Sunday, April 8, 2012

Pregnancy and Sex ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၇)

Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။

Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့ အကြုံမရှိဘူး ဖြစ်နေလို့ပါ။ တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေအတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။ A 1: ပုံမှန်ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။

ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ဝါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာတယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယ ကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။

ပုံမှန် ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ (၃၇ ပါတ် ထက်စော) ကလေး မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှ ဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအဝင် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရ သဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။

ဇနီးသည် ကိုယ်ဝန်ရှိချိန်လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေးတယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေးအတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။

“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား” လို့ ပြောကြတာလည်း ရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား) ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမို ဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။

ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ် ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။

စုံအောင်ထည့် ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်းမှုတ်တာမျိုး ဖြစ်မသွားစေရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။

ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (ဝပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့ မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။

သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန်ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်း အပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။

အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျှောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။

A 2: ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူနေရင် ပျက်ကျမှာ စိုးရတယ်၊ နောက်ဆုံး ၃ လ စောမွေးမှာ စိုးရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ (နော်မယ်) ဖြစ်နေရင် အလွန် လုံခြုံပါတယ်။ ရေမြွာရည်ကနေ ကလေးကို အကာအကွယ် ပေးနေတယ်။ “ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များ” ဆိုပြီး သပ်သပ် သိဘို့ လိုတာ အမှန်ပါ။ ကိုယ်တိုင် ကြံဆနိုင်ကြပါတယ်။ ဆက်ဆံသင့်တဲ့ အနေအထားတွေဆိုတာ အများဖတ်ဘို့ ရေးတင်တာ သိပ်မကောင်းလှဘူး ထင်လို့ မေးသူဆီကိုသာ တိုက်ရိုက် ပြန်လိုက်ပါမယ်။

Dr. တင့်ဆွေ
၃ဝ-၄-၂ဝ၁ဝ
၁၇-၉-၂ဝ၁ဝ

Calendar method ပြက္ခဒိန်နည်း


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅ဝ)

2011/3/17
ကျနော် သိချင်တာက Calendar Method ပါ။ ကျနော့်ကို ဆရာဝန်နဲ့ အိမ်ထောင်သည် တချို့ပြောတဲ့ နည်းမတူဘူး ဖြစ်နေတယ်။ နောက်ပြီး ကျနော်ကိုယ်တိုင်က တွက်ချက်မှု ညံ့ဖျင်းတာလား မသိဘူး သိပ်မရှင်းလင်းဘူး ဖြစ်နေတယ်။ ကျေးဇူးပြု၍ ရှင်းပြပေးပါ။ သို့မဟုတ်ပါက ဆရာရေးထားတဲ့ Post ထဲက သက်ဆိုင်ရာတစ်ခုခုကို ညွှန်ပြပေးပါ။

ကိုယ်ဝန်မရစေဘို့ ရက်ရှောင်နည်း Standard Days method လို့လဲခေါ်တယ်။ အမျိုးသမီးတိုင်း အပျိုဖြစ်ပြီးနောက် သွေးမဆုံးခင်အထိ အကြမ်းအားဖြင့် လတိုင်း လလယ်ရက်မှာ မမျိုးဥ ထွက်တယ်။ အဲဒီမျိုးဥနဲ့ ကျားသုက်ပိုး တွေ့မှသာ ကိုယ်ဝန် ရှိနိုင်တယ်။ ဒါ့ကြောင့် ကလေးမရချင်ရင် လလည်ရက် မတိုင်ခင် ၅ ရက်နဲ့ နောက်ထပ် ၅ ရက် အတွင်း အတူမနေသင့်ဘူး။

လလည်ရက် တွက်တယ်ဆိုတာ ရာသီစဆင်းတဲ့နေ့ကနေ တွက်ရတယ်။ သွေးဆင်းတာက ၃-၄-၅ ရက်ကြာ တတ်တယ်။ နောက်ဆုံးရက် ဆိုတာ ပြောဘို့၊ မှတ်ဘို့က မတိကျတတ်ဘူး။ စွန်းယုံလေး စွန်းတော့တာကိုလား၊ (ဒိုင်ယာပါ) မသုံးရတဲ့နေ့ ခေါ်မလား။ ရာသီသွေး စဆင်းတဲ့နေ့ ဆိုတာ မှားစရာ မရှိဘူး။

ရက်ရှောင်ပြီး သားဆက်ခြားနည်းဟာ အကုန်အကျ အနည်းဆုံးဖြစ်တယ်။ Sexual act လိင်ဆက်ဆံမှုနဲ့ Orgasm ဆန္ဓပြည့်ဝမှုကို အနှောင့်အယှက် မဖြစ်စေသလို၊ ဘေးထွက် ဆိုးကျိုးလည်း မရှိပါ။ ဒါပေမဲ့ မတော်တဆ ကိုယ်ဝန် ရနိုင်နှုန်းက အမြင့်ဆုံး ဖြစ်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ်မပေးနိုင်ပါ။ Condom (ကွန်ဒွမ်) သုံးနည်းက အကောင်းဆုံး ဖြစ်တယ်။

The Institute for Reproductive Health သုတေသနအရ တိတိကျကျ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက လလယ်ရက် အတိအကျမှာ မျိုးဥ ထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံး ရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

Dr. တင့်ဆွေ
၁၇-၃-၂ဝ၁၁

Vaginal rings သန္ဓေတား သားရေကွင်း


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၁)

