Monday, September 3, 2012

NED အတွက် ဦးကျော်သူ၏ ပြည်ပခရီးထွက်ခွာ



National Endowment for Democracy (NED) ဖောင်ဒေးရှင်းသည် ၁၉၈၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီအရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အမေရိကန်ပြည်ထောင်စု အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

National Endowment for Democracy (NED) ဖောင်ဒေးရှင်းမှ ၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက် နေသူ (၅) ဦးအား ရွေးချယ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ပါဝင်ခဲ့သည်။ ထို့ကြောင့် ၂၉.၈.၂ဝ၁၂ ရက်နေ့ ည (၇း၄၅) နာရီ လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့သည်။ အမေရိကန်နိုင်ငံရှိ သုဿန်များအား လေ့လာရန်အတွက် ကြိုတင်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ.၉.၂ဝ၁၂ (ကြာသပတေး)နေ့တွင် အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် NED အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။

မထသအား ၀န်ဆောင်မှုအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ရှိ



မထသအား မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ (၂၆) အရ အမြတ်အစွန်းရရှိရေးအတွက် မဟုတ်သောဝန်ဆောင်မှုအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ရန်ကုန်တိုင်းဒေသကြီး)မှ သိရှိရသည်။

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(ရန်ကုန်တိုင်းဒေသကြီး)၏ ၂၀၁၂ ခုနှစ် သြဂုတ်လက တင်ပြခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။ 

ယင်းကုမ္ပဏီ အက်ဥပဒေ ၂၆ အရ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့များကို ဖောင်ဒေးရှင်းဟု ခေါ်ဆိုနိုင်ပြီး၊ ယင်းအဖွဲ့အစည်းသည် အစိုးရပိုင် အဖွဲ့မဟုတ်ကြောင်း တရားဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း သိရှိရပါသည်။ အဖွဲ့တွင် ပါဝင်စီမံအုပ်ချူပ်သော သူတို့ကို အသင်းဝင်များက မဲဆန္ဒ္ဒပေးအပ်ခန့်ထားသောကြောင့် ဒီမိုကရေစီနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်ကိုလည်း သိရှိရသည်။ ထိုသို့ ဖွဲ့စည်းသော်လည်း ယာဉ်များကို ယာဉ်ပိုင်ရှင်များကသာ ပိုင်ဆိုင်ကြပြီး ပိုင်ဆိုင်မှုအတွက်ရရှိသောအဖိုးအခများကို၎င်းတို့ကသာရရှိမည်ဖြစ်ပြီးအများက ရွေးချယ်တင်မြောက်ခြင်း ခံရသော အုပ်ချုပ်သူတို့အနေဖြင့် အုပ်ချူပ်ခ ၂ ရာခိုင်နှုန်းကိုသာ ရရှိမည်ဟု သိရှိရပါသည်။

''ကျွန်တော်တို့ လွန်ခဲ့တဲ့တစ်နှစ်လောက်က ဒီအသင်းအဖွဲ့အဖြစ် ပြောင်းလဲဖို့ လျှောက်ထားခဲ့တာပါ၊ အဓိက ဒီခရီးသွား လုပ်သားပြည်သူတွေ ဒီထက်ပိုပြီး အဆင်ပြေပြေသွား လာနိုင်အောင် ခေတ်စနစ်နဲ့အညီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အဆင့်မြင့်မားလာဖို့ ဆောင်ရွက် သွားမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထိန်းသိမ်းရေး ကော်မတီ(မထသ)မှ ဒုတိယဌာနမှူး ဦးဝင်းဇော်က ပြောကြားခဲ့ပါသည်။
 

အုပ်ချုပ်စီမံခန့်ခွဲရန် ရွေးချယ်ခြင်းခံရသော ပုဂ္ဂိုလ်တို့သည်အုပ်ချုပ်သည့် ကာလတွင် အဖွဲ့ကရရှိသော ၂ ရာခိုင်နှုန်းမှ ၎င်းတို့အတွက်လစာငွေ ခံစားခွင့်ရမည်ဟုလည်း သိရှိရသည်။ စီမံခန့်ခွဲမှုပြုရာမှ ပိုလျံသော အမြတ်ငွေများကိုကျန်းမာရေး၊ပညာရေး၊လူမှုရေး၊အနုပညာစသောကဏ္ဍများသို့  ထောက်ပံ့ခြင်း ပြုနိုင်သော် လည်း အသင်းသားများအနေဖြင့် ခွဲဝေရယူခြင်းများ ပြုလုပ်၍မရ ကြောင်းလည်း သိရှိရသည်။ 

ထို့ပြင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကိစ္စတို့ကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတွင် တရားဝင်ပြဋ္ဌန်းထားပြီးဖြစ်သော ကုမ္ပဏီများအက်ဥပဒေ ပုဒ်မ (၂၆) ဖြင့် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ယင်းစာတမ်းမှ သိရှိရပါသည်။ ထို့ပြင်ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၆ အရ ဖွဲ့စည်းထားသော အဖွဲ့အစည်းသည် အစိုးရပိုင် အဖွဲ့မဟုတ်ကြောင်းလည်း သိရှိရပါသည်။ ယင်းအဖွဲ့ ဖွဲ့စည်းရန်အတွက် ဖွဲ့စည်းခွင့်တင်ပြပြီး ဖြစ်သည်ဟုလည်း သိရှိရပါသည်။
REF: EMG

မန္တလေးမြို့တွင် ဒုတိယနေ့ ဆက်လက်ပြုလုပ်



နိုင်ငံတော်သမ္မတအား ထောက်ခံပြီး၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကင်တားနားအား ကန့်ကွက်သည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲအဖြစ် မန္တလေးမြို့တွင် ဒုတိယနေ့ ဆက်လက်ပြုလုပ်မည့် ချမ်းအေးသာစံမြို့နယ် ဆန္ဒပြပွဲသည် အာဏာပိုင်များက တားဆီးမှုများ ပြုလုပ်သော်လည်း ယခုစတင်၍ ဆန္ဒထုတ်ဖော်နေပြီဖြစ်ကြောင်း မန္တလေးမြို့ရှိ 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ယခင် ခွင့်ပြုခဲ့စဉ်က ဆန္ဒပြမည့်လမ်းကြောင်းအား ၇၉ လမ်း ၃၄ လမ်းထောင့်မှ မြောက်ဘက် ၂၇ လမ်းအထိ ဆန္ဒပြချီတက်ကြရန်ဖြစ်သော်လည်း ယနေ့တွင် ယင်း ၃၄ လမ်းထောင့်မှ လမ်း ၈၀ ဘက် တောင်ဘက်သို့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော်လျက် ရှိသည်။

ယခင် ခွင့်ပြုသည့် လမ်းကြောင်းမှာ လူသွားလူလာနည်းသည့် လမ်းကြောင်းဖြစ်ပြီး၊ ယခု ချီတက်ဆန္ဒထုတ်ဖော်လျက်ရှိသည့် လမ်းကြောင်းမှာ လူသွားလူလာများသည့် လမ်းကြောင်းဖြစ်ကြောင်း သတင်းရရှိသည်။
7Day News

မိုးသီးဇွန်နှင့် ပြည်တော်ပြန်များ သတင်းစာရှင်းလင်းပွဲ

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဆိုင်ရာ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ပြောင်းလဲ



နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအပေါ်စွပ်စွဲပြစ်တင်မှုများကိုဆက်လက်ဆောင်ရွက်ရန် ပြည်သူ့ လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးနန္ဒကျော်စွာကို ဥက္ကဌအဖြစ် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။ 

သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ စက်တင်ဘာလ ၁ရက်နေ့တွင် ပေးပို့လာသည့် သ၀ဏ်လွှာတွင် ပါဝင်သော အချက်ဖြစ်သည့် ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များသည် ခုံရုံးကို စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးထားသူများဖြစ်ခြင်း၊ ၄င်းအဆိုကို တင်သွင်းသူနှင့် ထောက်ခံသူများဖြစ်ခြင်းတို့ကြောင့် ကန့်ကွက်ကြောင်း အချက်တို့ကြောင့် ဥက္ကဌနေရာတွင် ဦးနန္ဒကျော်စွာအစား အမ်းမြို့နယ်မဲ ဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကို ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ၊ကျန်အဖွဲ့ဝင် များကို ပြောင်းလဲရန် မလိုကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကိုဆက်လက်ပြု လုပ်နေပြီ ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောကြားခဲ့သည်။

ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး ဦးအောင်သိန်းလင်း၏ အဆို

 စက်တင်ဘာလ ၃ ရက်နေ့(ယနေ့) ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏ 'တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍ လည်းကောင်း၊ ကုမ္ပဏီ အမည်ဖောက်၍ လည်းကောင်း၊ ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ သီးစားခ ရယူနေခြင်းများ ရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ် လုပ်ကိုင်နေသူများကို ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ချထားပေးသင့်ကြောင်း' အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သင့် မသင့်ကို ဆုံးဖြတ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦးက ''ယင်းအဆိုတွင် စားကျက်မြေများဟု ဆိုထားသော်လည်း ဆွေးနွေးရာတွင် လယ်ယာမြေများဟု ဆွေးနွေးခဲ့သဖြင့် လယ်ယာမြေဥပဒေကို ကျော်လွန် ဖောက်ဖျက်ရာရောက်ကြောင်း၊ စားကျက်မြေများနှင့်ပတ်သက်၍ ယခုခေတ်တွင် ကျွဲနွားများ ပိုနေသည်ဆိုသည်မှာ လုံးဝမှားယွင်းနေကြောင်း၊ ကျေးလက်နေပြည်သူများနှင့် ယင်းတို့နှင့် ထိတွေ့ဆက်ဆက်နေရသူများမှာ ထိုအကြောင်းကို ပိုမိုသိရှိပြီးဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတွင် စက်မှုလယ်ယာအဆင့်သို့ လုံးဝပြောင်းလဲနိုင်ခြင်း မရှိသေးပါကြောင်း၊ ကျွဲနွားများမှာ မိရိုးဖလာလုပ်ငန်းများအတွက် အဓိကဖြစ်ကြောင်း၊ ၄င်းတို့၏ အစားအစာအတွက် စားကျက်မြေများကို မည်သည့်ခေတ် မြေယာဥပဒေများတွင်မှ ထိပါးခြင်း၊ ဖျက်သိမ်းခြင်း မပြုခဲ့ကြောင်း၊ ထို့ကြောင့် ဦးအောင်သိန်းလင်း၏ အဆိုကို ကန့်ကွက်ပါကြောင်း၊ စားကျက်မြေနှင့် ပတ်သက်သည့် ဥပဒေများတွင် စားကျက်မြေများကိုဒီအတိုင်းထားရှိဖို့ကိုလည်း ဖော်ပြထားပါကြောင်း၊ တောင်သူလယ်သမားများအပါအ၀င်၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများက စားကျက်မြေများကို ဖျက်သိမ်း၍ အခြားမြေများအဖြစ် ဖန်တီးခြင်းငှာ မသင့်သည့်အတွက် အဆိုကို လက်ခံဆွေးနွေးရန် မသင့်ပါကြောင်း ကန့်ကွက်တင်ပြခဲ့သည်။

ထို့ကြောင့် အဆိုကို ဆွေးနွေးရန်မသင့်ကြောင်း ကန့်ကွက်သဖြင့် မတ်တပ်ရပ်စေခြင်းဖြင့် ဆန္ဒမဲခွဲဆုံးဖြတ်ခဲ့ရာ အစည်းအဝေးတက်ရောက်သူ ၁၈၃ ဦးရှိသည့်အနက် အစည်းအဝေး ခန်းမအတွင်းရှိသူ ၃၅၂ ဦးရှိပြီး ၁၇၇ ဦးက ထောက်ခံခဲ့သဖြင့် လိုအပ်သည့် သုံးပုံတစ်ပုံ ကျော်လွန်ခဲ့သဖြင့် ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ကန့်ကွက်ကသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သည်။''လိုအပ်တဲ့ သုံးပုံတစ်ပုံကျော်လွန်တဲ့အတွက် ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ယင်းအဆိုကို အတည်ပြုရန်အတွက် ဆွေးနွေးချက်များပေါ်တွင်သာ မူတည်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

မန္တလေးမြို့ ရခိုင်အရေးနဲ့ ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်းအမိန့်အား ပြန်လည်ပိတ်သိမ်း

မန္တလေးမြို့တွင် စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ တရားဝင်ဆန္ဒထုတ်ဖော် ခွင့်ပြုခဲ့သော်လည်း စက်တင်ဘာလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်သူအရေအတွက်များပြားမှုကြောင့်ဆန္ဒထုတ်ဖော်ခြင်းအမိန့်အား ပြန်လည် ပိတ်သိမ်းခံခဲ့ရကြောင်း သိရသည်။

''ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်တဲ့နေရာမှာ ခွင့်ပြုထားတဲ့လူဦးရေထက်ပိုလို့ သက်ဆိုင်ရာကနေ တားမြစ်ခဲ့တာပါ။ ခွင့်ပြုထားတဲ့လူဦးရေ ၁၀၀ ထက်ပိုလာတဲ့ သံဃာထုနဲ့လူထုကိုမပါဝင်ဖို့ ဆန္ဒထုတ်ဖော်ဖို့ ကျန်နေတဲ့ မြို့နယ် ၄ မြို့နယ်က တာဝန်ခံ ၄ ဦးကို ကနေ့မနက်(သန်းခေါင်)၁နာရီမှာ ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းကြတဲ့ အဆင်မပြေတဲ့အတွက် ဆန္ဒပြခွင့်ကို ပြန်လည်ရုတ်သိမ်းလိုက်တာပဲ။ ဆန္ဒထုတ်ဖော်တဲ့သူတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိဖို့ပဲ တာဝန်ယူနိုင်ပေးနိုင်တယ်။ သူတို့ကို မပါဝင်ကြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး''ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့ပါသည်။
၂.၉.၂၀၁၂ ရက်နေ့မန္တလေးမြို့တွင်ဆန္ဒထုတ်ဖော်နေသူများ
REF: EMG