Friday, August 5, 2016

Domain Name (ဒိုမိန်း) ရွေးချယ်ခြင်း

ကျနော် ဤအကြောင်း ကို ရေးသားရခြင်းမှာ ယခုအခါ မြန်မာ ဝက်ဘ်ဆိုဒ် အတော်တော်များများ ပေါ်လာကြပြီး အချို့သော ဝက်ဘ်ဆိုဒ်များမှာ အလွန် အဆင့်မှီကောင်းမွန်သော ဝက်ဘ်ဆိုဒ်များ အဖြစ် ထွက်ပေါ်လာကြသော်လည်း Domain Name (ဒိုမိန်း) ရွေးချယ်မှု အပိုင်းတွင် အားနည်းသည်ကို တွေ့ရသဖြင့် Domain Name (ဒိုမိန်း) ရွေးချယ်ခြင်း အကြောင်း တင်ပြ လိုခြင်းကြောင့်ဖြစ်သည်။



Domain Name (ဒိုမိန်း အမည်) ဆိုသည်မှာ အများ သိပြီးဖြစ်သည့် အတိုင်း အင်တာနက် စာမျက်နှာ (သို့မဟုတ်) ဝက်ဆိုဒ်၏ လိပ်စာဖြစ်သည်။

ထို အင်တာနက် စာမျက်နှာ (သို့မဟုတ်) ဝက်ဆိုဒ်၏ လိပ်စာကို ရွေးချယ်ရာမှာ အင်တာနက် စာမျက်နှာ (သို့မဟုတ်) ဝက်ဆိုဒ် တည်ထောင်ခြင်းတွင် အလွန်အရေး အကြီးဆုံးသော ကိစ္စတစ်ရပ်ဖြစ်သည်။ ဒိုမိန်း အမည်သည် အီးမေးလ် လိပ်စာကဲ့သို့ ဖြစ်သလို ရွေးရသည့်ကိစ္စမျိုး မဟုတ်ပါ။

ရှေးဦးစွာ ဒိုမိန်း အမည်ကို မရွေးချယ်မှီ ဒိုမိန်း အမည် နောက်ဆက်တွဲ စာလုံးကို ဦးစွာ စဉ်းစားရပါမည်။ ထို နောက်ဆက်တွဲ စာလုံးကို အင်္ဂလိပ်လို အတိုကောက် TLD ဟုခေါ်ပါသည်။ အဓိပ္ပါယ်မှာ Top Level Domain ဖြစ်သည်။

နောက်ဆက်တွဲ စာလုံးသည် မိမိ၏ ဝက်ဘ်ဆိုဒ် အမျိုးအစားကို ကိုယ်စားပြုသည့် သင်္ကေတ ဖြစ်သည်။ အင်တာနက်ကြည့်သူ အများစုမှာ ထိုနောက်ဆက်တွဲ ကိုယ်စားပြုသင်္ကေတ ဒိုမိန်း စာလုံးကို ကြည့်ခြင်းဖြင့် ထိုဝက်ဘ်ဆိုဒ်သည် မည်သည့် အမျိုးအစား ဝက်ဘ်ဆိုဒ်ဖြစ်သည်ကို ကြည့်၍ ရွေးချယ်လေ့ရှိသည်။

ထို ဒိုမိန်း အမည် နောက်ဆက်တွဲ စာလုံး TLD တွင် ၂ မျိုး ၂ စားရှိသည်။ ပထမ အမျိုးအစားမှာ gTLD ဟု ခေါ်ပြီး အရှည်မှာ – Generic Top-Level Domain ဖြစ်သည်။ အချို့က Global TLD ဟုလည်းခေါ်သည်။ ထို အမျိုးအစားမှာ တကမ္ဘာလုံးနှင့် ဆိုင်သော ဝက်ဆိုဒ်အမျိုးအစား ဟု အကြမ်းဖျဉ်း သတ်မှတ်ခြင်း ဖြစ်သည်။

gTLD အမျိုးအစား ဒိုမိန်းအများစုသည် လွတ်လပ်စွာ မှတ်ပုံတင်နိုင်သောလည်း အချို့မှာ ကန့်သတ်ချက်များ သတ်မှတ်ထားခြင်း ရှိသည်။ ထိုကြောင့် gTLD ဒိုမိန်း များကို မှတ်ပုံတင်နိုင် သော်လည်း နောင်တွင် ကန့်သတ်ချက်နှင့် မညီသည့် ဝက်ဘ်ဆိုဒ်များ ဖြစ်ပါက မိမိ ဒိုမိန်း အမည် လက်လွတ် ဆုံးရှုံး နိုင်သည်။

gTLD အမျိုးအစားပါ ဒိုမိန်း များကို အောက်ပါအတိုင်း အမျိုးအစား အကန့်အသတ်များ ထားရှိသည်။