V-Rings လို့လဲ အတိုခေါ်တဲ့ Vaginal rings သားရေကွင်းတွေဆိုတာ အမျိုးသမီး မွေးလမ်းကြောင်း (ဗဂျိုင်းနား) ထဲမှာ ထည့်ပေးထားရတဲ့ သန္ဓေတားနည်းတခု ဖြစ်တယ်။ သားရေကွင်းလို့ ပြောရပေမဲ့ ဆေးပါနေတဲ့ Polymeric devices (ပေါ်လီမက်ထရစ်) ပစ္စည်း ဖြစ်တယ်။ အချင်း ၂ လက္မ ရှိတယ်။ ကိုယ်ဝန်အတွက် မဟုတ်တာတွေလဲ ရှိသေးတယ်။ 1. NuvaRing ဆိုတာက Contraceptive vaginal ring ကိုယ်ဝန်တားပစ္စည်း ဖြစ်တယ်။ Poly-ethylene-co-vinyl acetate နဲ့ လုပ်ထားပြီး၊ Etonogestrel (Progesterone) နဲ့ Ethinyl estradiol (Estrogen) ဟော်မုန်းတွေ ထုတ်ပေးနေတယ်။ မျိုးဥအိမ်ကနေ မျိုးမထွက်စေဘူး။ သားအိမ်အဝက အချွဲကို စေးပျစ်စေတယ်။ သားအိမ် အတွင်းဆုံးအလွှာကို ပါးလျစေမယ်။ ကိုယ်ဝန်မရအောင် တားပေးမယ်။
2. Femring ဆိုတာက သွေးဆုံးချိန်မှာ မျက်နှာတွေ နီမြန်းတာ၊ မွေးလမ်းကြောင်း ကြုံလှီတာတွေ သက်သာဘို့ Estradiol-acetate ဟော်မုန်း နဲနဲလေး ထုတ်ပေးနေမဲ့ Silicone elastomer ကနေလုပ်တာ ဖြစ်တယ်။ လင်မယား အတူမနေခင် ခဏထုတ်ထားနိုင်တယ်။

အဲလို ပစ္စည်းမျိုးကို မွေးလမ်းကြောင်းထဲမှာ ထည့်ထားလို့ ရတယ်။ သားရေကွင်းလို ပစ္စည်းကရော (ဗဂျိုင်းနား) အတွင်း နံရံရောက ဆန့်နိုင်ကြုံ့နိုင်စွမ်းရှိလို့ ထွက်မကျစေအာင် ထိန်းထားနိုင်တယ်။ ရေချိုးတာ၊ လေ့ကျင့်ခန်း လုပ်တာ ကိစ္စမရှိပါ။ ရှိနေတာ သေခြာချင်ရင် လက်ကို ဆေးကြောပြီး ကိုယ့်ဖါသာ စမ်းကြည့်နိုင်သေးတယ်။

NuvaRing ကို ဘယ်လိုထည့်မလဲ။
• လက်ဆေးပါ၊ ခြောက်သွေ့စေပါ။ NuvaRing foil pouch ကို ဖေါက်ပါ။
• ပက်လက်အိပ်ပါ။ တခြား အဆင်ပြေတဲ့ အနေအထားလဲ ဖြစ်ပါတယ်။
• ကွင်းကို လက်မနဲ့ လက်ညှိုးကြားထား ကိုင်ပါ။ ရှည်မျောမျော ဖြစ်သွားအောင် ဖိလိုက်ပါ။
• (ဗဂျိုင်းနား) ထဲကို အသာအယာ ထိုးသွင်းပေးပါ။ အနေရအထိုင်ရ သက်တောင့်သက်သာရှိပါစေ။
• ၃ ပါတ်တိတိ မထုတ်ဘဲထားပါ။

NuvaRing ဘယ်လို ထုတ်မလဲ။
• ၃ ပါတ်ကြာရင် ထုတ်ရမယ်။ ထည့်ချိန်နဲ့ ထုတ်ချိန် နာရီတူတာ ပိုကောင်းတယ်။
• ပက်လက်အိပ်ပါ။ တခြား အဆင်ပြေတဲ့ အနေအထားလဲ ဖြစ်ပါတယ်။
• လက်ဆေး-ခြောက်သွေ့စေပါ။
• လက်ညှိုးကို ကွေးပြီး မွေးလမ်းကြောင်းထဲ သွင်းပါ။ ကွင်းနဲ့ အနီးဆုံးနေရာကို လက်ခလည်နဲ့ပါ ညှပ်ပြီး ဆွဲထုတ်ပါ။
• စွန့်ပြစ်ပါ။ ရေအိမ်သာမှာ မပြစ်ပါနဲ့၊ ကလေးတွေ တိရစ္ဆာန်တွေနဲ့ ဝေးပါစေ။
• နောက်လမှာလဲ ကလေးမလိုချင်သေးရင် ၇ ရက်ထက်မကွာဘဲ နောက်ကွင်းသစ်တခု ထပ်ထည့်ပါ။

အဆင်မသင့်လို့ ရေအိမ်သာဝင်ချိန်၊ လိင်ဆက်ဆံချိန်၊ ရာသီလာတုံးသုံးတဲ့ Tampon ထုတ်ချိန်မှာ ထွက်ကျရင် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။
• ထွက်ကျတာ ၃ နာရီအတွင်းဆိုရင် NuvaRing ကို ရေနွေး (သိပ်အပူကြီးမဟုတ်) ထဲမှာ ဆေးပြီး ပြန်ထည့်ပါ။
• ရှာမတွေ့ရင် အသစ်ထည့်ပါ။
• ထွက်ကျတာ ၃ နာရီကျော်သွားရင် နောက်ပြီး ရာသီစက်ဝန်းရဲ့ ပဌမ ၂ ပါတ်မှာ ဖြစ်နေရင် ကိုယ်ဝန်ထားဘို့ မသေခြာတော့ပါ။ ကွင်းအသစ်လည်းထည့်ပါ၊ တခြားတားနည်းတခုခု ဥပမာ (ကွန်ဒွမ်)၊ Spermicide သုတ်ပိုးသေဆေး တခုခုသုံးပါ။
• တကယ်လို့ ထွက်ကျတာက ရာသီစက်ဝန်းရဲ့ တတိယပါတ်မှာ ၃ နာရီကြာမှသိရင် ကွင်းကို စွန့်ပြစ်လိုက်ပြီး၊ သေခြာအောင် တခြားတားနည်းတခုခု သုံးပါ။ (ကွန်ဒွမ်)၊ သုတ်ပိုးသေဆေး။ နောက်ပြီး အောက်ကနည်း တခုခုလုပ်ပါ။
o ကွင်းအသစ်တခုထည့်ပါ။ ဒါက နောက်ထပ် ၃ ပါတ်အတွက်သဘော ဖြစ်သွားတယ်။ ရာသီ မလာဘဲ နေချင်နေနိုင်တယ်။ ကြားရက်ဆင်းတာလဲ ဖြစ်နိုင်တယ်။
o ဒါမှမဟုတ် ရာသီလာတာ စောင့်ပါ။ ကွင်းအသစ်ထည့်ပါ။ ထွက်ကျတဲ့ အရင်ကွင်းနဲ့ နောက်ကွင်းသစ် ကြားမှာ ၇ ရက်ထက် မကွာစေနဲ့။ သတိထားဘို့က အရင်ကွင်းကိုလဲ အနည်းဆုံး ၇ ရက် ဆက်တိုက် သုံးခဲ့သူ ဖြစ်ရမယ်။
• ထုတ်ဘို့မေ့သွားတာက ၃ ပါတ်ထက်ကျော်သွားရင် စထည့်ခဲ့တဲ့ရက်ကနေ ၄ ပါတ်ထက် မကျော်သေးရင် ချက်ချင်း ထုတ်ပါ။ ၇ ရက်ခြာပြီး ကွင်းသစ်ထည့်ပါ။
• မထုတ်ဘဲနေတာ ၄ ပါတ်ထက် ကျော်သွားရင် နောက်ဆုံး ၁ ပါတ်ထဲမှာ ဆက်ဆံမှုရှိခဲ့ရင် မသေခြာတော့ပါ။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။ ကိုယ်ဝန်မရှိတာ သေခြာရင် အဟောင်းကိုထုတ်ပြီး ကွင်းသစ်ထည့်ပါ။
• NuvaRing ကို ၇ ရက်ဆက်တိုက် ထည့်ထားတာ မဟုတ်ရင် မသေခြာသေးလို့ တခြားတားနည်းတခုခုလဲ သုံးပါ။ (ကွန်ဒွမ်)၊ သုတ်ပိုးသေဆေး တခုခုသုံးပါ။ Diaphragm နဲ့ တွဲမသုံးပါနဲ့။

