Friday, September 14, 2012

ပို့ကုန်တွေကို ကန့်သတ် ပိတ်ပင်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတချို့ကို ဖြေလျော့ပေးဖို့ အမေရိကန် အစိုးရ ကြိုးပမ်း



ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် ကာလနဲ့ တိုက်ဆိုင်ပြီးမြန်မာနိုင်ငံက ပို့ကုန်တွေကို ကန့်သတ် ပိတ်ပင်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတချို့ကို ဖြေလျော့ပေးဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတယ်လို့ ဒီကနေ့ထုတ် Financial Times သတင်းစာကြီးက ရေးသားလိုက်ပါတယ်။
ဒီလို အရေးယူမှု လျှော့ချရေးကို သမ္မတ အိမ်ဖြူတော်၊ အမေရိကန်နိုင်ငံခြားရေးဌာန၊ အမေရိကန် လွှတ်တော်တွေက တာဝန်ရှိသူတွေဆွေးနွေးနေကြပြီး ဒီအထဲမှာ မြန်မာစစ်တပ် အပေါ် ထားရှိတဲ့ လက်ကျန် ပိတ်ဆို့အရေးယူမှု တချို့ကိုပါ လျော့ပေါ့ဖို့ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြုပ်နှံခွင့်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်က သမ္မတ လုပ်ပိုင်ခွင့်နဲ့ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါတယ်။

သွင်းကုန်ပိတ်ဆို့ထားတာ ကိုတော့ အမေရိကန် လွှတ်တော်ရဲ့ သဘောတူချက်ရဖို့လိုပြီး နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင် လွှတ်တော်က သဘောတူချက် ရဖို့ကတော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ သတင်းစာကရေးပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် အမေရိကန် ခရီးစဉ်နဲ့ တချိန်ထဲ ကျရောက်နိုင်တဲ့ သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ် အတွင်းမြန်မာပို့ကုန် ပိတ်ဆို့ထားမှုကို ဖြေလျှော့ပေးဖို့ ရှိကြောင်း အမေရိကန် အစိုးရက တရားဝင် ကြေညာနိုင်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်က ချီးမြင့်မယ့်ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့ ရှိပြီး ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂ ညီလာခံ ကျင်းပတဲ့ နယူးယောက်မြို့ကို လာရောက်မှာဖြစ်ပါတယ်။
 

ကလေးတွင် ဘင်္ဂါလီ ၁၀ ဦးနှင့် မြန်မာ တစ်ဦး တရားမဝင် ခိုးဝင်မှုဖြင့် ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နှင့် ၁၅ မိုင်ခန့် အကွာ နတ်ချောင်း အနီး အနောက်ပေါက်တော ကျေးရွှာ လေသာဆောင် ရေနံမော်တွင် တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး ၁၀ ဦးနှင့် မြန်မာလူမျိုးတစ်ဦးကို ယ နေ့ နံနက် ၁၁နာရီအချိန်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့က ဖမ်းဆီးခဲ့ပြီး ကလေးမြို့နယ် ရဲတပ်ဖွဲ့ စခန်းက လွဲပြောင်းလိုက် ပြီဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းက အတည်ပြု ပြောကြားသည်။

အဆိုပါ ဖမ်းဆီး ထားသူများကို စစ်ဆေးရာ ၄င်းတို့သည် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လာသူများ ဖြစ်သည်ဟု ဝန်ခံထားကြောင်း၊ ယခု ကလေးမြို့ပေါ်သို့ ယူဆောင်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါ ကျေးရွှာ အုပ်ချုပ် ရေးမှူး၏ ညီဖြစ်သူ ဦးမျိုးညွှန့်က ဆိုသည်။

အလားတူ ရခိုင်ပြည်နယ်တွင်လည်း ဘင်္ဂါလားဒေခ်ျ့ နယ်စပ်မှ ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုးများကို သုံးကြိမ် ဖမ်းဆီးမိပြီး လူဦးရေ နှစ်ရာခန့် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။

 

NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ခရီးစဉ် အသေးစိပ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၆ ရက်တွင် သွားရောက်မည့် အမေရိကန်နိုင်ငံ ခရီးစဉ်နှင့်  ပတ်သက်ပြီး ခရီးစဉ် အသေးစိပ်ကို ယနေ့ ရက်စွဲဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန် လိုက်ပါသည်။



