Thursday, August 23, 2012

အလုပ်သမား အသင်းအဖွဲ့များ ပေါ်ပေါက်ရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်


ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြပွဲ တခု (ဓာတ်ပုံ – ဧရာဝတီ)
 အလုပ်သမားအသင်းအဖွဲ့ ပေါ်ပေါက်ရေးအတွက် အလုပ်ချိန်ပြင်ပတွင် လွတ်လပ်စွာ ဟောပြောစည်းရုံးခြင်းကို မည်သည့် အာဏာပိုင် အဖွဲ့အစည်း ကသော်လည်းကောင်း၊ အလုပ်ရှင်ကသော်လည်းကောင်း တားမြစ်ခြိမ်းခြောက်ပိုင်ခွင့် မရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသက်နိုင်ဦးက သတိပေး ပြောကြားလိုက်သည်။
“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၅၄ အရ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေများနှင့် မဆန့်ကျင်ရင် မိမိယုံကြည်ချက် ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်၊ လက်နက်မပါဘဲ စီတန်းလှည့်လှယ်ခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ခွင့် ရှိတယ်လို့ အတိအလင်း ပြဌာန်းထားပါတယ်” ဟု ဦးသက်နိုင်ဦးက ယခုလ၂၀ ရက်နေ့တွင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချူပ်ရုံး၌ ပြုလုပ်ခဲ့သည့် အလုပ်သမား၊ အလုပ်ရှင် အသင်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှစ၍ အလုပ်သမား အဖွဲ့အစည်းဥပဒေ မူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ရာ မတ်လ ၉ ရက်နေ့တွင် အဆိုပါ ဥပဒေနှင့် နည်းဥပဒေမှာ စတင်သက်ဝင်လာပြီ ဖြစ်သည့်အတွက် အလုပ်သမား အသင်းအဖွဲ့များလည်း စတင်ဖွဲ့စည်းခွင့်ရရှိပြီ ဖြစ်သည်။
“ကျနော်တို့နိုင်ငံမှာ ဒီဥပဒေ ထွက်ရှိလာတဲ့အချိန်က ကာလအားဖြင့် သက်တမ်းတိုနေသေးတဲ့အပြင် အသိပညာပေးမှု ကဏ္ဍမှာလည်း အားနည်းမှုရှိတာကြောင့် အလုပ်သမား အသင်းအဖွဲ့တွေနဲ့အတူ အလုပ်ရှင်အသင်း အဖွဲ့တွေကလည်း အခြားနိုင်ငံတွေမှာလို များစွာမရှိသေးတာဖြစ်လို့ အသင်းအဖွဲ့တွေ အပြိုင်အဆိုင် ပေါ်ပေါက်လာဖို့ လိုပါတယ်။ ဒါကြောင့် အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားများ အလုပ်ချိန်ပြင်ပမှာ ပြောဆိုစည်းရုံးတာကို တားမြစ်ခြိမ်းခြောက်မယ်ဆိုရင် ဒီဥပဒေအရ အရေးယူခံရမှာဖြစ်လို့ မတားဆီးကြပါနဲ့လို့ ပြောချင်ပါတယ်။ အလားတူ အလုပ်ရှင်များကလည်း မိမိတို့အနေဖြင့် အလုပ်ရှင်အဖွဲ့အစည်းတွေကို အပြိုင်အဆိုင် ဖွဲ့စည်းစေလိုပါတယ်” ဟု ဦးသက်နိုင်ဦးက ဆိုသည်။
အလုပ်သမားအသင်း အဖွဲ့သားများအဖြစ် မိမိတို့၏ ကာယစွမ်းအား၊ ဉာဏစွမ်းအားတို့ဖြင့် အလုပ်လုပ်ကိုင်၍ရသည့် လုပ်ခအပေါ်တွင် အသက်မွေးဝမ်းကျောင်း ပြုနေသည့် မည်သူမဆို ပါဝင်နိုင်သော်လည်း ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်သားများနှင့် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းဝင်များ ပါဝင်ခွင့်မရှိကြောင်း သိရသည်။
“အလုပ်ချိန်ပြင်ပ ထမင်းစားချိန်မှာ အဖွဲ့ဝင်မလားဆိုပြီး ဆန္ဒရှိသူတိုင်းကို လွတ်လပ်စွာ စည်းရုံးနိုင်တယ်။ ၀င်မယ်ဆိုရင် လက်မှတ်ထိုး၊ လူဦးရေ ၃၀ အထက် ကြိုက်သလောက် ကျော်လို့ရတယ်။ ဒါပေမယ့် လူ ၃၀ မပြည့်ရင်တော့ ဖွဲ့လို့မရဘူး။ ပြီးတော့ နောက်တချက်က စုစုပေါင်းအင်အားရဲ့၁၀ ရာခိုင်နှုန်းက ထောက်ခံဖို့တော့ လိုတယ်။ ဒါကိုလည်း ဥပဒေအရ တားဆီးပိုင်ခွင့် မရှိတာကြောင့် အလုပ်ရှင်တွေအနေနဲ့ ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်” ဟု ဦးသက်နိုင်ဦးက ပြောသည်။
အခြေခံ အလုပ်သမား အသင်းအဖွဲ့များမှတဆင့် မြို့နယ်၊ ပြည်နယ်နှင့်တိုင်း၊ အဖွဲ့ချုပ် (ဗဟို) အထိ အဆင့်ဆင့်ဖွဲ့စည်းသွားရန်နှင့် အဖွဲ့ချုပ် (ဗဟို) မှ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်ခြင်း၊ အကူအညီများ ရယူခြင်းတို့ ပြုလုပ်နိုင်မည်ဟု သိရသည်။
ဥပဒေအရ အလုပ်သမားများ၏ ဆန္ဒပြမှုတွင် အလုပ်သမား အမှုဆောင်ကိုယ်စားလှယ် ၂ ဦးနှင့် အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်နှစ်ဦး ဆွေးနွေးထားခြင်း၊ ဆွေးနွေးမှု မအောင်မြင်လျှင် မြို့နယ်အဆင့်တွင် ဖြန်ဖြေခြင်း၊ နောက်ဆုံးအဆင့် ပြည်နယ်နှင့်တိုင်းတွင် အငြင်းပွားမှုကို အဆုံးအဖြတ် ခံယူခြင်းဟူသည့် အချက် ၃ ချက် လုပ်ဆောင်ပြီးမှ ဆန္ဒပြခွင့်ရှိကြောင်း၊ ဆန္ဒပြရန် ခွင့်ပြုမိန့်ကို အများပြည်သူနှင့် သက်ဆိုင်သော လုပ်ငန်းများက ၁၄ ရက်၊ အများပြည်သူနှင့် မသက်ဆိုင်သော လုပ်ငန်းများက ၃ ရက် ကြိုတောင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
“ဒါကြောင့် ဒီဥပဒေအရ ကျနော်တို့နိုင်ငံမှာ ထစ်ခနဲဆို ဆန္ဒပြလို့ မရတော့ပါဘူး။ ဒါကို အလုပ်သမားများ သိရှိဖို့လိုပါတယ်။ ယခုထုတ်ပြန်ထားတဲ့ တည်ဆဲအလုပ်သမား အဖွဲ့အစည်းဥပဒေက နိုင်ငံတကာစံနဲ့အညီ ဖွဲ့စည်းထားတဲ့ ဥပဒေဖြစ်တဲ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းက ဥပဒေပညာရှင်တွေနဲ့ ၅ ကြိမ်ညှိနှိုင်းထားပြီးတော့ ပြည်တွင်းမှာရှိတဲ့ ဥပဒေပညာရှင်တွေနဲ့လလည်း ၁၀ ကြိမ် ညှိနှိုင်းထားပြီးတော့မှ ပြဌာန်းတာ ဖြစ်ပါတယ်” ဟု ဦးသက်နိုင်ဦးက ဆိုသည်။