.com ဒိုမိန်းများမှာ commercial အတိုကောက်ဖြစ်ပြီး၊ တစ်ဦးခြင်းသော်လည်းကောင်း၊ စီးပွားရေး အဖွဲ့အစည်းများသော် လည်းကောင်း မှတ်ပုံတင်နိုင်ပြီး၊ စီးပွားရေး လုပ်ငန်း ဝက်ဘ်ဆိုဒ် အမျိုးအစားကို ရည်ညွန်းသည်။

.biz ဒိုမိန်းများသည် .com ဒိုမိန်းအမည်ဖြင့် လူပုဂ္ဂိုလ်များ၊ တစ်သီးပုဂ္ဂလ အဖွဲ့များ နှင့် အခြား စီးပွားရေး နှင့် သိပ်မပတ်သက်သော ဝက်ဘ်ဆိုဒ် အများတို့ကို အသုံးပြုလာသည့် နောက်ပိုင်းတွင်၊ စီးပွားရေး အဖွဲ့အစည်းများ အတွက် သီးခြား အသုံးပြုရန် ပေါ်ထွက်လာခြင်းဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်း နှင့် ပတ်သက်သော ဝက်ဘ်ဆိုဒ်များအတွက်သာ ကန့်သတ်ထားသည်။

.net ဒိုမိန်းများသည် network အတိုကောက်ဖြစ်ပြီး၊ မည်သူမဆို မှတ်ပုံတင်နိုင်သော်လည်း နည်းပညာဆိုင်ရာ ဝက်ဘ်ဆိုဒ်များကို ကိုယ်စားပြု ရည်ညွန်းခြင်းဖြစ်သည်။

.org ဒိုမိန်းများသည် အများပြည်သူ ဆိုင်ရာ လုပ်ငန်းများ၊ အမြတ်အစွန်း မယူသည့် ကုသိုလ်ဖြစ်လုပ်ငန်းများ၊ ဘာသာရေး၊ လူမှုရေး နှင့် စေတနာ့ ဝန်ဆောင်လုပ်ငန်းများ စသည် တို့အား ရည်ညွန်းသည်။

.info သည် ပထဦးဆုံး ကန့်သတ်မှု မရှိသည့် ဒိုမိန်း အမျိုးအစားဖြစ်ပြီး၊ information အတိုကောက်ဖြစ်သည်။ မည်သည့် ဝက်ဘ်ဆိုဒ် အမျိုးအစား မဆို အသုံးပြုနိုင်ရန် ဖြစ်သည်။

အခြား gTLD ဒိုမိန်း အမျိုးအစားများလည်း .asia, .name, .mobi စသည်ဖြင့် အသီးသီး ရှိပါသေးသည်။

TLD ၏ ဒုတိယ အမျိုးအစားမှာ ccTLD ခေါ် Country Code Top Level Domain များဖြစ်သည်။

နိုင်ငံ ဒေသနှင့် ပိုင်းခြားသည့် ဒိုမိန်း အမျိုးအစားဖြစ်ပြီး၊ ယနေ့ Google ကဲ့သို့ အင်တာနက် ရှာဖွေသည့် စံနစ်တွင် နိုင်ငံ အလိုက် ဝက်ဘ်ဆိုဒ်များကို ရှာဖွေလိုပါက ထိုသို့သော ဒိုမိန်းအမျိုးအစားများကို ရွေးချယ် ဖော်ပြလေ့ရှိသည်။

