Tuesday, September 4, 2012

ပြည်ထောင်စုလွှတ်တော် စက်တင်ဘာလ ၄ရက်နေ့ အစည်းအဝေး



ယနေ့ (စက်တင်ဘာလ ၄ရက်) ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ပြောင်းလဲ ခန့်အပ်တာဝန်ပေးခြင်း ကိစ္စရပ်များ အပါအ၀င် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း၊ မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဖျက်သိမ်းခြင်း၊ ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရေကို အတိုးအလျော့ ပြုလုပ်ခြင်း အစရှိသော ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတ ထံမှ ပေးပို့လာသည့် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရေကို တိုး/လျော့ခြင်း နှင့်ပတ်သက်၍ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းမှ လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။ ဦးလှထွန်းက သမ္မတရုံးများ တိုးချဲ့ဖွဲ့စည်းရခြင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး တိုးမြှင့် လုပ်ဆောင်ရန် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အဆိုပါကိစ္စများနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေး ရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက သမ္မတရုံးဝန်ကြီးဌာနများကို ၆ ဌာနခွဲ၍ တိုးချဲ့ ဖွဲ့စည်းခြင်းမှာ နိုင်ငံတော် ဘတ်ဂျက်ကို ထိခိုက်စေနိုင်ကြောင်း ထို့ပြင် ဗဟိုချုပ်ကိုင်မှု ကိုပါ မြှင့်တင် ဆောင်ရွက်သကဲ့သို့ ဖြစ်နေကြောင်း ကန့်ကွက် ဆွေးနွေးခဲ့သည်။
REF: EMG

Monday, September 3, 2012

တိုးချဲ့သမ္မတရုံး ၀န်ကြီးဌာနများ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဦးတည်



ရန်ကုန်၊ စက်တင်ဘာ ၃

တိုးချဲ့ဖွဲ့စည်းလိုက်သော သမ္မတရုံး ဝန်ကြီးဌာနများသည် ပြည်တွင်းငြိမ်းချမ်းရေး ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငွေကြေး လုပ်ငန်းများ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဦးတည်ကြောင်း သမ္မတရုံး ဝန်ကြီး ဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း ဆိုင်ရာ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်တွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် SEA Games နှင့် ၂၀၁၄ ခုနှစ်တွင် စတင် တာဝန်ယူမည့် အာဆီယံ ဥက္ကဋ္ဌ အတွက် သီးခြားဖွံ့ဖြိုး တိုးတက်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် လိုအပ်လာခြင်း၊ တာဝန် ထမ်းဆောင်စ ပြည်ထောင်စု ဝန်ကြီးများကို ချိတ်ဆက် ကူညီပေးရန် လိုအပ်ခြင်း တို့ကြောင့်လည်း သမ္မတရုံး ဝန်ကြီးဌာနများကို တိုးချဲ့ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ယင်းရှင်းလင်း တင်ပြချက်အရ သိရသည်။

လက်ရှိ သမ္မတရုံးဝန်ကြီးဌာန အနေဖြင့် သမ္မတရုံးနှင့် အိမ်တော်ဆိုင်ရာ ကိစ္စများ ၊ Good Governance and Clean Governance ကိစ္စရပ်များ စိစစ်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း ယင်းတင်ပြချက်တွင် ပါရှိသည်။ ယခုအခါ သမ္မတရုံးဝန်ကြီးဌာနတွင် ထပ်မံ ခန့်အပ်လိုက်သော ဝန်ကြီးများ ဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်း ၊ ဦးလှထွန်း ၊ ဦးတင်နိုင်သိန်းတို့ အပါအဝင် ဝန်ကြီးခြောက်ဦး ရှိနေပြီဖြစ်သည်။

ထို့ပြင် မြန်မာ့ စက်မှု့လက်မှု့ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနကို အချိန်ယူ ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖျက်သိမ်းလိုက်ကြောင်း ယင်းရှင်းလင်းချက်မှ သိရသည်။



လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS ရဲ့ ဥက္ကဌ ဦးအောင်မိုးဇော် ရန်ကုန်မြို့ သို့ရောက်ရှိ



ထိုင်းမြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS ရဲ့ ဥက္ကဌ ဦးအောင်မိုးဇော် ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အဖြစ် ဒီကနေ့ ရန်ကုန်မြို့ကို ထိုင်းလေကြောင်းနဲ့ ရောက်လာခဲ့ပါတယ်။

ဦးအောင်မိုးဇော်ကို ရန်ကုန်လေဆိပ်မှာ ပြည်တွင်းက လုပ်ဖော်ကိုင်ဖက်
ဟောင်းတွေ မိတ်ဆွေဟောင်းတွေက ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

၂၄နှစ်အတွင်း မြန်မာပြည်ကို ပြည်တော် ပြန်လာကြတဲ့ ကျောင်းသား
ခေါင်းဆောင်တွေ ထဲမှာ တဦး အပါအဝင် ဖြစ်တဲ့ ဦးအောင်မိုးဇော်ဟာ မကြာခင် ရက်ပိုင်းအတွင်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။



