Monday, July 31, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၇)

ရက်စွဲ - (၃၀-၇-၂၀၁၇)၊ (၁၄:၀၀) နာရီ
     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 နှင့်ပတ်သက်၍ (၁) အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ (၂) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (၃) ကာကွယ်ထိန်းချုပ်ခြင်းနှင့် (၄) ကုသမှုပေးခြင်းနှင့် (၅) ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ (၂၉-၇-၂၀၁၇) ရက်နေ့၊ (၁၄:၀၀) နာရီမှ (၃၀-၇-၂၀၁၇) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၄၄) ဦးအား ထပ်မံ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009 အတည်ပြု လူနာ (၁၀) ဦးတွေ့ရှိခဲ့ပါသည်။
     ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ (၁၅-၇-၂၀၁၇) ရက်နေ့တွင် စတင်တက်ရောက်သော လူနာ (၁) ဦး၊ (၂၈-၇-၂၀၁၇) ရက်နေ့တွင် တက်ရောက်သောလူနာ (၁)ဦး နှင့် (၂၈-၇-၂၀၁၇) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ မြောက်ဥက္ကလာပမြို့နယ်ရှိ အထူးကုဆေးရုံ (ဝေဘာဂီ)သို့ လွှဲပြောင်းကုသမှုပေးခဲ့သော လူနာ (၁) ဦးတို့သည် (၃၀-၇-၂၀၁၇) ရက်နေ့တွင် သေဆုံးခဲ့ကြပါသည်။
    (၂၁-၇-၂၀၁၇) ရက်နေ့မှ (၃၀-၇-၂၀၁၇) ရက်နေ့၊ (၁၄:၀၀) နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိသော ရောဂါဖြစ်ပွားမှုအချက်အလက်များအရ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ (၁၈၂) ဦးရှိခဲ့ပြီး ၎င်းတို့အနက် Seasonal Influenza A (H1N1) pdm 2009 Positive လူနာ စုစုပေါင်း (၅၁) ဦး၊ သေဆုံးသူ (၁၀) ဦးရှိသောကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ လူနာများ၏သေဆုံးမှုနှုန်းမှာ (၅.၄၉) ရာခိုင်နှုန်းရှိနေပါသည်။ သေဆုံးမှုနှုန်းမှာ တန်းလျက်ရှိနေပါသည်။
      ယနေ့(၃၀-၇-၂၀၁၇) ရက်နေ့ (၁၄:၀၀)နာရီအထိ ရရှိသော စာရင်းဇယားများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ (၅)ဦး၊ အထူးကုဆေးရုံ (ဝေဘာဂီ) ၌ (၃)ဦး နှင့် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်၌ (၁)ဦး Seasonal Influenza A(H1N1) pdm 2009 အတည်ပြု အတွင်းလူနာအဖြစ် တက်ရောက်လျက်ရှိပါသည်။
     ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ကချင်၊ ချင်း အစရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များ၌လည်း ဝန်ကြီးချုပ်များ၊ လူမှုရေးဝန်ကြီးများ ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများပါဝင်ကာ ရာသီတုပ်ကွေးရောဂါဆိုင်ရာ ကျန်းမာရေးပညာပေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်ကို အားရဖွယ်တွေ့ရှိနေရပါသည်။ ထို့အပြင် မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် အထွေထွေရောဂါကု ဆရာဝန်ကြီးများ ပါဝင်၍လည်းကောင်း၊ ပညာရေးဝန်ထမ်းများကလည်း ကျောင်းများတွင် ကျောင်းသားများအားလည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များမှလည်း ပြည်သူလူထုအားလည်းကောင်း ရာသီတုပ်ကွေးရောဂါဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်းများ ဆက်လက် လုပ်ဆောင်လျက် ရှိကြပါသည်။
     ယနေ့ (၃၀-၇-၂၀၁၇)ရက်နေ့တွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှုးချုပ်များ၊ ပါမောက္ခချုပ်များ၊ အထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေး ပညာရှင်ကြီးများနှင့် ဆေးရုံအုပ်ကြီးများပါဝင်၍ အသေးစိတ်ညှိနှိုင်းဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါသည်။
     တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အသီးသီး၌ လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှိုးဆော်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိရာ အထူးသဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် လူနာစောင့်ဆိုင်းရန် နေရာများနှင့် လူဝင်လူထွက်များသော နေရာများ၊ ကားမှတ်တိုင်များ၊ စျေး၊ အစိုးရရုံး၊ စာသင်ကျောင်း စသည့် လူအများစုဝေးရာနေရာများတွင် ဖြန့်ဝေလျက်ရှိပါသည်။ ယခုအချိန်အထိရရှိသော စာရင်းဇယားများအရ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ စုစုပေါင်း (၄၃၀) ကြိမ်ခန့်၊ လူဦးရေ (၂၂၀,၀၀၀) ခန့်အား ရာသီတုပ်ကွေးရောဂါဆိုင်ရာ ကျန်းမာရေးပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဤပညာပေးခဲ့သော လူဦးရေများမှလည်း ဆက်လက်ပြီး မိမိ၏မိသားစုနှင့် မိတ်ဆွေများအား ဆင့်ပွား ပညာပေးကြလိမ့်မည် ဖြစ်ပါသည်။
      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှလည်း တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများ၌ ရာသီတုပ်ကွေးရောဂါ သံသယဖြင့် ၂၀၁၇ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ ယနေ့အထိ ဆေးရုံတက်ရောက်သူများ စာရင်း အတိအကျကို စုဆောင်းလျက်ရှိပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှု ရှုထောင့်မှ သုံးသပ်လျက်ရှိကာ ယခုဖြစ်ပေါ်လျက်ရှိသော ရာသီတုပ်ကွေးရောဂါ၏ ဖြစ်ပွားမှု အတိမ်အနက်နှင့် ရှေ့အလားအလာကို ခန့်မှန်း၍ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။
     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များကို အရေးတယူလိုက်နာ ဆောင်ရွက်သွားပါက ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ဖြစ်ပွားမှု လျော့နည်းကျဆင်း သွားမည်ဖြစ်ပါသည်။ ရာသီတုပ်ကွေးဆန်သော လက္ခဏာများ၊ ပြင်းထန်ရာသီတုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားသည်ဟုထင်မှတ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ဆေးကုသမှုခံယူပါက အသက်အန္တရာယ် ဆုံးရှုံးရမှုများမှ ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကာကွယ်တားဆီးရေးနည်းလမ်းများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ၊ Myanmar CDC facebook စာမျက်နှာနှင့် နေ့စဉ်ထုတ် သတင်းစာများအပြင် ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ ဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment