Monday, August 13, 2012

ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာ နေထိုင်သူများ နေစရာ အစားပြန်ပေးဖို့ဆန္ဒပြတောင်းဆို



ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာ နေထိုင်နေတဲ့ ကျူးကျော်အိမ်(၉၀)ကျော်ကို
အာဏာပိုင်တွေက သြဂုတ်လ(၁၅)ရက်နေ့ နောက်ဆုံးဖယ်ရှားခိုင်းတဲ့အတွက် တခြားနေရာ တခုမှာ နေစရာ အစားပြန်ပေးဖို့ နေထိုင်သူတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။

အခုလို ဆန္ဒပြဖို့ မြို့နယ်ရဲစခန်းမှာ သြဂုတ်လ(၈)ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပြီး၊ တရားဝင် ခွင့်ပြုချက် မနေ့က ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဆန္ဒပြရာမှာ မနက်(၁၀)နာရီကနေ နေ့လည် (၁၂)အထိ ရွှေပြည်သာမြို့နယ် ဦးဘိုးလှိုင်လမ်းကနေ ရွှေပြည်သာစက်မှုဇုံ စီမံခန့်ခွဲရေးရုံးအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ အာဏာပိုင်တွေက တစုံတရာ တားဆီးနှောက်ယှက်တာ မရှိပေမယ့် မှတ်တမ်းဓာတ်ပုံရိုက်ယူတာ၊ အနီးကပ်စောင့်ကြည့်တာတွေရှိခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာရှိတဲ့ ကျူးကျော်အိမ်အများစုဟာ အဲဒိနေရာမှာ နေထိုင်လာတာ ၅နှစ်ကနေ ၁၀နှစ်အထိ ရှိနေပြီလို့ သိရပါတယ်။ နေထိုင်ဖို့အတွက် ရပ်ကွက်အာဏာပိုင် တွေကို ငွေကျပ် (၂) သောင်းခွဲလောက်အထိ ပေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

အဲဒီအတောအတွင်း အင်းစိန်မြို့နယ် ခ၀ဲခြံရပ်ကွက် စက်မှု(၁)၀င်းထဲမှာရှိတဲဆိုင်ခန်း (၂၀)ကျော်ကိုလည်း အခုသီတင်းနှစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတဲ့အတွက် မပြောင်းရွှေ့လိုတဲ့ ဆိုင်ခန်းရှင်တွေက သမ္မတရုံးကို လက်မှတ်ရေးထိုးတင်ပြထားသလို၊ (၈၈) မျိုးဆက်ကျောင်းသားတွေကိုလည်း အကူအညီတောင်းခံထားတယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက်မသူဇာ ပေးပို့တာပါ။

No comments:

Post a Comment