ရန်ကုန်တိုင်းအတွင်း အလုပ်သမား ဆန္ဒပြမှုများမှာ အထည်ချုပ်စက်ရုံများတွင် အများဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့သည့် မေနှင့် ဇွန် ၂ လအတွင်း အလုပ်သမား ဆန္ဒပြမှု ၈၁ မှု ရှိခဲ့သည့်အနက် ၇၈ မှုမှာ မြို့နယ်အဆင့် ဖြန်ဖြေရေးတွင် ပြီးဆုံးကြောင်း၊ ပြည်နယ်၊ တိုင်း ခုံသမာဓိအဆင့်အထိ တက်ခဲ့သည့် အမှုမှာ ၃ မှု ရှိခဲ့ပြီး နောက်ဆုံး ၁ မှုတည်းသာ ဗဟိုအဆင့်အထိ တက်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ အလုံးအရင်းနှင့် ၀င်ရောက်လာမည် ဖြစ်သည့်အတွက် အလုပ်သမားနှင့် အလုပ်ရှင် ဆက်ဆံရေးမှာ အဓိကအရေးပါကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။
Asia Develop Research Institute မှ စီးပွားရေးပညာရှင် တဦးက “ဂျာမနီ၊ ဂျပန်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ အလုပ်ရှင်နဲ့ အလုပ်သမား အကြားမှာ ဘာပြဿနာမှ မရှိဘူး။ ဘာလို့လဲဆိုတော့ ဥပဒေအရလည်း ခိုင်မာမှု ရှိနေတဲ့အပြင် အလုပ်ရှင်၊ အလုပ်သမား အသင်းအဖွဲ့ဆိုတာကလည်း မြောက်များစွာရှိပါတယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို တည်ငြိမ်စွာ လုပ်ကိုင်နိုင်တာဖြစ်လို့ Industrial Relationship က အဓိကဖြစ်တယ်။ ဆန္ဒပြတာက အဓိက မဟုတ်ဘူး။ ဒါပေမယ့် ဆန္ဒပြခွင့်ရှိတာမှန်သော်လည်း ဒါက နောက်ဆုံး ထုတ်သုံးရမယ့် လက်နက်ပါ” ဟု ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး၏အကြံပေး ဒေါက်တာမောင်အောင်ကလည်း “အလုပ်ရှင်နဲ့ အလုပ်သမားအကြားမှာ တည်ငြိမ်စွာနဲ့ Social Dialogue ပြောတဲ့ အဆင့်မျိုးရောက်ဖို့ ကျနော်တို့ မျှော်မှန်းပါတယ်။ ဘာလို့လဲဆိုတော့ နောက်လာမယ့် ၆ လ၊ ၁ နှစ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ၀င်လာပါတော့မယ်။လာတဲ့အခါမှာလည်း အလုပ်သမားနဲ့ အလုပ်ရှင်အကြား ဆက်ဆံရေး တည်ငြိမ်မှုအပေါ်မှာ အားယူပြီးတော့ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်လာမှာဖြစ်လို့ လုပ်ငန်းတွေလည်း တိုးချဲ့လာပါလိမ့်မယ်။ ဒီအကျိုးသက်ရောက်မှုက အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာမှာဖြစ်လို့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးလည်း ပိုမို ပြေလည်လာပါလိမ့်မယ်” ဟု ဆိုသည်။
 ဧရာဝတီ

စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ



                                                      အလုပ်သမားဝန်ကြီးဌာနဒုတိယ၀န်ကြီးဦးမြင့်သိန်း
 

ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀-၈-၂၀၁၂ ရက်နေ့ (၀၉း၃၀)နာရီတွင် ရုံးအမှတ်(၅၁) ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ပါသည်။

အစည်းအဝေးသို့အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာနမှကိုယ်စားလှယ်များ၊   နိုင်ငံခြားရးဝန်ကြီးဌာနမှကိုယ်စားလှယ်၊ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှကိုယ်စားလှယ်၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှကိုယ်စားလှယ်များနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့မှူး တို့တက်ရောက် ခဲ့ကြပြီး အစည်းအဝေး၌ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၂)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားညှိနှိုင်းအစည်းအဝေးကိစ္စနှင့် ထိုင်းနိုင်ငံအတွင်း အလုပ်သမားအဖွဲ့(၆)ဖွဲ့ နှင့် နယ်စပ်စခန်း(၃) ခုအား လာမည့်စက်တင်ဘာလကုန်တွင် ပြန်လည် ခေါ်ယူခြင်းနှင့် အသစ်စေလွှတ်ခြင်း ကိစ္စများ ဆောင်ရွက်ရန်နှင့်ပတ်သက်၍လည်းကောင်း၊ ငွေစာရင်းရှင်းတမ်းများ  နှင့် ငွေပေးချေမှုအခြေအနေ များအားလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

Wednesday, August 22, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တို့တတိယအကြိမ်မြောက် နေပြည်တော်မှာ တွေ့ဆုံ




                              ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တို့                                                                  တတိယအကြိမ်မြောက် နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
 


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

သူတို့နှစ်ဦး အဲဒီလို တွေ့ဆုံခဲ့တဲ့ အကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဌေးဇော်က အတည်ပြု ပြောဆိုပေမဲ့ ဘာတွေ ဆွေးနွေးကြတယ် ဆိုတဲ့ အသေးစိတ် တွေကိုတော့ မပြောပါဘူး။

ဒါဟာဖြင့် သီတင်းနှစ်ပတ်တောင် မရှိတဲ့အချိန်အတွင်း ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး နေအိမ်အကျယ်ချုပ်ကနေ
 ပြန်လွတ်လာချိန်ကတည်းကဆိုရင် သမ္မတနဲ့ တွေ့ဆုံတာဟာ စုစုပေါင်း သုံးကြိမ်ရှိသွားပြီဖြစ်ပြီး ဒီ့မတိုင်ခင် နောက်ဆုံးတွေ့ဆုံခဲ့တာက သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ်နဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်နေပြီး သြဂုတ်လ ၇ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း ရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေပါတယ်။

 ဦးကျော်ကျော်သိန်း (ဗွီအိုအေ မြန်မာပိုင်း)

Tuesday, August 21, 2012

အင်းစိန်မြို့နယ်က ပန်းခြံအနီးဆန္ဒပြခဲ့သူများဒုတိယ အကြိမ် ရုံးတင် စစ်ဆေး



သြဂုတ် ၂၁
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ပန်းခြံအနီးမှာ “ဈေးမရောင်းရလို့ တောင်းစားနေရတယ်” ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဒီလ ၇ ရက်နေ့က လမ်းဘေးဈေးသည်တွေ ဆန္ဒပြခဲ့တဲ့ အတွက် ရဲက ဖမ်းဆီးပြီး တရားစွဲဆို ထားတဲ့ အမှုကို ဒီကနေ့ ဒုတိယ အကြိမ် ရုံးတင် စစ်ဆေးခဲ့ပါတယ်။

ဆန္ဒပြခဲ့တဲ့ လမ်းဘေးဈေးသည် ၂ဝ လောက်ထဲက ၁၅ ယောက်ကို တရားရုံးတင် စစ်ဆေးခဲ့တာပါ။

အဲဒီ လမ်းဘေးဈေးသည်တွေဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက အင်းစိန်
ပန်းခြံအနီး၊ ဒက္ခိဏလမ်း နံဘေးမှာ ဈေးရောင်း လာကြရာကနေ ဒီလ ၃ ရက်နေ့က စပြီး အာဏာပိုင်တွေက ဈေးရောင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။

လမ်းဘေး ဈေးသည်တွေက သူတို့ကို ကြိုတင် အကြောင်းမကြားဘဲ
ဈေးရောင်းခွင့် ရုတ်တရက် ပိတ်ပင်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။