ဒီလိုလူတွေ မသုံးပါနဲ့ -
1. နှလုံး (အတက်ခ်)၊ နှလုံး (စထုပ်ခ်) ရဘူးသူ၊
2. ခြေထောက်၊ အဆုပ် မှာ သွေးခဲပိတ်တာ ဖြစ်ဘူးသူ၊ နှလုံးသွေးကျောကျဉ်းရောဂါရှိသူ၊
3. သွေးတိုး များလွန်းသူ၊
4. ဆီးချိုရှိရာကနေ ကျောက်ကပ်၊ မျက်စိ၊ အာရုံကြော၊ သွေးကြောရောဂါ တခုခု ရဘူးသူ၊
5. ရင်သားကင်ဆာ၊ သားအိမ်ကင်တာ၊ မျိုးဥအိမ်ကင်ဆာ၊ မွေးလမ်းကင်ဆာ ရှိသူ၊ သံသယရှိသူ၊ အရင်ကရှိခဲ့သူ၊
6. မွေးလမ်းက အကြောင်းမသိ သွေးဆင်းနေသူ၊
7. ကိုယ်ဝန်ဆောင်စဉ်၊ တခြားကိုယ်ဝန်တားနည်းတွေကြောင့် အသားဝါဖြစ်ဘူးသူ၊
8. အသဲကင်ဆာရှိသူ၊ အသဲရောဂါရှိနေသူ၊
9. နှလုံးအဆို့ရှင်ရောဂါ၊ နှလုံးခုန်မမှန်ရောဂါရှိသူ၊
10. အိပ်ရာထဲ အကြာကြီးနေဘို့လိုနေသူ၊
11. ကိုယ်ဝန်ရှိသူ၊ ကိုယ်ဝန်ရှိတယ် ထင်ရသူ၊
12. (မိုင်ဂရင်း) ခေါင်ကိုက်ရောဂါရှိသူ၊
13. စိတ်ကျရောဂါရှိသူ၊
14. သားအိမ်ကျနေသူ၊
15. ကလေးနို့တိုက်နေရသူ၊

Disadvantages: မကောင်းတတ်တာတွေ -
• လိင်လမ်းရေယုံ၊ လိင်လမ်းကြွက်နို့၊ (ကလာမိုင်ဒီးယား)၊ (ဂနိုးရီးယား)၊ အသဲရောင် ဘီ၊ ဆစ်ဖလစ်၊ (အိတ်ခ်ျအိုင်ဗွီ) ဖြစ်တဲ့ (STDs) လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ပါ။
• သားအိမ်ကျနေသူတွေဆို ထွက်ကျတတ်တယ်။
• ရင်သားတင်း-နာတာ၊ ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန် များတာ-နည်းတာ၊ ပျို့ချင်တာ၊
• စိတ်မူပြောင်းလဲတတ်တာ၊
• မွေးလမ်းက အရည်ထွက်များတာ၊ မွေးလမ်းပိုးဝင်တာနဲ့ အနေရခက်တာ၊ မွေးလမ်းခြောက်တာ၊
• သွေးကြောထဲ သွေးခဲပြီး နှလုံး (အတက်ခ်)၊ နှလုံး (စထုပ်ခ်)၊
• သားအိမ်ပြင်ပ သန္ဓေတည်တာ၊
• မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ၊
• ရာသီလာရင် နာတာ၊ ရာသီမလာခင် စိတ်ဓါတ်ကျတာ၊ ကြားရက်သွေးဆင်းတာ၊
• ဝက်ခြံ၊ ကိုယ်မွှေးများတာ၊ အရိုးအားနည်းတာ၊
• မျိုးဥအိမ်-အကျိတ်၊ ရင်သားမှာ ကင်ဆာမဟုတ်တဲ့အကျိတ်ဖြစ်တာ၊

Advantages ကောင်းချက်တွေ -
• ရိုးရှင်းတယ်၊ စိတ်ချရတယ်၊
• နေ့တိုင်းဆေးသောက်စရာမလိုဘူး။
• ဆရာဝန်မပါဘဲ ကိုယ်တိုင်လုပ်နိုင်တယ်။
• လင်မယား အတူနေတာမှာ ပြဿနာမရှိဘူးလို့ ၁ဝ ယောက်မှာ ၉ ယောက်က ပြောကြတယ်။
• ကိုယ်ဝန်တားဘို့ ၉၂-၉၉့၇% စိတ်ချရတယ်။
• ပြန်ထုတ်ပြီးနောက် ၁၃-၂၈ ရက်အတွင်း ကလေးရနိုင်လာမယ်။

