Sunday, April 8, 2012

Calendar method ပြက္ခဒိန်နည်း


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅ဝ)

2011/3/17
ကျနော် သိချင်တာက Calendar Method ပါ။ ကျနော့်ကို ဆရာဝန်နဲ့ အိမ်ထောင်သည် တချို့ပြောတဲ့ နည်းမတူဘူး ဖြစ်နေတယ်။ နောက်ပြီး ကျနော်ကိုယ်တိုင်က တွက်ချက်မှု ညံ့ဖျင်းတာလား မသိဘူး သိပ်မရှင်းလင်းဘူး ဖြစ်နေတယ်။ ကျေးဇူးပြု၍ ရှင်းပြပေးပါ။ သို့မဟုတ်ပါက ဆရာရေးထားတဲ့ Post ထဲက သက်ဆိုင်ရာတစ်ခုခုကို ညွှန်ပြပေးပါ။

ကိုယ်ဝန်မရစေဘို့ ရက်ရှောင်နည်း Standard Days method လို့လဲခေါ်တယ်။ အမျိုးသမီးတိုင်း အပျိုဖြစ်ပြီးနောက် သွေးမဆုံးခင်အထိ အကြမ်းအားဖြင့် လတိုင်း လလယ်ရက်မှာ မမျိုးဥ ထွက်တယ်။ အဲဒီမျိုးဥနဲ့ ကျားသုက်ပိုး တွေ့မှသာ ကိုယ်ဝန် ရှိနိုင်တယ်။ ဒါ့ကြောင့် ကလေးမရချင်ရင် လလည်ရက် မတိုင်ခင် ၅ ရက်နဲ့ နောက်ထပ် ၅ ရက် အတွင်း အတူမနေသင့်ဘူး။

လလည်ရက် တွက်တယ်ဆိုတာ ရာသီစဆင်းတဲ့နေ့ကနေ တွက်ရတယ်။ သွေးဆင်းတာက ၃-၄-၅ ရက်ကြာ တတ်တယ်။ နောက်ဆုံးရက် ဆိုတာ ပြောဘို့၊ မှတ်ဘို့က မတိကျတတ်ဘူး။ စွန်းယုံလေး စွန်းတော့တာကိုလား၊ (ဒိုင်ယာပါ) မသုံးရတဲ့နေ့ ခေါ်မလား။ ရာသီသွေး စဆင်းတဲ့နေ့ ဆိုတာ မှားစရာ မရှိဘူး။

ရက်ရှောင်ပြီး သားဆက်ခြားနည်းဟာ အကုန်အကျ အနည်းဆုံးဖြစ်တယ်။ Sexual act လိင်ဆက်ဆံမှုနဲ့ Orgasm ဆန္ဓပြည့်ဝမှုကို အနှောင့်အယှက် မဖြစ်စေသလို၊ ဘေးထွက် ဆိုးကျိုးလည်း မရှိပါ။ ဒါပေမဲ့ မတော်တဆ ကိုယ်ဝန် ရနိုင်နှုန်းက အမြင့်ဆုံး ဖြစ်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ်မပေးနိုင်ပါ။ Condom (ကွန်ဒွမ်) သုံးနည်းက အကောင်းဆုံး ဖြစ်တယ်။

The Institute for Reproductive Health သုတေသနအရ တိတိကျကျ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက လလယ်ရက် အတိအကျမှာ မျိုးဥ ထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံး ရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

Dr. တင့်ဆွေ
၁၇-၃-၂ဝ၁၁

No comments:

Post a Comment