မြန်မာနိုင်ငံတွင် စာပေစိစစ်မှုဖျက်သိမ်းလိုက်ခြင်းအပေါ် တရုတ်အစိုးရသတင်းစာက ဝေဖန်ရေးသား



မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အစိတ်အပိုင်းအဖြစ် မကြာသေးမီက စာပေစိစစ်ခြင်း လုပ်ငန်းများ ဖျက်သိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက တရုတ်တို့ အနေဖြင့် ယင်းကို စံနမူနာမတင်သင့်ဘဲ ကိုယ့်မူကိုယ့်ဟန်နှင့်သာ စာပေလွတ်လပ်ခွင့်ကို ရယူသင့်ကြောင်း ဝေဖန်ရေးသားလိုက်သည်။

“ တရုတ်နိုင်ငံ၏သတင်းစာလွတ်လပ်ခွင့်သည် သင့်တင့်မျှတသောခရီးရှည်ကြီးကိုလျှောက်လှမ်းခဲ့ပြီဖြစ် သည်။ အနာဂတ်တွင် ပို၍ခရီးဆက်လှမ်းကြရဦးမည်။တရုတ်တို့အနေဖြင့် စိတ်ရှုပ်ထွေးခံပြီး မြန်မာနှင့်ဗီယက်နမ် စသည့် နောက်ပေါက်ရွှေကြာနိုင်ငံများအား စံနမူနာယူနေခြင်းထက် အချိန်ကာလ လမ်းကြောင်း အတိုင်းသာလိုက်ပါသင့်ပြီး နိုင်ငံ၏လက်တွေ့အခြေအနေကိုသာ ကြည့်သင့်သည်”
ဟုတရုတ်သတင်းစာဂလိုဗယ်တိုင်း၏ အွန်လိုင်းစာမျက်နှာ အယ်ဒီတာ့အာဘော်တွင် ရေးသားထားသည်။

”မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် အောင်မြင်မှုသက်သေပြလိမ့်မည်ဟု ကျွန်ုပ်တို့ရိုးသားစွာယုံ ကြည်ပါသည်။သို့သော်ထိုအဖူးအညွန့်ကလေးက တရုတ်နိုင်ငံ၏ စည်ပင်နေသောပြုပြင်ပြောင်းလဲမှု အပင်နှင့် အမြင်ခြားနားနေရုံမျှနှင့် ကိုယ်လျှောက်နေသော ကိုယ့်လမ်းကို ကျွန်ုပ်တို့သံသယ၀င်ပါက နုံလွန်း အလွန်းရာကျပေမည်” ဟု အယ်ဒီတာက ဆက်လက်ရေးသားသည်။

အဆိုပါသတင်းစာအာဘော်တွင် တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် စမ်းသပ်မှုများစွာဖြင့် အောင်မြင်စွာအစမ်းသပ်ခံပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု များမှာ အဖူးအညှောင့် ထွက်ပြူခါစသာ ဖြစ်ပြီး လေနှင့်ရေကိုပင်မထိတွေ့ ရသေးကြောင်း ဝေဖန်ရေးသားထားသည်။
“မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် စမ်းသပ်အဆင့်သာဖြစ်သည်။တကယ်တမ်းဆိုရလျှင် ရဲတင်းမှုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေး၏ ထင်ရှားအပေါ်လွင်ဆုံးလက္ခဏာတစ်ရပ်ဖြစ်သည်။`“ ဟု ဂလိုဘယ်လ်တိုင်းမ်က ဆက်လက်ရေးသားသည်။
တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုတင်းကြပ်စွာလုပ်ခဲ့ကြသည့် အမေရိကန်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် စာပေစိစစ်မှုရုပ်သိမ်းလိုက်ခြင်းအပေါ် ကြိုဆိုခဲ့ကြပြီး နောက် မြန်မာနိုင်ငံအပေါ် စီးပွားရေးအကူများစွာပေးခဲ့သည့် တရုတ်နိုင်ငံအစိုးရ သတင်းစာကြီးက ယခုလို ဝေဖန်ရေးသားလိုက်ခြင်းဖြစ်သည်။
Yangon Media Group

မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်အတွင်းရှိ ကျူးကျော်နေထိုင်သူများအား ရှင်းလင်းရာမှ အဓိကရုဏ်းဖြစ်ပွား

သြဂုတ် လ ၂၁ ရက်
မန္တလေးမြို့၊မြရည်နန္ဒာရပ်ကွက်အတွင်းရှိလယ်ယာမြေများ၊ မြေလွတ်မြေရိုင်းများတွင်ကျူးကျော်နေထိုင်သူများ အား ဖယ် ရှားရှင်းလင်းရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယနေ့နံနက်ပိုင်းက အ ဆိုပါမြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူများအား သက်ဆိုင်ရာအပိုင်ရဲစခန်းမှဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်အင်အား ၇၀ ကျော်ဝန်းကျင်ခန့်ဖြင့် ဖယ်ရှား ထွက်ခွာရန်ပြောကြားခြင်းနှင့်ဦးဆောင်သူ ဦးဝင်းမြင့်ထွန်းအား ဖမ်းဆီးခဲ့ရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့ဖြစ်ပွားမှုကြောင့် ကျူးကျော်ဝင်ရောက်နေထိုင်သူ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ ဆောင်ကုသမှုများပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ ကျူးကျော်နေထိုင်သူများအား သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားထွက်ခွာရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြေညာချက်ထုတ် ပြန်ထားခဲ့ပြီး ယခုကဲ့သို့ ဖယ်ရှားကြရန်နှင့်ဦးဆောင်ပြုလုပ်နေသူ အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
``မနက် ၈ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး ထွက်ခွာဖို့ပြောတယ်။ နောက်ပြီး ဦးဝင်းမြင့်ထွန်းကို ဖမ်းဖို့လုပ်တာကို နေ ထိုင်သူတွေက ၀င်ရောက်ပြီး တားမြစ်တာကြောင့် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဖမ်းသွားတာတော့ တစ်ယောက်မှမရှိပါ ဘူး´´ဟု အဆိုပါဖြစ်ပွားစဉ်ကို မျက်မြင်တွေ့ကြုံသူတစ်ဦးက ပြောပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ အရေးယူဆောင်ရွက်မှုများပြု လုပ်လျက်ရှိသော အောင်ပင်လယ် ရဲစခန်းသို့ သွားရောက်မေးမြန်း ခဲ့ရာ ရဲစခန်းအတွင်းအ၀င်ဝ၌ သံဆူးကြိုးများချထားကာ ၀င် ရောက်ခွင့်မည်သူမှ မရှိကြောင်း ဂိတ်ပေါက်ရှိ တာဝန်ကျရဲဝန် ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
``ဒီနေ့ထောက်ခံစာလာလုပ်တဲ့သူ လည်း လက်မခံပါဘူး။ဒီကိစ္စကို နောက်နေ့မှလာရောက်မေးမြန်း လှည့်ပါ။ဒီနေ့တော့ဘယ်သူမှ လက်ခံပြောမှာမဟုတ်ပါဘူး´´ ဟု အဆိုပါရဲအရာထမ်းကပြောပါသည်။
အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက် ၍ မြို့တော်စည်ပင်သာယာရေး ကော်မတီမြေယာဌာနမှ ဗိုလ်ကြီး ဌေးလင်းကလည်း``ဒီကိစ္စက ကျွန် တော်တို့မပါဘူး။အောင်ပင်လယ် ရဲစခန်းက ကိုင်တွယ်တာပါ´´ဟု ပြောကြားခဲ့သည်။
လူနေထိုင်ရန်အတွက် မြို့ ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့မှ ချထားသော မြေကွက်များတွင် ယင်းကဲ့သို့ပိုင်ဆိုင်ကြောင်းအထောက်အထား ခိုင်လုံမှုမရှိဘဲ မြေကွက်များအား ၀န်းခြံခတ်၍ရောင်းချခြင်း၊၀င်ရောက်နေထိုင်ခြင်းများကို သြဂုတ်လ ၆ ရက်နေ့မှစတင်၍ ကွင်းဆင်းစစ် ဆေးခဲ့ရာချမ်းမြသာစည်မြို့ နယ်၊အောင်သာယာရပ်ကွက် နှင့်မြရည်နန္ဒာရပ်ကွက်၊ပြည် ကြီးတံခွန်မြို့နယ်၊ကံကြီး ကုန်းကျေးရွာ၊ဇီးအုပ်ကျေးရွာ နှင့်ရွာသစ်ကလေးကျေးရွာ ၊အမရပူရမြို့နယ်၊နတ်ရေကန်ကျေး ရွာတို့တွင် တရားမ၀င်ကျူးကျော် တဲ ၁၁၁၈ လုံး၊တရားမ၀င်ခြံခတ် ထားသည့်မြေကွက်လပ် ၂၂၂၆ ကွက်တို့ကို စစ်ဆေးတွေ့ရှိထား ကြာင်း မြို့တ်ာစည်ပင်သာ ယာရေးကော်မတီမြေယာဌာန၏အ ချက်အလက်များအရ သိရသည်။
Ref:EMG

မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်



မန္တလေး သြဂုတ်(၂၁)ရက်

၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာမုနိဘုရားကြီးရှိဝန်ထမ်းအချို့က အလှူခံသေတ္တာပုံးများအတွင်းမှ
အလှူငွေများဖောက်ထွင်းခိုးယူသွားမှူကို (၆)လအကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍
အမှူဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

“အဲဒီအချိန်တုန်းကကိုယ်တို့ဂေါပကသက်တမ်း(၃)လပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန်ထမ်းတွေကိုလည်း
အဲလိုလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေဘက်အာရုံစိုက်နေတဲ့အချိန် ခုလိုဖြစ်သွားခဲ့တာပါ။ ခုကျမှ
သူတို့ချင်းအသံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ” မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်ကပြောသည်။

၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး၊ ငွေကြေးမည်မျှပါသွားသည်ကိုမူ
မသိရှိရသေးကြောင်း၊ယင်းကိစ္စတွင်ပါဝင်ပက်သက်နေသည်ဟု ယူဆရသောအခင်းဖြစ်ပွားရာညက တာဝန်ကျ ၀န်ထမ်း(၁၁)ယောက်ကို ရာထူးမှချကာချမ်းမြသာစည်မြို့နယ် ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့ယခုလ(၁၆)ရက်တွင် အမှူဖွင့်တိုင်ကြားထားကြောင်း ဦးစိန်သင်ကပြောသည်။

ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလှူခံသေတ္တာများအပြင်အခြားလုံခြုံရေးအစီအမံများပြုလုပ်ရန် စီစဉ်နေသည်ဟု ၄င်းကဆိုသည်။
ထိုအမှူကိစ္စကို ကိုင်တွယ်နေသည်ဟု ဆိုသည့် ချမ်းမြသာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့သွားရောက်မေးမြန်းရာစခန်းမှူးမရှိရွေ့ မဖြေကြားပေးနိုင်ကြောင်း၊ ဘုရားကြီးမှခိုးမှုတစ်ခုကိုတော့ ဆောင်ရွက်နေကြောင်းတာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြန်လည်ပြောကြားသည်။ မဟာမုနိဘုရားကြီးတွင်လျှပ်စစ်မီး၊ရွှေသင်ကန်းကပ်လှူရန်နှင့်အခြားဝေယျာဝစ္စလုပ်ငန်းများလုပ်ကိုင်ရန် အလှူခံသည့်အလှူခံသေတ္တာ(၂၂)လုံးရှိသည်ဟု သတင်းရရှိသည်။

NewsOfMyanmar Blog