Dr. တင့်ဆွေ
၁၆-၅-၂ဝ၁၁

Q and A Pills တားဆေး အမေး-အဖြေ


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၅)
9 Feb 11, 20:08
သမီးအသက် ၂၅။ အိမ်ထောင်နဲ့ပါ။ ၁ လဆေး သောက်ပါတယ်။ ဒီလက ဆေးသောက်ဖို့ ၃ ရက် ပျက်သွားပါတယ်။ ပထမ တရက်က ၂ ရက်မြောက်။ ဒုတိယရက်က ၇ ရက်မြောက်။ တတိယတရက်က အလယ်ရက်ကြီး။ အခုဆေးအဖြူ ကုန်သွားတယ်။ ရာသီမလာသေးဘူး။ • The combined oral contraceptive pill (COCP), the birth-control pill, the Pill မှာ Estrogen (Oestrogen) နဲ့ Progestin (Progestogen) ဟော်မုန်း ၂ မျိုးတွဲပါတယ်။
• တနေ့ ၁ လုံး ၂၁-၂၈ ရက် သောက်ရမဲ့ ဟော်မုန်း ၂ မျိုးတွဲ ကိုယ်ဝန်တားဆေးကို ဆေးသောက်ရမှာ ၁၂ နာရီ နောက်ကျရင်ကို ကိုယ်ဝန်ရလမ်း စရှိလာတယ်။ အဲလိုဖြစ်ရင် စိတ်အချရဆုံးက နောက် ၇ ရက်အတွက် တခြား တားနည်း တခုခုကိုပါ သုံးပါ။ Condom (ကွန်ဒွမ်)၊ Spermicide သုတ်ပိုးသေဆေး၊ Withdrawl သုတ်ရည်အပြင်ထုတ်နည်း၊ Diaphragms and caps သားအိမ်ဝအဖုံးများ။
• ဆေးသောက်ဘို့ ၂၄ နာရီ မကျော်သေးရင် ဆေး ၂ လုံးကို တခါထဲ သောက်လိုက်ပါ။ နောက်ရက်ကျ ပုံမှန်သာ ဆက်သောက်ပါ။
• တကယ်လို့ ၁ ရက်ခြားမှာ၊ သောက်ရမဲ့အချိန်အတိုင်း တိတိကျကျ သတိရတယ်ဆိုရင်တော့ ၁ လုံးထဲသာ သောက်ပါ။
• ဆေး မသောက်မိတာ ၂၄ နာရီကျော်သွားမှ သတိရတယ်ဆိုရင် ၁ ပြားထဲသာသောက်ပါ။ ရက်ကျော်သွားတဲ့ ဆေးလုံးကို လွင့်ပြစ်လိုက်ပါ။
• တကယ်လို့ သတိမေ့တာက နောက်ဆုံး ရက်သတ္တပါတ်မှာဆိုရင် ဆေးအဖြူတွေ ကုန်အောင် သောက်ပါ။ အရောင်ရင့် (ဟော်မုန်း မပါတာ) ၇ လုံးကို မသောက်ပါနဲ့တော့။ သွေးဆင်းမှာကို စောင့်မနေတော့ဘဲ နောက်တကပ် အသစ်ကို ပုံမှန် ဆက်သောက်ပါ။ အဲဒီဆေးကပ်အသစ်ကုန်မှ ရာသီလာလိမ့်မယ်။
• ဒီလိုဆေးမျိုးကို သောက်ရက်သားနဲ့ ကိုယ်ဝန်ရနိုင်တာဟာ ဆေးစသောက်တဲ့ရက် နောက်ကျလို့ ဖြစ်တယ်။
• ဆေးကပ်အသစ်သောက်ရမှာ ၁ ရက်နောက်ကျရင် ၂ လုံးတခါထဲသောက်ပါ။ နောက် ၁-၂ ပါတ်အတွက် တခြား တားနည်း တခုခုကိုပါ သုံးပါ။
• ဆေးကပ်အသစ်သောက်ရမှာ ၂ ရက်နောက်ကျရင် ၂ လုံးတခါထဲ၊ ၂ ရက်ဆက်သောက်ပါ။ နောက် ၁-၂ ပါတ်အတွက် တခြား တားနည်း တခုခုကိုပါ သုံးပါ။
• ဆေးကပ်အသစ်သောက်ရမှာ ၃-၅ ရက် နောက်ကျရင် အတူနေပြီးလဲဖြစ်ရင် အရေးပေါ်တားဆေး Plan B = Emergency contraception (EC), Morning-after pill, E Pills, i-pill, Preventol, ECee2, Pill 72, ECee2 သောက်ပါ။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။
• ဆေးသောက်ဘို့ မေ့တဲ့ရက်က လ လယ်ရက် ဖြစ်နေရင် အတူနေပြီးလဲဖြစ်ရင် အရေးပေါ်တားဆေး သောက်ပါ။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။
• Progestin only oral contraceptives, POP, Minipill, Micronor, Noriday, Femulen, Norgeston, Cerazette ဟော်မုန်း ၁ မျိုးထဲပါတဲ့ ဆေးအမျိုးအစား သောက်နေတာ ဆိုရင်လဲ ၁ ရက်ကျော်ရင် တခါထဲ ၂ လုံးသောက်ပါ။ တခြားတားနည်းကို နောက် ၂ ရက်မှာသုံးပါ။
• မေးတဲ့သူ ဆီးစစ်ပါ။ ဆရာဝန် ညွှန်သလိုလုပ်ပါ။ သတိမေ့တတ်သူဖြစ်လို့ တခြားနည်းလမ်းတခုခုကို သုံးသင့်တယ်။

Q: ကျွန်တော့ အသက် ၂၇ ရှိပါပြီ။ မိန်းမ ရာသီလာပြီးတဲ့ နေကစပြီး ၇ ရက်နဲ့ မလာခင် ၇ ရက်အတွင်းကို ဆက်ဆံရင် ကိုယ်ဝန် ရနိုင်တယ်လို့ ဆိုလိုတာလား။ ရာသီလာပြီး ၇ ရက်၊ မလာခင် ၇ ရက် အတွင်း ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ဆိုလိုတာလား သိချင်ပါတယ်။ သဘာဝအတိုင်း ဆက်ဆံမှုမျိုးနဲ့ ယောက်ျားလေးက ဘယ်လို နည်းလမ်း သုံးပြီး ဆက်ဆံသင့်ပါသလဲ။ ကိုယ်ဝန် တားဆေးကို အမြဲသုံးနေရင် ကလေး လိုချင်တဲ့အခါ အခက်တွေ့နိုင်ပါသလား။

ရာသီမလာခင် ၇ ရက်ကနေ လာပြီး ၇ ရက်အတွင်းမှာ ဆက်ဆံရင် သီအိုရီအရ ကိုယ်ဝန် မရနိုင်ပါ။ ကိုယ်ဝန်တားဆေး သုံးပြီးတဲ့နောက် ကလေးယူချင်ရင် ရနိုင်ပါတယ်။ ဆေးတွေက ၁ လအတွက်ဆေးနဲ့ ၃ လအတွက် ဆေးတွေသာ ဖြစ်တယ်။ ဆေးသုံးတာကို ရပ်လိုက်တာနဲ့ ကိုယ်ဝန်မဆောင်အောင် လုပ်နိုင်စွမ်း မရှိတော့ပါ။

ဒါပေမဲ့ တချို့အမျိုးသမီးတွေက ဆေးရပ်လိုက်တာနဲ့ နောက်လကစပြီး ကိုယ်ဝန်ဆောင်တယ်။ တချို့က အချိန်ကာလ တခုကို စောင့်ရတယ်။ ဘာလို့လဲဆိုတော့ တယောက်နဲ့တယောက်က သူ့သဘာဝအတိုင်း ဟော်မုန်းအခြေအနေ ပြန်ရောက်အောင် အချိန်ယူတာချင်း မတူကြလို့ပါ။ တချို့ဆိုရင် ၁ လ မဟုတ်ဘဲ ၁ နှစ်အထိ အချိန်ယူတာလဲရှိတယ်။

ကောင်းတာက အမျိုးသမီးဟာ ဆေးမကူဘဲ သဘာဝအတိုင်း ရာသီ ၂ လ၊ ၃ လ ပြန်ဆင်းပြီဆိုမှ ကလေးယူတာ ပိုကောင်းတယ်။ ဒီကြားကာလမှာ (ကွန်ဒွမ် )နည်းစတာကို သုံးရမယ်။ ဟော်မုန်းအပိုတွေ မရှိတော့ဘဲ၊ နောက်ကိုယ်ဝန်မှာ ဘာမှ သက်ရောက်မှု မရှိစေတော့ဘူး။ ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားဆေးတွေ မသုံးတော့တာတောင် ကိုယ်ဝန်မရနိုင်သေးတာကတော့ ရပ်လိုက်ပေမဲ့ အမျိုးသမီးရဲ့ကိုယ်ထဲမှာ အခိုက်အတန့်အားဖြင့် သက်ရောက်မှု ဆက်ရှိနေနိုင်သေးလို့ ဖြစ်ရတာပါ။ ဟော်မုန်း ၂ မျိုးတွဲ စားဆေး သုံးသူဆိုရင် အများအားဖြင့် ၂ လ၊ ၃ လ နောက်မှ ကိုယ်ဝန် ပြန်ရနိုင်တယ်။ Depo-Provera ထိုးဆေး ဆိုရင် ၆ လ၊ ၁ နှစ်ကြာမှ ကိုယ်ဝန်ပြန်ရတတ်တယ်။ ဒီကြားကာလမှာ သွေးမဆင်းဘဲနေတာလဲ ရှိနိုင်သေးတယ်။

နည်းဆိုတာ အမေးက သိပ်မရှင်းပါ။ ဒါပေမဲ့ ဒီလိုဖြေပါရစေ။ လှေကြီးထိုး ရိုးရိုးနည်း၊ သဘာဝနည်းတွေသာ အကောင်းဆုံး ဖြစ်ပါတယ်။ (ကာမသျှတြ) နည်းလမ်း ခြောက်ဆယ့်လေးသွယ် ဆိုတာ S Positions and S poses အဖြစ် ရာဇဝင် တွင်တယ်။ နှစ်ဦးနှစ်ဘက် အလိုကျတာကို သုံးသင့်ပါတယ်။

Q: ဆေးစားရင်းနဲ့ ကိုယ်ဝန်ရခဲ့ရင် ကလေးကို ထိခိုက်နိုင်ပါသလား သိပါရစေရှင်။ ကိုယ်ဝန်တားဆေးကို ပြောတာပါဆရာ။ Family Planning Pills 3 cycles Microgynon Fe အဲဒီဆေးတွေက လင်မယားတွေ အတူမနေခင် ကတည်းက စားရတာ ပါလား။ အတူနေမှ စားပြီး ကိုယ်ဝန်ရခဲ့ရင် ကလေးနဲ့ လူကြီး ထိခိုက်မှာစိုးလို့ပါ။

ပဋိသန္ဓေတားဆေးတွေထဲမှာ Estrogen နဲ့ Progestogen ဟော်မုန်းနှစ်မျိုး ပူးတွဲပါတာကို COC လို့ ခေါ်တယ်။ Microgynon ဆေးက Progestogen-only pill (POP) ခေါ်တဲ့ ဟော်မုန်း တမျိုးတည်းပါ စားဆေးဖြစ်တယ်။ အမျိုးမျိုး ရှိတယ်။ ဒီဆေးကြောင့် သားအိမ်အဝမှာ ရှိနေတဲ့ ချွဲကျိတဲ့ အရည်ကို ပြစ်စေးလာစေပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် ထားဆီးတယ်။ နောက်ပြီး သားအိမ် အတွင်းသား နံရံကို ပါးလွှာစေပြီး၊ သန္ခေဥတွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။ ၉၉% ထိရောက်တယ်။

လစဉ်ရာသီ စလာတဲ့နေ့ကစ ဆေးသုံးရတယ်။ နေ့စဉ် ဆေး ၁ ပြားကို အချိန်မှန်မှန် ဆေးကပ် ကုန်တဲ့အထိ သောက်ရတယ်။ ဆေးကပ် ကုန်တာနဲ့ နောက်ထပ်တကပ် ဆက်သောက်ပါ။ ကလေးနို့တိုက်နေစဉ်လည်း သောက်နိုင်တယ်။ နို့ထွက် မနည်းစေပါ။ အသက်ကြီးရင်လည်း သောက်နိုင်တယ်။ ရာသီမလာမီဖြစ်တဲ့ လက္ခဏာတွေ ကိုလည်း သက်သာစေတယ်။

