Monday, August 22, 2016

ခုံသမာဓိကောင်စီတွင်ပါဝင်သည့် အလုပ်သမားကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်ပေးရန် မန္တလေး၌ ဆန္ဒပြတောင်းဆို



ခုံသမာဓိကောင်စီမှ အလုပ်သမား ကိုယ်စားလှယ်များအား ပယ်ဖျက်ပေးရေးအတွက် မန္တလေးမြို့၌ အလုပ်သမားများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ-ဌေးလှအောင် Eleven Media Group)
August 22, 2016
 ပြည်ထောင်စုအဆင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီ၏ အလုပ်သမားကိုယ်စားလှယ်များ ပြန်လည်ရွေးချယ်ပေးရန် မန္တ လေးမြို့တွင် သြဂုတ် ၂၁ ရက် နံနက်က အထက်မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများမှ အလုပ် သမား ၁၀၀ ခန့်က ဆန္ဒပြတောင်း ဆိုခဲ့သည်။
ဆန္ဒဖော်ထုတ်သူများသည် နံနက် ၉ နာရီခန့်မှ ၁၀ နာရီအထိ မန္တလေးမြို့ စက်မှုဇုန် စက်မှုပန်း ခြံလမ်းတစ်လျှောက်၌   လမ်း လျှောက်    ဆန္ဒဖော်ထုတ်ခဲ့ပြီး ‘အလုပ်သမား   ကိုယ်စားလှယ် ပြန်လည်ရွေးချယ်ပေးရေး’၊ ‘အလုပ်သမားသမဂ္ဂအားလုံး ဖိတ်ကြားရေး’၊ ‘လွတ်လပ်သော ရွေး ချယ်ပွဲကော်မရှင် ဖွဲ့စည်းရေး’၊ ‘အလုပ်သမား ဝန်ကြီးဌာနက လက်သိပ်ထိုး ရွေးချယ်ထားသော ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ပယ်ဖျက်ပေးရေး’ စသည့် တောင်းဆိုချက်များ ကြွေး ကြော်ခဲ့သည်။

နိုင်ငံတစ်ဝန်းလုံးရှိ အလုပ် သမားအဖွဲ့အစည်းများ မဲပေးရွေး ချယ်ခွင့်ရှိသည့် အလုပ်သမားရေး ရာ အငြင်းပွားမှု ဖြေရှင်းရေး ခုံ သမာဓိကောင်စီဝင် အလုပ်သမားကိုယ်စားလှယ်ငါးဦး ရွေးချယ်ခြင်းကို ဇူလိုင် ၁၂ ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန်၌ ကျင်းပခဲ့သည်။ ထိုသို့ ရွေးချယ်ရာတွင် အလုပ်သမားအဖွဲ့ အစည်းများကို အလုပ်သမားဦးစီး ဌာနက တရားဝင်အကြောင်းကြား စာ မပေးပို့ခဲ့ခြင်းကြောင့် မန္တလေး မြို့မှ    အလုပ်သမားများက အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနကို ဆန္ဒဖော်ထုတ်ကန့်ကွက် မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

‘‘တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြည်ထောင်စုအဆင့် ခုံသမာဓိ အလုပ်သမားကိုယ်စားလှယ်ပွဲ လုပ်သွားတာကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ သက်ဆိုင်ရာအလုပ်သမား ကိုယ်စားလှယ်တွေကို တရားဝင် အကြောင်းကြားစာ ပေးပို့တောင်း ဆိုခြင်းမရှိဘဲ တီဗီကနေပဲ စာတန်းလေးထိုး ကြေညာပြီး အလုပ်သမားဝန်ကြီးဌာနနဲ့ ပနံသင့် (အဆင်ပြေ)တဲ့ သမဂ္ဂတွေထဲက လက်သိပ်ထိုး ရွေးချယ်သွားတာ ကို မကျေနပ်တဲ့အတွက် အခုလို ကန့်ကွက်ဆန္ဒပြရတာပါ’’ဟု အလုပ်သမားသမဂ္ဂများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အ ထက်မြန်မာပြည်တာဝန်ခံ ဦးစော လှအောင်က ပြောသည်။
ဆန္ဒဖော်ထုတ်ရသည့် အဓိ ကရည်ရွယ်ချက်မှာ ပြည်ထောင် စု အလုပ်သမားရေးရာ အငြင်း ပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ် များ ပြန်လည်ရွေးချယ်ပေးရန်ဖြစ် ပြီး ပြန်လည်ရွေးချယ်ပေးခြင်းမရှိ ပါက အလုပ်သမားများအနေဖြင့် ဆက်လက် ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း ဦးဆောင်သူ ဦးစော လှအောင်က ပြောသည်။

မန္တလေးမြို့ စက်မှုဇုန်တွင် တစ်နာရီခန့်ကြာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ရာတွင် အထက် မြန်မာနိုင်ငံ မြို့နယ်များရှိအလုပ် သမားသမဂ္ဂ ၁၂ ဖွဲ့မှ အလုပ် သမားများ ပါဝင်ခဲ့ကြသည်။
ပြည်ထောင်စုအလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီဝင် ကိုယ်စား လှယ် ၁၅ ဦးကို အလုပ်ရှင်များ ဘက်မှ ငါးဦး၊ အလုပ်သမားများ ဘက်မှ ငါးဦး၊ ဝန်ကြီးဌာနမှငါးဦး ရွေးချယ်ရခြင်းဖြစ်သည်။

No comments:

Post a Comment