NED အတွက် ဦးကျော်သူ၏ ပြည်ပခရီးထွက်ခွာ



National Endowment for Democracy (NED) ဖောင်ဒေးရှင်းသည် ၁၉၈၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီအရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အမေရိကန်ပြည်ထောင်စု အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

National Endowment for Democracy (NED) ဖောင်ဒေးရှင်းမှ ၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက် နေသူ (၅) ဦးအား ရွေးချယ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ပါဝင်ခဲ့သည်။ ထို့ကြောင့် ၂၉.၈.၂ဝ၁၂ ရက်နေ့ ည (၇း၄၅) နာရီ လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့သည်။ အမေရိကန်နိုင်ငံရှိ သုဿန်များအား လေ့လာရန်အတွက် ကြိုတင်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ.၉.၂ဝ၁၂ (ကြာသပတေး)နေ့တွင် အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် NED အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။

မထသအား ၀န်ဆောင်မှုအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ရှိ



မထသအား မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ (၂၆) အရ အမြတ်အစွန်းရရှိရေးအတွက် မဟုတ်သောဝန်ဆောင်မှုအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်းဒေသကြီး)မှ သိရှိရသည်။

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(ရန်ကုန်တိုင်းဒေသကြီး)၏ ၂၀၁၂ ခုနှစ် သြဂုတ်လက တင်ပြခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။ 

ယင်းကုမ္ပဏီ အက်ဥပဒေ ၂၆ အရ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့များကို ဖောင်ဒေးရှင်းဟု ခေါ်ဆိုနိုင်ပြီး၊ ယင်းအဖွဲ့အစည်းသည် အစိုးရပိုင် အဖွဲ့မဟုတ်ကြောင်း တရားဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း သိရှိရပါသည်။ အဖွဲ့တွင် ပါဝင်စီမံအုပ်ချူပ်သော သူတို့ကို အသင်းဝင်များက မဲဆန္ဒ္ဒပေးအပ်ခန့်ထားသောကြောင့် ဒီမိုကရေစီနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်ကိုလည်း သိရှိရသည်။ ထိုသို့ ဖွဲ့စည်းသော်လည်း ယာဉ်များကို ယာဉ်ပိုင်ရှင်များကသာ ပိုင်ဆိုင်ကြပြီး ပိုင်ဆိုင်မှုအတွက်ရရှိသောအဖိုးအခများကို၎င်းတို့ကသာရရှိမည်ဖြစ်ပြီးအများက ရွေးချယ်တင်မြောက်ခြင်း ခံရသော အုပ်ချုပ်သူတို့အနေဖြင့် အုပ်ချူပ်ခ ၂ ရာခိုင်နှုန်းကိုသာ ရရှိမည်ဟု သိရှိရပါသည်။

''ကျွန်တော်တို့ လွန်ခဲ့တဲ့တစ်နှစ်လောက်က ဒီအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖို့ လျှောက်ထားခဲ့တာပါ၊ အဓိက ဒီခရီးသွား လုပ်သားပြည်သူတွေ ဒီထက်ပိုပြီး အဆင်ပြေပြေသွား လာနိုင်အောင် ခေတ်စနစ်နဲ့အညီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အဆင့်မြင့်မားလာဖို့ ဆောင်ရွက် သွားမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထိန်းသိမ်းရေး ကော်မတီ(မထသ)မှ ဒုတိယဌာနမှူး ဦးဝင်းဇော်က ပြောကြားခဲ့ပါသည်။
 

အုပ်ချုပ်စီမံခန့်ခွဲရန် ရွေးချယ်ခြင်းခံရသော ပုဂ္ဂိုလ်တို့သည်အုပ်ချုပ်သည့် ကာလတွင် အဖွဲ့ကရရှိသော ၂ ရာခိုင်နှုန်းမှ ၎င်းတို့အတွက်လစာငွေ ခံစားခွင့်ရမည်ဟုလည်း သိရှိရသည်။ စီမံခန့်ခွဲမှုပြုရာမှ ပိုလျံသော အမြတ်ငွေများကိုကျန်းမာရေး၊ပညာရေး၊လူမှုရေး၊အနုပညာစသောကဏ္ဍများသို့  ထောက်ပံ့ခြင်း ပြုနိုင်သော် လည်း အသင်းသားများအနေဖြင့် ခွဲဝေရယူခြင်းများ ပြုလုပ်၍မရ ကြောင်းလည်း သိရှိရသည်။ 

ထို့ပြင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကိစ္စတို့ကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတွင် တရားဝင်ပြဋ္ဌန်းထားပြီးဖြစ်သော ကုမ္ပဏီများအက်ဥပဒေ ပုဒ်မ (၂၆) ဖြင့် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ယင်းစာတမ်းမှ သိရှိရပါသည်။ ထို့ပြင်ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၆ အရ ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် အစိုးရပိုင် အဖွဲ့မဟုတ်ကြောင်းလည်း သိရှိရပါသည်။ ယင်းအဖွဲ့ ဖွဲ့စည်းရန်အတွက် ဖွဲ့စည်းခွင့်တင်ပြပြီး ဖြစ်သည်ဟုလည်း သိရှိရပါသည်။
REF: EMG