ရင်သားတင်းခြင်း၊ အရေပြားပေါ် အစက်အပျောက် ပေါ်ခြင်းတို့ဖြစ်စေတတ်တယ်။ ရာသီနည်းခြင်း၊ မလာခြင်း၊ ရှားရှားပါးပါး မျိုးဥအိမ် အကျိတ်အလုံးပေါ်ခြင်း ဖြစ်တတ်တယ်။ အခု ဒါမှမဟုတ် အရင်က ရင်သား-ကင်ဆာရှိနေရင်၊ ကိုယ်ဝန် ရှိနေရင်၊ အသဲ၊ သဲခြေအိတ် ရောဂါ ရှိနေရင်၊ မျိုးဥအိမ် အကျိတ် အလုံးရှိဘူးရင်၊ (မိုင်ဂရင်း) အမူးရောဂါရှိရင် မသုံးသင့်ပါ။

ဆေးသောက်ပါလျက် ကိုယ်ဝန်ရှိတာ အတော်ကြီးနည်းတယ်။ ကိုယ်ဝန်ရှိပြီးမှ ဆေးသောက်လို့လည်း ဖြစ်နိုင်တယ်။ ဒီဆေးသောက်တာ ရက်မကျော်ရပါ။ အစပိုင်းလတွေမှာ ကြားရက် သွေးနဲနဲဆ င်းတာ ဖြစ်တတ်ပေမဲ့ နောက်ဆို မဖြစ်တော့ဘူး။ ဆေးထဲမှာပါတဲ့ ဟော်မုန်း အနည်းအများက တိုင်းပြည်တခုနဲ့တခုမှာ မတူကြပါ။

ဆေးက ကိုယ်ဝန်ဖြစ်လာမှာကိုသာ တားဆီးတယ်။ ကိုယ်ဝန်ဖြစ်လာပြီးတာကို သက်ရောက်မှာ မဟုတ်ပါ။ ကိုယ်ဝန် ဆောင်နေတုံးမှာ ကိုယ်ကထုတ်ပေးနေတဲ့ ဟော်မုန်းတွေမှာ ဒါမျိုးလည်း ပါတယ်။ ဒီဆေးသောက်မိရင် အချိုးအဆ ပြောင်းသွားစေနိုင်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်မရှိမှ အသောက်ခိုင်းတာ။ မတော်တဆ သောက်ခဲ့ရင် ကိုယ်ဝန်-မိခင်ကို ထိခိုက်တာအတွက် သုတေသန လုပ်ထားတာ မတွေ့သေးပါ။

Dr. တင့်ဆွေ
၁ဝ-၂-၂ဝ၁၁

Sex after delivery ကလေးဖွါးပြီး အတူနေခြင်း

21 Dec 10, 12:43
ကလေး ဗိုက်ခွဲစိတ်မွေးပြီး ဘယ်လောက်ကြာရင် ဆက်ဆံလို့ ရမလဲဆိုတာ သိချင်ပါတယ်။
• LSCS (CS) ဗိုက်ခွဲမွေးပြီးနောက် လင်-မယားအတူနေတာ တလခွဲ (၆) ပါတ်စောင့်ပါလို့ ဆရာဝန် အများဆုံးက အကြံပေးပါတယ်။
• ချုပ်ရိုးလဲကောင်း၊ ကလေးအမေလဲ နေကောင်းနေမှ ဒီရက်ကို ပြောတာပါ။
• မဟုတ်ရင် ၈-၁၂ ပါတ်ထိ စောင့်ရပါမယ်။
• အနေအထားလဲ ရွေးရင် ကောင်းပါတယ်။
• Normal labor ရိုးရိုးလမ်းကနေ ကလေးဖွါးပြီးနောက် ဘယ်တော့ ပြန်ဆက်ဆံနိုင်သလဲ ဆိုတဲ့မေးခွန်းကို ဆရာဝန် မဟုတ်သူတွေလဲ ဖြေတတ်ပါတယ်။ Folk wisdom လို့ ခေါ်တယ်။ သုတေသနလုပ် ပြောရတာ မဟုတ်ဘူး။
• ကာယကံရှင် အမျိုးသမီးကို ဆုံးဖြတ်စေသင့်တာ တရားမျှတတယ်။ သူက စောနိုင်တယ်ဆိုရင် ရတာပါ။
• ဒါ့ကြောင့် ၃ ပါတ်လို့ Williams Obstetrics က အကြံပြုတာ ရှိတယ်။
• နောက်ကျချင်သူတွေလဲ ရှိပါတယ်။
• ခွဲမွေးတာ မဟုတ်ဘဲ မွေးလမ်းကနေ မွေးပေမဲ့ Episiotyomy လမ်းကြောင်း ချဲ့မွေးရတာ၊ Tear and repair လမ်းကြောင်း စုတ်လို့ ချုပ်ရတာ၊ Forceps delivery ညှပ်ဆွဲမွေးတာ၊ Vaccum လေစုပ်ကရိယာသုံး မွေးတာတွေကိုပါ ထည့်စဉ်းစားရမယ်။
• နောက်ပြီး Lochia လို့ ခေါ်တဲ့ မွေးဖွါးပြီး ဆင်းတာက အနီရောင်ကနေ ပန်းရောင်ဖြစ်လာရင်ပြီး နည်းလာရင် သိပ်ကိစ္စမရှိတော့ပါ။
• ပုံမှန်အားဖြင့် ၂ ပါတ် ဆိုရင် အဲလိုဖြစ်လာပါပြီ။ ဆင်းတာက များမယ်၊ အနံ့အသက်ရှိမယ်၊ ဖျားနေမယ်ဆိုရင် ဆေးကုပါအုံး။
• သုတေသန မရှိတာတော့ မဟုတ်ပါ။ ၁၉၉၈ တုံးက Sexuality during Pregnancy and the Year Postpartum ဆိုတာ ထုတ်ပြန်ခဲ့တယ်။ တိတိကျကျ အားလုံးလက်ခံတဲ့ ရက်ကာလ မရှိဘူးတဲ့။ အကြမ်းဖျဉ်း ၅ ပါတ်ကနေ ၇ ပါတ်လို့ ဆိုတယ်။ ဒါတောင်မှ အမျိုးသမီး ၅ဝ% ကသာ ပြန်ဆက်ဆံမှု ပြုပါသတဲ့။
• ၆ ပါတ် စောင့်ရရင် နောက်ကိုယ်ဝန် မရစေမဲ့နည်း တခုခုသုံးရမှာကို မမေ့ပါနဲ့။

