှဲပြောင်းကုသမှုပေးခဲ့သော လူနာ (၁) ဦး၊ စုစုပေါင်း လူနာ (၂) ဦး ထပ်မံ သေဆုံးခဲ့ကြပါသည်။
     ၂၁-၇-၂၀၁၇ ရက်နေ့မှ ၃၁-၇-၂၀၁၇ ရက်နေ့၊ ၁၄ : ၀၀ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရရှိသော ရောဂါဖြစ်ပွားသောအချက်အလက်များအရ လတ်တလောပြင်းထန် အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Infection) ဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၂၁၃) ဦးရှိခဲ့ပြီး ၎င်းတို့အနက် Seasonal Influenza A (H1N1) pdm 2009 positive လူနာ စုစုပေါင်း (၆၂) ဦး၊ သေဆုံးသူ (၁၂) ဦးရှိနေပါသည်။ ထို့ကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Infection) ဆေးရုံတက်ရောက်သူများတွင် သေဆုံးမှုနှုန်းမှာ (၅.၆) ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။
     လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါလူနာများကို ရောဂါပျံ့နှံ့မှုလျင်မြန်စွာ ထိန်းချုပ်နိုင်ရန်အတွက် မြောက်ဥက္ကလာပမြို့နယ်ရှိ အထူးကုဆေးရုံ (ဝေဘာဂီ) တွင် ဦးစားပေး ပို့ဆောင်ကုသပေးလျက်ရှိရာ ၃၁-၇-၂၀၁၇ ရက်နေ့၊ မွန်းလွဲ ၁၄ : ၀၀ နာရီအထိရရှိသော ဆေးရုံတက်ရောက်လူနာစာရင်းအရ Seasonal Influenza A (H1N1) pdm 2009 အတည်ပြုလူနာ (၄) ဦး တက်ရောက်လျက်ရှိပါသည်။
    ၃၁-၇-၂၀၁၇ ရက်နေ့၊ နံနက် ၉ : ၀၀ နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးမှ H1N1 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လိုအပ်မည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ရောဂါကာကွယ်ရေးပစ္စည်းများ၊ လိုအပ်သည့်နေရာများသို့ အချိန်မီဖြန့်ဖြူးနိုင်ရေး၊ ပြည်သူလူထုအတွင်း ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် ကျန်းမာရေးပညာပေးဗီဒီယိုများ ဖြန့်ဝေနိုင်ရေး၊ ဆေးရုံများမှ သတင်းပေးပို့မှု မြန်ဆန်သွက်လက်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များချမှတ်ရေး၊ ရောဂါကုသမှုနှင့် ဆေးရုံဆင်းမှုတို့အတွက် တိကျသည့်အစီအမံများချမှတ်ရေးတို့အား ဆွေးနွေးအကောင်အထည်ဖော်ခဲ့ပါသည်။
    တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌လည်း ဝန်ကြီးချုပ်များ၊ လူမှုရေးဝန်ကြီးများဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများပါဝင်ကာ ရာသီတုပ်ကွေး ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲများအား နေ့စဉ်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ဆေးရုံကြီးများတွင် လူနာများ၊ ကျန်းမာရေးဝန်ထမ်းများအားလည်းကောင်း၊ ပညာရေးဝန်ထမ်းများကလည်း ကျောင်းများတွင် ကျောင်းသားများ အားလည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များကလည်း ပြည်သူလူထုအားလည်းကောင်း ရာသီတုပ်ကွေးရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများအား အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှလည်း တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများ၌ ရာသီတုပ်ကွေးရောဂါသံသယဖြင့် (၂၀၁၇) ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ ယနေ့အထိ ဆေးရုံတက်ရောက်သူများစာရင်း အတိအကျကို စုဆောင်းလျက်ရှိပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာရှုထောင့်မှ သုံးသပ်လျက်ရှိကာ ယခုဖြစ်ပေါ်လျက်ရှိသော ရာသီတုပ်ကွေးရောဂါ၏ အတိမ်၊ အနက်နှင့် ရှေ့အလားအလာကိုခန့်မှန်း၍ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။
     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များကို အရေးတယူ လိုက်နာဆောင်ရွက်သွားပါက ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ဖြစ်ပွားမှု လျော့နည်းကျဆင်းသွားမည်ဖြစ်ပါသည်။ ရာသီတုပ်ကွေးဆန်သော လက္ခဏာများ၊ ပြင်းထန်ရာသီတုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားသည်ဟုထင်မှတ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ဆေးကုသမှုခံယူပါက အသက်အန္တရာယ် ဆုံးရှုံးရမှုများမှ ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်ပါသည်။ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကာကွယ်တားဆီးရေးနည်းလမ်းများနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၊ Myanmar CDC facebook စာမျက်နှာနှင့် နေ့စဉ်ထုတ်သတင်းစာများအပြင် ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment