Sunday, September 16, 2012

(၈၈) မျိုးဆက် စစ်ပြေးဒုက္ခသည်များကို တွေ့ဆုံအားပေး



2012-09-16

ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့မှာတော့ တိုက်ပွဲတွေကြောင့် ဖားကန့်မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုသက်ဇော်နဲ့ ကိုမာကီးတို့ဟာ ဒုက္ခသည်တွေကို အားပေးစကားပြောပြီးတဲ့နောက် ဖားကန့်လူထုနဲ့လည်း တွေ့ဆုံဟောပြောခဲ့တယ်လို့ ဖားကန့် NLD ပါတီမှ ဦးလှဆိုင်းက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ နမ့်မဖြစ် IDP camp ကိုသွားနေတယ်အခု။ မော်စီဇာထဲလည်း ဝင်သေးတယ်။ မော်စီဇာပြီးတာနဲ့ နမ့်မဖြစ်ဆိုတာရောက်မယ်။ IDP camp မှာ IDP တွေကို အားပေးစကားပြောမဲ့ အစီအစဉ်ရှိပါတယ်။ ခုလောလောဆယ်က ပထမဦးဆုံး ကျွန်တော်တို့က လုံးခင်း ဘေလီတံတားအကျော် လမ်းဆုံ လမ်းခွမှာ ကိုမင်းကိုနိုင်ကနေပြီးတော့ လူထုကို အာေးပးစကားပြောတယ်"

ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ မနက်ဖြန်မှာတော့ ဖားကန့်မြို့ကနေ မိုးကောင်းမြို့ကို ဆက်လက် ထွက်ခွာမှာဖြစ်ပြီး စက်တင်ဘာလ (၁၈) ရက်နေ့ မိုးကောင်းမြို့က ပစ္ဆိမာရုံကျောင်းတိုက်မှာ မိုးကောင်းဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံပြီး မြစ်ကြီးနားကို ပြန်မယ်လို့ သိရပါတယ်။

မနေ့တုန်းကတော့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေရဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့ကြပါတယ်။

By June Naing
REF: မြန်မာ့သတင်းများစုစည်းရာ

Friday, September 14, 2012

တရားမဝင် မြန်မာလုပ်သားများကို မလေး အစိုးရမှ မှတ်ပုံတင် ထုတ်ပေးမည်ဟုဆို



ရန်ကုန် စက်တင်လာ ၁၄

မလေးရှား အစိုးရ အနေဖြင့် ၄င်းတို့ နိင်ငံတွင်း ရောက်ရှိနေသော တရားမဝင် မြန်မာနိင်ငံမှ ရွှေ့ပြောင်း လုပ်သားများကို အောက်တိုဘာလ ၁ရက်နေ့မှ စ၍ တရားဝင် မှတ်ပုံတင် ပေးသွားမည်ဖြစ်ကြောင်း မလေးရှား ကွာလမ်ပူလမ်မှ မြန်မာ အလုပ်သမား တစ်ဦးက ပြောကြားသည်။

မလေးနိင်ငံ လူဝင်မှု ကြီးကြပ်ဌာန အနေဖြင့် တရားမဝင် လုပ်သား ပပျောက်ရေး အတွက် တစ်နှစ်သက်တမ်းရှိ တရားဝင် အလုပ်လုပ်ခွင့် ပါမစ်များ ထုတ်ပေးမည် ဖြစ်ကြောင် ၄င်းက ဆက်လက် ရှင်းပြသည်။

မြန်မာနိင်ငံသားများ အနက် ဇူလိုင်လအထိ တရားဝင် နေထိုင်သူမှာ ၁၄၄၀၉၈ဦး တရားမဝင် နေထိုင်သူ ၁၁၃၄၈၅ ဦးရှိကြောင်း ကောင်စစ်ဝန် ဦးကျော်ဇေယျက ပြောကြားသည်။ မလေးရှားနိင်ငံတွင် ရွှေ့ပြောင်း လုပ်သားများ အနက် အင်ဒိုနီးရှား နိင်ငံသားများသည် တစ်သန်းကျော်နှင့် အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံး အနေဖြင့် ငါးသိန်းကျော် ရှိသည့် ဘင်္ဂလားဒေရှ့် နိင်ငံသားများ ဖြစ်ကာ တတိယ အများဆုံးမှာ မြန်မာနိင်ငံသား ဖြစ်ကြောင်း မလေးရှား မြန်မာသံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ အနေဖြင့် ယာယီ နိုင်ငံကူး လက်မှတ် ရယူရာတွင် မြန်မာသံရုံးမှ ထောက်ခံစာ ပါရှိမှသာ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံကူး လက်မှတ် ယာယီ ထုတ်ပေးရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Ref:The Voice

သာပေါင်းမြို့နယ် ကျေးရွာအချို့ရှိ ကလေးငယ် ၁၀၀ ကျော်ခန့်တွင် တုတ်ကွေးဟု ယူဆရသော ဖျားနာခြင်းများ ဖြစ်ပေါ်နေ

ဧရာဝတီတိုင်း ဒေသကြီးသာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့၌သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော    ရေကြီးရေ လျံမှု နောက်ဆက်တွဲ ပြဿနာအဖြစ် ကလေးငယ် ၁၀၀ ကျော်ခန့်တွင် တုတ်ကွေးဟု ယူဆရသော ဖျားနာခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
အဆိုပါ ဖျားနာခြင်းများမှာ စက်တင်ဘာလ ၇ ရက်နေ့က စတင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဖျားနာသူအရေအတွက် တိုးပွားလာလျက် ရှိနေကြောင်း သိရပါသည်။ ကလေးငယ်များ ဖျားနာခြင်း အများဆုံး ဖြစ်ပေါ်နေသည့် ရွာများမှာ ထန်းကျိုကုန်းနှင့် ထန်းဇင်လှရွာ များတွင် ဖြစ်ကြောင်း ဒေသခံများကEleven Media Group သို့ ပြောပါသည်။

"လသားအရွယ် ကလေးတွေကနေ ၁၄ နှစ်အရွယ် ကလေးတွေမှာ အများဆုံး ဖြစ်ပွားနေတာပါ။ သက်ကြီးရွယ်အို တစ်ချို့လည်း ပါပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကတော့ အင်းကလေးရွာမှာ
ဖြစ်ပါတယ်။ ကျောင်းတွေတောင် ပိတ်လိုက်ရပါတယ်။ အခုတော့ ကျောင်း ပြန်ဖွင့်ထားပါပြီ။ အခု ထန်းကျိုကုန်း ထန်းဇင်လှမှာတော့ ကလေး ၁၀၀ ကျော် ဖြစ်နေပါတယ်။ တုတ်ကွေးလို လက္ခဏာ မျိုးပါပဲ။ ကိုက်ခဲတယ်။ ဖျားတယ်။ အစာမ၀င်ဘူး။ အဲလိုတွေ ဖြစ်နေတာပါ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ဖျားနာမှုဖြစ်ပွားနေသော ဒေသများတွင် ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။

"ဖြစ်နေတဲ့ နေရာတွေမှာ သူနာပြု ဆရာမ လောက်ပဲ ရှိပါတယ်။ ဆေးဝယ်ဖို့ကျတော့လည်း မတတ်နိုင်ကြပါဘူး။ ဆေးဝါး အခက်အခဲလည်း ရှိနေပါတယ်"ဟု ဒေသခံက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် သြဂုတ်လအတွင်းက ပုသိမ်၊သာပေါင်း၊ ကျောင်းကုန်း၊ ကန်ကြီးဒေါင့်၊ ကျုံပျော်၊ ရေကြည်၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များတွင် မိုးများပြီး မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ၊ စပါးစိုက်ကွင်းများ ရေကြီးနစ်မြုပ်ခဲ့ရသည်။

လက်ရှိတွင်ယင်းဒေသများ၌ ရေပြန်ကျသွားပြီ ဖြစ်သော်လည်းကျေးရွာများတွင် နောက်ဆက်တွဲ ပြဿနာ များအဖြစ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဆေးဝါးနှင့်ရိက္ခာဆိုင်ရာ အခက်အခဲများ အပြင် ရေနစ်မြုပ်တောင်သူများအတွက် မျိုးစပါးများ လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။

Eleven Media Group

 

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) ဖွဲ့စည်းမည်

ပြန်ကြားရေး ၀န်ကြီးဌာနက ဦးဆောင် ပြုလုပ်မယ့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး ယခင်က တင်းကျပ်တဲ့ မူဝါဒတွေကို လျှော့ပေါ့ပြီး မူဝါဒအသစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းဖို့ မျှော်လင့်ရတယ်လို့ ရန်ကုန်မြို့ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ ရုံးခန်းမှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အယ်ဒီတာ ကိုဇော်သက်ထွေးက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)ကိုလာမယ့်၁၇ရက်နေ့မှာချက်ထရီယမ် ဟော်တယ်မှာ  ပြုလုပ်မယ့် အခမ်းအနားမှာ ဖွဲ့စည်း မှာဖြစ်ပြီးပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည် တက်ရောက်မယ် လို့လည်း သိရပါတယ်။

ပေါ်ပေါက်လာမယ့် ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ မီဒီယာဥပဒေ မထွက်ပေါ်ခင် ကာလအတွင်း မီဒီယာလာကရဲ့ ပဋိပက္ခတွေကို ကိုယ်တွယ် ဖြေရှင်းသွားမှာဖြစ်ပြီး၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး၊ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ စာရေးဆရာမောင်ဝံသ၊ အငြိမ်းစား တရားရုံးချူပ် တရားသူကြီးဦးခင်မောင်အေး၊ အယ်ဒီတာကိုဇော်သက်ထွေး အပါအ၀င် လူပုဂ္ဂိုလ် (၃၀) ကိုလည်း ယာယီကောင်စီမှာပါဝင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက လျာထားတယ်လို့ သိရပါတယ်။

ယခုဖွဲ့စည်းမယ့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)ဟာ ပြန်ကြားရေးဌာနအတွင်း ၀န်ကြီး အပြောင်းအလဲ ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ ပထမဆုံးဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်လာမှာ ဖြစ်ပါတယ်။
 

လူမှုဖူလုံရေးဥပဒေ (၂၀၁၂)

လူမှုဖူလုံရေးဥပဒေ (၂၀၁၂)

ပို့ကုန်တွေကို ကန့်သတ် ပိတ်ပင်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတချို့ကို ဖြေလျော့ပေးဖို့ အမေရိကန် အစိုးရ ကြိုးပမ်း



ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ် ကာလနဲ့ တိုက်ဆိုင်ပြီးမြန်မာနိုင်ငံက ပို့ကုန်တွေကို ကန့်သတ် ပိတ်ပင်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတချို့ကို ဖြေလျော့ပေးဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတယ်လို့ ဒီကနေ့ထုတ် Financial Times သတင်းစာကြီးက ရေးသားလိုက်ပါတယ်။
ဒီလို အရေးယူမှု လျှော့ချရေးကို သမ္မတ အိမ်ဖြူတော်၊ အမေရိကန်နိုင်ငံခြားရေးဌာန၊ အမေရိကန် လွှတ်တော်တွေက တာဝန်ရှိသူတွေဆွေးနွေးနေကြပြီး ဒီအထဲမှာ မြန်မာစစ်တပ် အပေါ် ထားရှိတဲ့ လက်ကျန် ပိတ်ဆို့အရေးယူမှု တချို့ကိုပါ လျော့ပေါ့ဖို့ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြုပ်နှံခွင့်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်က သမ္မတ လုပ်ပိုင်ခွင့်နဲ့ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါတယ်။

သွင်းကုန်ပိတ်ဆို့ထားတာ ကိုတော့ အမေရိကန် လွှတ်တော်ရဲ့ သဘောတူချက်ရဖို့လိုပြီး နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင် လွှတ်တော်က သဘောတူချက် ရဖို့ကတော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ သတင်းစာကရေးပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် အမေရိကန် ခရီးစဉ်နဲ့ တချိန်ထဲ ကျရောက်နိုင်တဲ့ သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ် အတွင်းမြန်မာပို့ကုန် ပိတ်ဆို့ထားမှုကို ဖြေလျှော့ပေးဖို့ ရှိကြောင်း အမေရိကန် အစိုးရက တရားဝင် ကြေညာနိုင်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်က ချီးမြင့်မယ့်ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့ ရှိပြီး ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂ ညီလာခံ ကျင်းပတဲ့ နယူးယောက်မြို့ကို လာရောက်မှာဖြစ်ပါတယ်။
 

ကလေးတွင် ဘင်္ဂါလီ ၁၀ ဦးနှင့် မြန်မာ တစ်ဦး တရားမဝင် ခိုးဝင်မှုဖြင့် ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နှင့် ၁၅ မိုင်ခန့် အကွာ နတ်ချောင်း အနီး အနောက်ပေါက်တော ကျေးရွှာ လေသာဆောင် ရေနံမော်တွင် တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး ၁၀ ဦးနှင့် မြန်မာလူမျိုးတစ်ဦးကို ယ နေ့ နံနက် ၁၁နာရီအချိန်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့က ဖမ်းဆီးခဲ့ပြီး ကလေးမြို့နယ် ရဲတပ်ဖွဲ့ စခန်းက လွဲပြောင်းလိုက် ပြီဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းက အတည်ပြု ပြောကြားသည်။

အဆိုပါ ဖမ်းဆီး ထားသူများကို စစ်ဆေးရာ ၄င်းတို့သည် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လာသူများ ဖြစ်သည်ဟု ဝန်ခံထားကြောင်း၊ ယခု ကလေးမြို့ပေါ်သို့ ယူဆောင်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါ ကျေးရွှာ အုပ်ချုပ် ရေးမှူး၏ ညီဖြစ်သူ ဦးမျိုးညွှန့်က ဆိုသည်။

အလားတူ ရခိုင်ပြည်နယ်တွင်လည်း ဘင်္ဂါလားဒေခ်ျ့ နယ်စပ်မှ ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုးများကို သုံးကြိမ် ဖမ်းဆီးမိပြီး လူဦးရေ နှစ်ရာခန့် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။

 

NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ခရီးစဉ် အသေးစိပ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၆ ရက်တွင် သွားရောက်မည့် အမေရိကန်နိုင်ငံ ခရီးစဉ်နှင့်  ပတ်သက်ပြီး ခရီးစဉ် အသေးစိပ်ကို ယနေ့ ရက်စွဲဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန် လိုက်ပါသည်။



၁၆.၉.၂၀၁၂ ရက်နေ့ အမေရိကန်နိုင်ငံသို့စတင်ထွက်ခွာမည်
၁၇.၉.၂၀၁၂ ရက်နေ့ ၀ါရှင်တန်ဒီစီသို့ရောက်ရှိမည်
၁၈.၉.၂၀၁၂ ရက်နေ့ Asia Society Global Vision Award လက်ခံရယူမည်
၁၉.၉.၂၀၁၂ ရက်နေ့ အမေရိကန်ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုပေးပွဲသို့တက်ရောက်မည်
၂၀.၉.၂၀၁၂ ရက်နေ့ ခွန်ထွန်းဦး၊ ဦးကျော်သူ၊ မင်းကိုနိုင်၊ ဒေါက်တာဝင်သီယာမောင်နှင့် ဦးအောင်ဒင် တို့အား NED မှချီးမြှင့်သည့်ဆုပေးပွဲသို့ တက်ရောက်မည်
၂၁.၉.၂၀၁၂ ရက်နေ့​ New York တွင်ကျင်းပမည့် Atlantic Council Global Citizen Award ဆုပေး ပွဲသို့တက်ရောက်မည်
၂၂.၉.၂၀၁၂ ရက်နေ့ အမေရိကန်ရောက် မြန်မာမိသားစုများနှင့် New York တွင်တွေ့ဆုံမည်
၂၃.၉.၂၀၁၂ ရက်နေ့ University of Lousiville သို့သွားရောက်မည်
၂၅.၉.၂၀၁၂ ရက်နေ့ Fort Wayne မြို့တွင်အမေရိကန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံမည်
 ၂၆.၉.၂၀၁၂ ရက်နေ့ ယေးတက္ကသိုလ်သို့ သွားရောက်မည်
၂၇.၉.၂၀၁၂ ရက်နေ့ ဟားဗတ်တက္ကသိုလ်သို့ သွားရောက်မည်
၂၈.၉.၂၀၁၂ ရက်နေ့ ဆန်ဖရန်စစ္စကိုမြို့ Freedom Forum သို့တက်ရောက်မည်
၂၉.၉.၂၀၁၂ ရက်နေ့ ဆန်ဖရန်စစ္စကိုရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံမည်
၂.၁၀.၂၀၁၂ ရက်နေ့ လော့အိန်ဂျလိ(စ်) ရှိ မြန်မာမိသားစုများနှင့်တွေ့ဆုံမည်
၃.၁၀.၂၀၁၂ ရက်နေ့ အမေရိကန်နိုင်ငံမှ ပြန်လည်ထွက်ခွါမည်