Dr. တင့်ဆွေ
၂၁-၁၂-၂ဝ၁ဝ

Better Butt အောက်ပိုင်း-နောက်ပိုင်း လေ့ကျင့်ခန်း


1. Booty Boot Camp (တီဗွီ) မှန်သားပြင်တွေပေါ်မှာ ပင်လယ်ကမ်းခြေမြင်ကွင်းထဲက Brazilian beach butt (ဘရာဇီးလ်) ကိုယ်ခန္ဓာအောက်ပိုင်းကို နောက်ဖက်ကနေမြင်ကြရတဲ့ အလှကို (ပါဖက်) ဖြစ်တယ်လို့ သတ်မှတ်ထားကြတယ်။ လူတိုင်းတော့ အဲလိုလှနေအောင် တမင်လုပ်ယူလို့ မရဘူး။ Body type ကိုယ်ခန္ဓာ ပုံပန်းနဲ့ Genetics မွေးရာပါ အခြေအနေတွေက မတူကြဘူး။ ဒါပေမဲ့ ပိုလှနေအောင်၊ ဆွဲဆောင်မှု ပိုရှိလာအောင် ပြုပြင်ယူလို့တော့ ရနိုင်ပါတယ်။
2. Behind It All: The Gluteal Muscles ခန္ဓာဗေဒက စရမယ်။ Gluteal Muscles (ဂလူတီရယ်) ကြွက်သားက အခြေခံဖြစ်တယ်။ သူ့မှာ Gluteus maximus, Gluteus medius နဲ့ Gluteus minimus ဆိုတဲ့ အလွှာ သုံးထပ်ရှိတယ်။ Overlying fat ဒါတွေအထက်က (ဖက်) အဆီရှိမယ်။ Walking လမ်းလျှောက်တာ၊ running ပြေးလွှားတာ၊ climbing တက်ရ-ဆင်းရတာမှန်သမျှ သူကနေ လုပ်ပေးတယ်။ ဒါကြောင့် ဒီ (မာဆယ်လ်) တွေကို သန်မာမှုရှိလာအောင် လေ့ကျင့်ခန်းလုပ်ဘို့ကို ဦးတည်စေရမယ်။ Tighter ပိုတင်းမာလာစေဘို့ နဲ့ More rounded look ဝိုင်းစက်လာစေဘို့ ဖြစ်တယ်။
3. Squat and Tone ထိုင်ချလေ့ကျင့်ခန်း၊ တကယ်မရှိတဲ့ခုံတခုပေါ်မှာ ထိုင်ချသလိုမျိုး တဖြးဖြေးချင်း တင်ပါးကို အောက်ချပါ။ အနေအထားမှန်ရမယ်။ ခြေနှစ်ဘက်ကို ပခုံးအကျယ်ထား ကားနေပါ။ ထိုင်ချလုပ်နေတုံးဒ ဒူးကိုရှေ့မထုတ်မိပါစေနဲ့။ ကိုယ်ကတင်းနေ၊ ခါးကဖြောင့်နေပါစေ။
4. Ball Squat နောက်နည်းကွဲတခုက လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးသုံးရတယ်။ အသေတပ်ထားတဲ့ ဘောလုံးမှာ ကျေား-ခါးမှီထားပြီး ဒူးကိုအသေထား ခြေထောက်တွေက လမ်းလျှောက်သလို လုပ်ပါ။ ဒူးက ခြေရှေ့မှာသာ ရှိပါစေ။ တခါလုပ် ၁၅ ကြိမ်၊ တပါတ်မှာ ၃ ခါလုပ်ပါ။
5. Forward Lunge ခြေတလှမ်း ရှေ့ကားထုတ်ပါ။ ဒူးနှစ်ဖက်ကွေးပြီး ကိုယ်ကို အောက်နှိမ့်ချလိုက်ပါ။ ပြန်မတ်ပါ။ ခြေတဖက်ချင်းအဲလိုလုပ်ပါ။ ဒူးကို ၉ဝ ဒီဂရီထက် မပိုစေပါနဲ့။ နောက်ချန်ထားတဲ့ ဒူးက ကြိမ်းပြင်ကို မထိပါစေနဲ့။
6. Backward Lunge နောက်နည်းကွဲတခုက မတ်တပ်ရက်နေပါ။ ခါးထောက်ထားပြီး ဒူးတဖက်ကို မတင်ကွေးပါ။ အဲဒီခြေထောက်ကို နောက်ပြစ်ပါ၊ ကိုယ်ကရှေ့ထွက်လာမယ်။ ကျန်တဲ့ဒူးက ၉ဝ ဒီဂရီအထိကွေးပါ။ နောက်တဖက်ကိုအဲလိုလုပ်ပါ။ Side Lunge နောက်နည်းကွဲတခုက မတ်တပ်ကားရပ်နေပါ။ ဒူးတဖက်ကို ကြမ်းပြင်မှာ မတ်မတ်ကွေးပါ။ ကိုကို ရှေ့နဲနဲကုန်းလိုက်ပါ။ ပခုံးက ဒူးနောက်မှာရှိနေပါစေ။ အလေးချိန်မျှစေအောင် လက်တွေကိုအသုံးချပါ။
7. On the Ball: Leg Lift လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးပေါ်မှာ မှောက်ပြီး ကိုယ်ကိုဆန့်တန်းထားပါ။ တတောင့်ဆစ်ကို ကြမ်းပေါ်ထောက်ထားပြီး ဒူးနှစ်ဖက်လုံးကို မ-တင်ပါ။ တင်ပါးကကြွက်သားတွေ တင်းနိုင်သမျှတင်းထားပါ။
8. On the Ball: Hip Lift လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးပေါ်မှာ မှောက်လိုက်ပါ။ ဒူးတွေကို ၉ဝ ဒီဂရီကွေးပါ။ ခြေထောက်ပူးထားပါ။ တင်ပါးကကြွက်သားတွေ တင်းထားပါ။ ဖြေးဖြေးချင်း ပေါင်တွေကို ၂ လက္မလောက်အထိ မ-တင်ပါ။
