Tuesday, August 28, 2012

ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု



ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား ၀န်ထမ်း(၃) ဦးအား ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

အဆိုပါသုံးဦးမှာ ၁။ ဦးကာယက်စ်(ခ)ခင်ရွှေ (WFP) ထောင်ဒဏ် (၂)နှစ် ၂။ ဦးအဏာဝါဆာဒဏ်(ခ)ခင်မောင် (UNHCR) ထောင်ဒဏ် (၃)နှစ် ၃။ ဒေါ်ချိုလေးမာ(ခ)ချိုမာ (UNHCR/CSSEP) ထောင်ဒဏ် (၆)နှစ် ဖြစ်ကြပြီး ၎င်းတို့မှာ ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူများ ဖြစ်ကြသည်။

ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သည့် ၎င်းတို့အား မောင်တောမြို့နယ်တရားရုံးမှ သြဂုတ်လ ၂၄ ရက်နေ့က ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။


ပြည်သစ် ညွှန့်ဝေ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ



ယခင်အစိုးရ လက်ထက် ပြည်ပနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ပြည်ပ နိုင်ငံတွင် အခြေစိုက်ကာ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ် လျှက်ရှိသည့် ပြည်သစ် ညွှန့်ဝေသည် ယနေ့ နံနက် ၈နာရီ ၅၀ မိနစ်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်းသိရသည်။

နိုင်ငံတော် သမ္မတကြီး ဖိတ်ခေါ်မှုအရ လာရောက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများ လုပ်ဆောင်သွား ရန်ရှိကြောင်း ၄င်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

ယခင်အစိုးရ လက်ထက်၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ် အချို့နှင့် ပတ်သက်ပြီး ၄င်းအား တရားခံအဖြစ် ယခင်စစ်အစိုးရ လက်ထက် တာဝန်ရှိသူများက စွပ်စွဲထားခဲ့သလို အဝေးရောက် ပြစ်ဒဏ်များလည်း ချမှတ်ထားခဲ့သည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ရောက်ရှိစဉ် ကာလအတွင်း ဖြေရှင်းသွားမည်မဟုတ်ကြောင်း ၄င်းက ပေါ်ပြူလာနယူးစ်၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံတွင် ၂၈ ရက် ကြာနေထိုင်ခွင့်ရရှိထားပြီး နိုင်ငံတော်သမ္မတကြီးအပါအ၀င် သက်ဆိုင်ရာတာဝန်ရှိသူများ၊နိုင်ငံရေးအဖွဲ့အစည်းများ၊အလုပ်သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံသွားမည်ဟု သိရသည်။

Popular Myanmar News Journal

ဒီလှိုင်းဂျာနယ် ဖြန့်ချိရာရုံးခန်းရှေ့တွင် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းအချို့ တွေ့ရှိ



                                                         တာမွေအ၀ိုင်းထိပ်တစ်နေရာ


ရန်ကုန်မြို့တာမွေ မြို့နယ် အ၀ိုင်းထိပ်အနီး အောင်ချမ်းသာအိမ်ရာရှိ ဒီလှိုင်းဂျာနယ် ဖြန့်ချိရာရုံးခန်းရှေ့တွင် ပေါက်ကွဲစေနိုင်သည့်
ပစ္စည်းအချို့ကို ယနေ့ သြဂုတ်လ ၂၈ ရက် နံနက် ၇ နာရီခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီခန့်တွင် Forward S.E.C. co,ltd ပိုင် ဆူဇူကီး R- ပစ်ကပ်ကားနောက်ခန်းပေါ်တွင် မသင်္ကာဖွယ်ရာ အထုတ်တစ်ခုကိုတွေ့ရှိသဖြင့် အဆိုပါ ကားပိုင်ရှင်မှ ရဲစခန်းသို့အကြောင်းကြားခဲ့ရာ ရဲစခန်းမှ တာဝန်ရှိသူများလာရောက်စစ်ဆေးရာတွင် ၄င်းအထုတ်ထဲတွင် ရေသန့်ဗူးခွံထဲတွင် သံတိုသံစများ၊ ဂဏာန်းပေါင်းစက် နှင့် ၀ါယာကြိုးများကို ဆက်သွယ်တပ်ဆင်ထားသည်ကိုတွေ့ရှိရကြောင်း၊
ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြစ်သဖြင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီတွင် အားလုံးပြီးစီးသွားကြောင်းသိရသည်။

အဆိုပါ ပစ္စည်းများထဲတွင် ယမ်းနှင့် ဒီတိုနေတာ ကိုတော့ တွေ့ရှိရခြင်းမရှိကြောင်း ၊ အခင်းဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးကိုယ်တိုင်လာရောက်
စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal


အမျိုးသားလွှတ်တော် အစည်းအဝေး၌ သြဂုတ် ၂၈ ရက်နေ့ဆွးနွေးကြမည့် အကြောင်းအရာများ



ယနေ့ (သြဂုတ် ၂၈ ရက်) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်
အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည်
ဖြစ်ပါသည်။

(၁) အမျိုးသား လွှတ်တော် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အ၀န်း
ဆိုင်ရာ ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်း။

(၂) အမျိုးသားလွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးရာ ကော်မတီက
ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်း။

(၃) ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း ဥပဒေအရေ ပးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်း တို့အရ စွပ်စွဲပြစ်တင် သည့် အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၆) ဦးအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် (၁၆) ဦးက ဆွေးနွေးခြင်း။

(၄) ဖွံ့ဖြိုးမှု နှေးကွေးနေသော ရန်ကုန်မြို့အား ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်
နိုင်ငံတကာ အဆင့်မီ စီးပွားရေး မြို့တော်ကြီး အဖြစ်သို့ အမြန်
အဆင့်မြှင့်တင်နိုင်ရေးအတွက် မြို့တော် စည်ပင်သာယာရေး ကော်မတီကို
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လက်အောက်တွင် ထားရှိကာ မြို့တော်
စည်ပင်သာယာရေး ဥပဒေနှင့် အညီ ကော်မတီပိုင် ရံပုံငွေကို တိုင်းဒေသကြီး
အစိုးရ၏ အစီအစဉ်ဖြင့် သုံးစွဲပိုင်ခွင့်ပြုရေး ပြည်ထောင်စု အစိုးရအား
တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း။


RFA TV August 28, 2012