၁၆.၉.၂၀၁၂ ရက်နေ့ အမေရိကန်နိုင်ငံသို့စတင်ထွက်ခွာမည်
၁၇.၉.၂၀၁၂ ရက်နေ့ ၀ါရှင်တန်ဒီစီသို့ရောက်ရှိမည်
၁၈.၉.၂၀၁၂ ရက်နေ့ Asia Society Global Vision Award လက်ခံရယူမည်
၁၉.၉.၂၀၁၂ ရက်နေ့ အမေရိကန်ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုပေးပွဲသို့တက်ရောက်မည်
၂၀.၉.၂၀၁၂ ရက်နေ့ ခွန်ထွန်းဦး၊ ဦးကျော်သူ၊ မင်းကိုနိုင်၊ ဒေါက်တာဝင်သီယာမောင်နှင့် ဦးအောင်ဒင် တို့အား NED မှချီးမြှင့်သည့်ဆုပေးပွဲသို့ တက်ရောက်မည်
၂၁.၉.၂၀၁၂ ရက်နေ့​ New York တွင်ကျင်းပမည့် Atlantic Council Global Citizen Award ဆုပေး ပွဲသို့တက်ရောက်မည်
၂၂.၉.၂၀၁၂ ရက်နေ့ အမေရိကန်ရောက် မြန်မာမိသားစုများနှင့် New York တွင်တွေ့ဆုံမည်
၂၃.၉.၂၀၁၂ ရက်နေ့ University of Lousiville သို့သွားရောက်မည်
၂၅.၉.၂၀၁၂ ရက်နေ့ Fort Wayne မြို့တွင်အမေရိကန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံမည်
 ၂၆.၉.၂၀၁၂ ရက်နေ့ ယေးတက္ကသိုလ်သို့ သွားရောက်မည်
၂၇.၉.၂၀၁၂ ရက်နေ့ ဟားဗတ်တက္ကသိုလ်သို့ သွားရောက်မည်
၂၈.၉.၂၀၁၂ ရက်နေ့ ဆန်ဖရန်စစ္စကိုမြို့ Freedom Forum သို့တက်ရောက်မည်
၂၉.၉.၂၀၁၂ ရက်နေ့ ဆန်ဖရန်စစ္စကိုရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံမည်
၂.၁၀.၂၀၁၂ ရက်နေ့ လော့အိန်ဂျလိ(စ်) ရှိ မြန်မာမိသားစုများနှင့်တွေ့ဆုံမည်
၃.၁၀.၂၀၁၂ ရက်နေ့ အမေရိကန်နိုင်ငံမှ ပြန်လည်ထွက်ခွါမည်
 

ငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် စစ်ပွဲများရပ်တန့်ရေး အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဆန္ဒထုတ်ဖော်ပွဲများ ကျင်ပသွားမည်



အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် စစ်ပွဲများရပ်တန့်ရေး အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဆန္ဒထုတ်ဖော်ပွဲများ ကျင်ပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

"ရန်ကုန်က လူနှစ်ရာ့ငါးဆယ်လောက်နဲ့ နေပြည်တော်ကို နေ့ချင်းပြန်သွားမယ်။ သမ္မတအိမ်တော်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွေမှာ လူထုဆန္ဒထုတ်ဖော်ပွဲလုပ်မယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေ တဲ့စစ်ပွဲတွေရပ်ဖို့ တောင်းဆိုမယ်" ဟုကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်အက်စတာက စက်တင်ဘာ ၁၄ ရက်တွင် မီဒီယာများအား ရှင်းလင်းပြော ကြားသည်။

အဆိုပါနေ့တွင် အင်းလျားကန်ပေါင်ရှိ တံတားဖြူတွင်လည်း မိုးပျံပူဖောင်းလွှတ်ခြင်း၊ စွန်လွှတ်ခြင်း၊ ဆူးလေစေတီတော်မှ တံတားဖြူအထိ လူဦးရေ ၃၀၀ ခန့်လမ်းလျှောက်ခြင်း၊ လှည်းတန်းမီးပွိုင့်တွင် "တစ်နိုင်ငံလုံးစစ်ပွဲရပ်" စာတန်းပါစတစ်ကာအား ကားများတွင် ကပ်ခြင်း၊ အဆိုပါစာတန်းကို အပြာ ရောင်အ၀တ်စပေါ်တွင် ရေးထိုးပြီး နဖူးစည်းအဖြစ် လည်းကောင်း၊ လက်ပတ်အဖြစ်လည်းကောင်း တပ်ဆင်ဝတ်ဆင်ခြင်း စသည့်လုပ်ဆောင်မှုများကို နေပြည်တော်အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ အနုပညာသမား များနှင့် လူမှုရေးအဖွဲ့အစည်းဝင်အားလုံး ပူးပေါင်းဆောင်ရွက် ရန်စီစဉ်နေကြောင်း လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသော အဖွဲ့အစည်း ၂၀ ခန့်မှ တာဝန်ရှိသူများ ကပြောသည်။
 7 Day News

