Thursday, July 21, 2016

အလုပ်ရှာသူများ အဆင်ပြေရေး အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးနိုင်ရန် ဝန်ကြီးဌာနစီစဉ်



July 21, 2016
 


အလုပ်ရှာသူများ အဆင်ပြေစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုရှိ ခရိုင်/မြို့နယ်များတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံး (LEO) ၇၈ ရုံးဖွင့်လှစ်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး အလုပ်အကိုင်ပြပွဲများပြုလုပ်ခြင်း၊ သွားလာရခက်ခဲ၍ ရုံးဖွင့်လှစ်နိုင်ခြင်းမရှိသောဒေသများသို့ Mobile Team ဖြင့် ကွင်းဆင်း၍ အလုပ်ရှာ ဖွေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုပ်ရှာဖွေသူများ သင့်တော် ကောင်းမွန်သော အလုပ်ရရှိရေး နှင့် အလုပ်ရှင်များ သင့်တော်သော အလုပ်သမားများရရှိနိုင်ရန် ရည် ရွယ်၍ ထိုသို့ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထိရောက်သော အလုပ်အကိုင် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် Labour Exchange Management System တစ်ရပ် ထူထောင်ကာ အွန်လိုင်းမှတစ်ဆင့်ဆောင်ရွက်နိုင်ရန်လုပ်ဆောင်လျက်ရှိကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။ ဝန်ကြီးဌာန၏ LEO ရုံးများသည် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ နှစ်ခုစလုံးအတွက် အလုပ်ရှာဖွေ ပေးနေခြင်းဖြစ်ပြီး ဇွန်လအတွင်း အစိုးရအလုပ်အကိုင် ၉၈၈ ခု၊ ပုဂ္ဂလိကအလုပ်အကိုင် ၁၆၉၁၃ ခု ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။ အလုပ်ရရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး စုစုပေါင်း အလုပ်အကိုင် ၁၂၁၈၅ ခု ရှိခဲ့ကြောင်းသိရသည်။

No comments:

Post a Comment