ထို့အပြင် ယေဘူယ အားဖြင့် သက်ဆိုင်ရာနိုင်ငံ၏ စည်းမျဉ်း၊ စည်းကမ်းများဖြင့် မှတ်ပုံတင်ထားခြင်း ပေါ်လွင်သဖြင့် ယုံကြည်စိတ်ချရသော ဝက်ဘ်ဆိုဒ်များ အဖြစ် လက်ခံလေ့ရှိကြသည်။

ccTLD ဒိုမိန်း အမည်များသည် နောက်ဆက်တွဲ နိုင်ငံ သင်္ကေတ စာလုံး ၂ လုံး ပါလေ့ရှိသည်။ ဥပမာ – သြစတေးလျ သည် .au, စင်င်္ကာပူသည် .sg, ထိုင်းသည် .th, စသည်ဖြင့် ဖြစ်သည်။

ထိုဒိုမိန်းများသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ကန့်သတ်ချက် စည်းကမ်းချက် အမျိုးမျိုးဖြင့် မှတ်ပုံတင် နိုင်သည်။ ဥပမာ အားဖြင့် စင်င်္ကာပူတွင် .com.sg ကို စင်င်္ကာပူနိုင်ငံတွင်း မှတ်ပုံတင်ထားသည့် စီးပွားရေးလုပ်ငန်း များအနေဖြင့် မှတ်ပုံတင်နိုင်သော်လည်း၊ .net.sg မှတ်ပုံတင်ရန်မှာ နည်းပညာဆိုင်ရာ လုပ်ငန်း ဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထား ပြနိုင်ဖို့လိုအပ်သည်။

သို့ဖြစ်ရာ မိမိ ဝက်ဘ်ဆိုဒ်အတွက် ဒိုမိန်း အမည်ကို ရွေးချယ်မည် ဆိုပါက ဦးစွာ မှန်ကန်သင့်လျှော်သည့် ဒိုမိန်းနောက်ဆက်တွဲ အမည်ကို ရွေးချယ်သင့်သည်။

ဥပမာအားဖြင့်၊ ဓမ္မရိပ်သာ တစ်ခု ဆိုပါစို့။ ဓမ္မရိပ်သာ ဆိုကတည်းက ဘာသာရေး၊ လူအများနှင့် ပတ်သက်သည့် ကိစ္စရပ်၊ စီးပွားရေး အဖွဲ့ အစည်းမဟုတ်သည့် အတွက် .org ကို ရွေးချယ်သင့်သည်။ တဖန် ထို ဓမ္မရိပ်သာသည် စင်င်္ကာပူ ပြည်တွင်းတွင်သာ တည်ထောင်ထားပါက စင်င်္ကာပူ နိုင်ငံ နောက်ဆက်တွဲ အမည် ဖြစ်သည့် .org.sg ဟု ပေးသင့်သည်။ ယခုအခါတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများပင်လျှင် နိုင်ငံအလိုက် ဒိုမိန်းများကို ခွဲ၍ထားခြင်းဖြင့် သက်ဆိုင်ရာ နိုင်ငံအတွက် အချက်အလက်များကို သီးခြားစီ စီမံထားရှိလေ့ ရှိကြသည်။

TLD ကို သင့်လျှော်ရာ မှန်မှန်ကန်ကန် ရွေးချယ်ပြီးပါက၊ မိမိ ဝက်ဘ်ဆိုဒ်၏ ဒိုမိန်း အမည်ကို ရွေးချယ်ရပါတော့မည်။

ယနေ့ သန်းထောင်ပေါင်း များစွာသော ဒိုမိန်းအမည်များမှာ မှတ်ပုံတင်ထားရှိပြီး နေရာ မိမိလိုသော အမည်တည့်တည့် ရနိုင်ရန် ပုံမှန်အားဖြင့် အခွင့်အလမ်း လွန်စွာနည်းပါသည်။ သို့ရာတွင် မြန်မာ အမည်ကို အင်္ဂလိပ်လို စာလုံးပေါင်း အမည်ပေးသည့် ဒိုမိန်းအမည် များမှာမူ အခွင့်အလမ်း ပိုရှိပါသည်။

မည်သို့ ဆိုစေကာမူ ဒိုမိန်းအမည် ပေးရာတွင် အခြေခံ စည်းမျဉ်း သဘောတရားများ ကို နားလည်ရန် လိုအပ်ပါသည်။

ထိုစည်းမျဉ်း သဘောတရားများ အနက် အခြေခံ သိသင့် သိအပ်သည်များမှာ-

ဒိုမိန်း အမည်သည် တိုလေ ကောင်းလေဖြစ်သည်။ ဒိုမိန်း အမည်တွင် မိမိလုပ်ငန်း၊ ဆောင်ရွက်မှု စကားလုံးပါဝင်သင့်သည်။ ဥပမာ အားဖြင့် မိမိသည် စာအုပ်ရောင်းသည့် ဆိုင်တစ်ခု ဖြစ်ပြီး မိမိ စာအုပ် ဆိုင်အမည်မှာ “အောင်” စာအုပ်အရောင်းဆိုင် ဆိုပါစို့။ သို့ဆိုလျှင် – ဒိုမိန်းအမည်ကို ပထမစဉ်းစားသင့် သည်မှာ book ၊ မရပါက aungbook ဖြစ်သင့်သည်။ aung တစ်လုံးတည်း ဆိုပါမူ ထိုအမည်သည် အများစု အသုံးပြုသည် ဖြစ်ရာ မိမိ၏ ဝက်ဆိုဒ် အနေဖြင့် မည်သည့် အကြောင်းအရာ၊ မည်သည့် လုပ်ငန်း ဆိုင်ရာမှာ ပေါ်လွင်မှု အားနည်းမည် ဖြစ်သည်။

ဒိုမိန်းအမည်တွင် အမှတ်သင်္ကေတနှင့် နံပါတ်များ ရှောင်သင့်သည်။ ဥပမာ – aung-book သို့မဟုတ် aung_book သို့မဟုတ် aung4book စသည့် အမည်များသည် ဝက်ဘ်ဆိုဒ် ကို ကြော်ငြာရာတွင် ဖြစ်စေ၊ ရှာဖွေ ရာတွင်ဖြစ်စေ၊ ဝက်ဘ်ဆိုဒ်ကို လာရောက်သူများ အနေဖြင့် ဖြစ်စေ၊ ခက်ခဲ စေသည့် အမည်မျိုးများ ဖြစ်သည်။

လွယ်လွယ်ကူကူ စာလုံးပေါင်းနိုင်ခြင်း၊ အများနှင့် အနည်းသုံး စာလုံးပေါင်းနိုင်သည့် ဝေါဟာရများကို ရှောင်ခြင်း၊ နှင့် မှတ်ရန်လွယ်သည့် စာလုံးစုများ ဖြစ်ခြင်း တို့လည်း လိုအပ်သည်။ ဥပမာ – aungbook ဟု ဆိုရာတွင် aungbooks နှင့် လွဲမှား နိုင်သည်။

ဒိုမိန်းအမည် ရွေးချယ်ရာတွင် အဓိက အရေးအပါဆုံး အချက်တစ်ခုမှာကား မိမိ ဒိုမိန်းအမည်တွင် Keyword ခေါ် အင်တာနက်တွင် ရှာဖွေရာတွင် အသုံးပြုမည့် စကားလုံး ပါဝင်စေရန်ဖြစ်သည်။ ဥပမာ မိမိက စာအုပ်ရောင်းသော်လည်း aungshop ဟု အသုံးပြုပါက စာအုပ်ဝယ်လိုသူများက book ဟု ရှာဖွေလျှင် မိမိ ဝက်ဘ်ဆိုဒ်ကို အလွယ်တကူ တွေ့မည် မဟုတ်ပါ။

ဒိုမိန်း အမည်ရွေးချယ်ရာမှာ အထက်က ဆိုခဲ့သည့်အတိုင်း မိမိ လိုအပ်သည့် အမည်ကို တည့်တည့် ရနိုင်ရန် သိပ်လွယ်ကူမည်တော့ မဟုတ်ပါ။

ထိုသို့ဆိုလျှင် ဒိုမိန်း အမည်ကို အကောင်းဆုံးရွေးချယ်နိုင်ဖို့ အထက်ပါ အခြေခံ စည်းမျဉ်းများအား သတိပြု၍ ရွေးချယ်သင့်ပါမည်။

အများ အားဖြင့် တွေ့ရသည်မှာ ဥပမာ အားဖြင့်- aungbook.com မရပါက aungbook.net ကို မှတ်ပုံတင်ခြင်းမှာ မှားယွင်းသော အမည်ပေးခြင်းဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် TLD ကို ရှေးဦးစွာ ရွေးချယ်ထားသင့်သည်။ သို့ဖြစ်ပါက aungbook.com မရလျှင် aungbookshop.com သို့မဟုတ် aungbookstore.com စသည်ဖြင့် စဉ်းစား သင့်သည်။