Thursday, September 13, 2012

စက်တင်ဘာလ ၁၃ ရက် RFA ညပိုင်းအသံလွှင့်အစီအစဉ်

တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်း ကိုအာဏာပိုင်အဖွဲ့စည်းတွေ အဓမ္မ၀င်ရောက် ဖျက်ဆီး



တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်း ကိုဒီကနေ့ နေ့လည်ပိုင်းက မြို့နယ် သံဃမဟာနာယက အဖွဲ့အပါအ၀င် ရာနဲ့ချီတဲ့ အာဏာပိုင်အဖွဲ့စည်းတွေ အဓမ္မ၀င်ရောက် ဖျက်ဆီးခဲ့တဲ့ အတွက် မြို့ခံဒါယကာဒါယိကာမတွေ မကြေမနပ် ဖြစ်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

သံဃာ့ မဟာနာယကအဖွဲ့အနေနဲ့ ဒီကျောင်းတိုက်ဟာ တရားဝင် အသိအမှတ်ပြုထားတဲ့ ကျောင်းတိုက် မဟုတ်တာကြောင့် အခုလို လာရောက်ဖြိုဖျက် ပစ်ရတာဖြစ်ကြောင်း ဒေသခံတွေကို ပြောကြားခဲ့တယ် သိရှိရပါတယ်။

အခုဖြိုဖျက်ခံနေရတဲ့ ထင်းရူးမြိုင်ကျောင်းတိုက်ကိုပြောင်းရွှေ့ဖို့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက မြို့နယ် သံဃာ့မဟာနာယကအဖွဲ့ကနေနို့တစ်စာပေးပို့ထားခဲ့ပြီး၊ ထင်းရူးမြိုင်ကျောင်းတိုက်ဆရာတော် ကလည်း ၀ါတွင်းကာလအတွင်း သံဃာ ၂၂ ပါး ရှိတဲ့ ကျောင်းတိုက်ရွှေ့ပြောင်းဖို့ကိစ္စ အတွက် ညှာတာ ထောက်ထားပေးဖို့ ပြည်နယ်သံဃ မဟာနာယက အဖွဲ့နဲ့ သက်ဆိုင်ရာအာဏာပိုင်တွေထံ သြဂုတ် ၃၁ ရက်နေ့စွဲနဲ့ အသနားခံစာ ပေးပို့ ထားတယ်လို့ သိရပါတယ်။
RFA

ကလေးမြို့သမ္မတထောက်ခံဆန္ဒဖော်ထုတ်ပွဲ ဒေသခံပေါင်း တစ်သောင်းကျော်သမ္မတကြီး၏ ပြောကြားချက်ကို ထောက်ခံ



ကလေးမြို့သမ္မတထောက်ခံဆန္ဒဖော်ထုတ်ပွဲတွင် ဒေသခံပေါင်း တစ်သောင်းကျော်သည် ကလေးမြို့တွင်း လှည့်လည်ခဲ့ကြကြောင်း The Voice Weekly ကလေးမြို့နယ် သတင်းထောက်က သတင်းပေးပို့သည်။

နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုကာ အချို့မှာ သမ္မတကြီး၏ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ကာ ပြောကြားချက်ကို ထောက်ခံကြောင်းကို ပြောကြားနေကြကြောင်း ၄င်းက ဆိုသည်။

ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွ
က်၊ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် နံနက် ၁၁ မှ နေ့လယ် ၁၂ နာရီ အထိ စုဝေးခဲ့ပြီး စီတန်း လှည့်လည်မည့် အချိန်မှာ နေ့လယ် ၁၂ နာရီမှ ညနေ၃နာရီ အထိ ဖြစ်ကြောင်း လမ်းကြောင်းမှာ မင်္ဂလာ ဥယျာဉ် ကျောင်းလမ်း-ကလေးဝလမ်း(တောင်ဘက်သို့)-ပင်လုံ လမ်းမတော်- စံပြလမ်း- ဗိုလ်ချုပ်လမ်း- လမ်းဆုံပတ်၍ ကလေးဝလမ်း (မြောက်ဘက်သို့)- မင်္ဂလာ ဥယျာဉ် ကျောင်းရှေ့ တွင် ပြီးဆုံးမည် ဖြစ်ကြောင်း ထောက်ခံ ဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်သူ ၈၈ ကျောင်းသား သပိတ်ခေါင်းဆောင်ဟောင်း ဦးမိုက်ကယ်ဝင်းကျော်က ရှင်းပြသည်။


 The Voice Weekly