9. Floor Work: Bridgeကြမ်းခင်းပေါ်မှာ ပက်လက်အိပ်ပါ။ ဒူးတွေကွေးထားပါ။ ခြေထောက်တွေကို တင်ပါးနဲ့ အမျှကားထားပါ။ ခါးကို ကြမ်းပြင်ကနေ တဖြေးဖြေးချင်း အောက်ပိုင်းကစပြီး ခွါယူပါ။ ခါးဆစ်တခုချင်းစီဖြစ်ပါစေ။ တင်ပါးကြွက်သားတွေနဲပ ပေါင်ကြွက်သားတွေ တင်းနေပါစေ။ ပခုံးနဲ့ဒူး တတန်းထဲရောက်လာရင် ခဏလေးနားပါ။ နောက် တဖြေးဖြေးချင်းအောက်ချပေးပါ။ ခါးဆစ်တခုချင်းစီဖြစ်ပါစေ။
10. Floor Work: Side Leg Raises ကြမ်းခင်းပေါ်မှာ ဘေးတစောင်း အိပ်ပါ။ အပေါ်ကခြေထောက်ကို မ-တင်ပါ။ တင်ပါးနေရာကို ငြိမ်ငြိမ်ထားပါ။ ဒူးတွေက ရှေ့မျက်နှာဆီသာဦးတည်ပါ။
11. Floor Work: Dirty Dog ဒူးတွေကို တင်ပါးလောက်ကားထားပါ။ လက်တွေက ပခုံးအောက်မှာထားပြီး လေးဘက်ထောက်နေပါ။ တတောင်ဆစ် ဆန့်တန်းနေပါစေ။ ဗိုက်ကိုတင်းထားပြီး၊ ခါးကို ပုံမှန်သာထားပါ။ မကွေး-မဆန့်ပါနဲ့။ ဒူးတဖက်ချင်း မ-တင်ပေးပါ။ တင်ပါးကို အလိုက်သင့်လှည့်ပေးပါ။
12. Floor Work: Running Plank ဖနောင့်ထောက်ထား၊ ခြေမျက်စိချင်းထိတားပါ။ လက်ဝါးတွေကြမ်းပြင်မှာထားပြီး ခါးကိုဆန့်တန်းထားပါ။ တတောင်ဆစ်ကို ဆန်းထားပါ။ ခေါင်း၊ လည်ပင်း၊ ခါး၊ တင်၊ ပေါင်၊ ခြေသလုံး အားလုံး တတန်းတည်း ရှိပါစေ။ ခြေတဖက်ချင်း ဒူးကွေး၊ ခြေခြင်း-တ်ကွေးပြီး ဗခါင်ဘက်ဆီရွေ့ပေးပါ။ နောက် နဂိုအနေအထိ ပြန်ဆန့်တန်းပါ။ နောက်တဖက်လည်း အဲဒီအတိုင်းလုပ်ပါ။ လက်ချောင်းတွေ ကားထားပါ။
13. Walk the Hills တောင်တက်သလို အမြင့်တွေတက်ပါ။
14. Tone Your Tush With Cardio ကိုယ်လက်လေ့ကျင့်တဲ့ (ဂျင်မ်) မှာလုပ်နည်း၊ Stair steppers, Arc trainers နဲ့ Elliptical machines စက်တွေသုံးပါ။
15. Aerobic activity (အေရိုးဘစ်) လေ့ကျင့်ခန်းနည်းလုပ်ပါ။
16. Slim Your Assets လေ့ကျင့်ခန်းတခုထဲနဲ့ မလုံလောက်ပါ။ စားနေတဲ့အစားအသောက် ဂရုစိုက်ပါ။ (ကလိုရီ) များတာ လျော့ပြစ်ပါ။ ကိုယ်အလေးချိန် လျှော့ချပါ။
17. Go for Gluteus Maximus စက်ဘီးစီးပါ။
18. Cosmetic surgeons အလှအပ ခွဲစိတ်ဆရာဝန်ကနေ ကိုယ်ကြိုက်တဲ့ ပုံစံ ဥပမာ Heart-shaped အသဲပုံ၊ Pear သစ်တော်သီးပုံ၊ Bubble ဘူဘောင်းပုံ စတာမျိုးဖြစ်အောင် Lifts, and Reshaping ပြုပြင်ပေးနိုင်ပါတယ်။ Implants အတုထည့်တာလဲ လုပ်ပေးနိုင်ပါတယ်။
19. Shapewear for Your Tush အခုအခံတွေ သုံးနိုင်တယ်။
20. Dress Your Assets Down ကိုယ်နဲ့တော်တာ ရွေးဝတ်တတ်ပါစေ။ Boot-cut and flared jeans အမျိုးအစားဝတ်ရင် နောက်ကကြည့်တော့ တင်းလှပြီး သွယ်လျှတယ်ထင်စေမယ်။ Long pant legs ဝတ်ရင် ပေါင်တံရှည်တယ်။ တင်သေးမယ်ထင်စေမယ်။ Back pockets နောက်အိတ်ပါတာမျိုးကလဲ ဆွဲဆောင်မှုရှိစေမယ်။ Super-long back pockets နောက်အိတ်ရှည်ပါတာမျိုးကိုရှောင်ပါ။ Dress Your Assets Up ၁၉၈ဝ ကျော်ကခေတ်စားဘူးခဲ့တဲ့ Peg leg နဲ့ Ankle jeans တွေရှောင်ပါ။ (အိုက်စ်ခရင်မ်) ထိပ်ပိုင်းနဲ့တူတယ်ထင်ကြမယ်။ Super-tight pant legs ဒါမှမဟုတ် leggings along with a tight form-fitting rear panel ကိုရွေးဝတ်ရင် Brazilian butt-lift style လို့ သတ်မှတ်တယ်။

Butt exercises for women အောက်ပိုင်း ဖွံ့ထွားလိုလျှင် http://dts-medicaleducation-adult.blogspot.in/2012/03/butt-exercises-for-women.html

Dr. တင့်ဆွေ
၂၂-၂-၂ဝ၁၂