ဒိုမိန်း ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် အကြံဥာဏ်ရယူလိုပါက အောက်တွင် Comment ရေးပြီး တောင်းခံပါလျှင် ကျနော့်အနေဖြင့် ဝမ်းမြောက်စွာ ကူညီပေးရန်ရှိပါသည်။
Columnar database ဆိုတာဟာ အချက်အလက်စီမံခန့်ခွဲတဲ့စနစ် (DBMS) ကိုခေါ်ဆိုတာဖြစ်ပါတယ်။ အချက်အလက်တွေကို row တွေထဲမှာ ထည့်သွင်းမည့်အစား ကော်လံ (column) တွေထဲမှာ ထည့်သွင်းတဲ့ပုံစံကို Columnar database ဆိုပြီးခေါ်ဆိုတာပါ။ Columnar database ကိုသုံးစွဲရခြင်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ hard disk ထဲမှာ အချက်အလက်တွေကို ရေးတာနဲ့ဖတ်တာကို လုပ်တဲ့အချိန်မှာ ပိုမိုပြီးမြန်ဆန်စေရန်အတွက်ဖြစ်ပြီး query ဖြင့်ရှာဖွေတဲ့အခါမှာတော့ အဖြေကို အလျင်အမြန်ရှာဖွေပေးနိုင်တဲ့ အထားအသိုပုံစံဖြစ်ပါတယ်။ Columnar database ထဲမှာတော့ ပထမကော်လံမှာရှိတဲ့ တန်ဖိုးအားလုံးဟာ သဘာဝတရားအရ အတူပဲဖြစ်ပါတယ်။ ပြီးမှ နောက်ကော်လံကတန်ဖိုးတွေ (Column 2 values) အစဉ်အလိုက်ပါပါတယ်။ အချက်အလက်တွေက မှတ်တမ်းစဉ်အလိုက် သိမ်းဆည်းထားရမှာပေါ့။ ဒါကြောင့်ပထမကော်လံမှာ အချက်အလက်အခုတစ်ရာသွင်းမယ်ဆိုလျှင် ဒုတိယကော်လံအတွက် အချက်အလက်တစ်ရပ်ပဲ သွင်းရပါလိမ့်မယ်။ အောက်မှာဖော်ပြထားတာကတော့ ကော်လံ ၄ ခုနဲ့အတန်း ၃ ခု ပါတဲ့ ရိုးရှင်းတဲ့ database လေးပါ။
ID Last First Bonus
1 Doe John 8000
2 Smith Jane 4000
3 Beck Sam 1000
အတန်းလိုက်ကို အဓိကထားတဲ့ အချက်အလက်စီမံခန့်ခွဲတဲ့စနစ် (row-oriented database management system) မှာတော့ အချက်အလက်တွေဟာ အောက်ဖော်ပြပါအတိုင်း ထိန်းသိမ်းထားပါတယ်။ 1,Doe,John,8000; 2,Smith, Jane,4000; 3,Beck,Sam, 1000; ကော်လံကို အဓိကထားတဲ့ အချက်အလက်စီမံခန့်ခွဲတဲ့စနစ် (Column oriented database management system) မှာတော့ အချက်အလက်တွေကို အောက်ဖော်ပြပါအတိုင်း ထိန်းသိမ်းထားပါတယ်။ 1,2,3; Doe,Smith,Beck; John, Jame,Sam; 8000,4000, 1000; Columnar database သုံးစွဲတဲ့အတွက် အဓိကရရှိတဲ့အကျိုးကျေးဇူးက အချက်အလက်တွေကို လွန်စွာမှဖိသိပ်ထားနိုင်မှုဖြစ်ပါတယ်။ အခြားအကျိုးကျေးဇူးကတော့ Colum အခြေပြု DBMS တွေဟာ self-indexing ဖြစ်တဲ့အတွက် relational database management system (RDBMS) ထက် အချက်အလက်တွေကို ထည့်သွင်းတဲ့အခါမှာ သိုလှောင်သိမ်းဆည်းတဲ့ပမာဏကို နေရာယူမှုနည်းပါးပါတယ်။
(source: internet journal)

No comments:

Post a Comment