Wednesday, July 27, 2016

မလေးရှားတွင် အသတ်ခံရသည့် မြန်မာသုံးဦးနှင့် ပတ်သက်၍ ထိန်းသိမ်းထားသည့် မြန်မာ ၁၅ ဦး ပြန်လွှတ်


Wed, 2016-07-27
 
မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားသုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ထိန်းသိမ်းထားသည့် မြန်မာလုပ်သား ၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံ ပီနန်ဘာ တာဝပ်နယ်မြေတွင် မြန်မာလုပ်သားသုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ၎င်းတို့၏ လုံခြုံရေးနှင့် သက်သေအဖြစ် ထိန်းသိမ်းထားသော မြန်မာလုပ်သား ၁၅ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်၌ ပြန်လွှတ်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

‘‘သူတို့ လုံခြုံရေးအရရော သက်သေအရပါ မေးမြန်းဖို့အတွက် ထိန်းသိမ်းထားတာလို့ ပြောပါတယ်။ ပြန်လွှတ်ပေးလိုက်ပါပြီ။ သူတို့ကိုမေးပြီး ဒီမှာပဲ ဆက်လုပ်ချင်သလား၊ နေရပ်ပဲ ပြန်မလားဆိုတာ မေးပြီးစီစဉ်ပေးမှာပါ’’ ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဇူလိုင် ၁၁ ရက်တွင် မြန်မာလုပ်သားများ နေထိုင်သော အဆောင်သို့ ဆိုင်ကယ်စီးမျက်နှာဖုံးစွပ် လူအုပ်စုက ပစ္စည်းများ လုယက်ပြီး မြန်မာလုပ်သားသုံးဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာလုပ်သားသုံးဦးကို သတ်ဖြတ်သွားသည့် တရားခံများကို မလေးရှားရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ ဖမ်းဆီးမိခြင်းမရှိသေးပေ။

ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲ၊ ခုံသမာဓိ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲတို့နှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန် ကျောက်တံတား မြို့နယ်ရဲစခန်းသို့ စာတင်


27.7.2016
ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲ၊ ခုံသမာဓိအလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲတို့နှင့် ပတ်သက်၍ တရားမျှတမှု ရှိစေရေး ဆန္ဒထုတ်ဖော်ရန် ကျောက်တံတားမြို့နယ် ရဲစခန်းသို့ စာတင်ထားကြောင်း ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ပြောကြားသည်။

“ခုံသမာဓိ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲ၊ ခုံသမာဓိ ကောင်စီအလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲနဲ့ ပတ်သက်ပြီး တရားမျှတမှု ရှိစေဖို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီအနေနဲ့ သွားမှာပါ။ အဲဒီမှာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်း အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) တို့လည်း ပါပါတယ်။ ပူးပေါင်းပြီးတော့ ကော်မတီဖွဲ့ လုပ်ကြတယ်” ဟု ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ပြောကြားသည်။
ဇူလိုင် ၃၁ ရက် တနင်္ဂနွေနေ့တွင် ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ရန်အတွက် ဇူလိုင် ၂၅ ရက်က တရားဝင် စာတင်ပြခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆန္ဒထုတ်ဖော်မှုတွင် အခြေခံ အလုပ်သမားများ ပါဝင်နိုင်ရန်အတွက် ယင်းနေ့တွင် ပြုလုပ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ပြောကြားသည်။

“၃၁ ရက် တနင်္ဂနွေနေ့ လုပ်ဖို့အတွက် တင်တာဖြစ်တဲ့အတွက် ငါးရက်ကြိုတင်ရဖို့ မနေ့ (၂၅ ရက်) က တင်ခဲ့တယ်။ ကျောက်တံတားမြို့နယ် ရဲစခန်းက သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့နေ့က သွားတင်တယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလုပ်ဖို့အတွက်ကို။ စာတင်ဖို့ တစ်ရက်နောက်ကျသွားတယ်။ အာဇာနည်နေ့ အာဇာနည်ကုန်းကို အလုပ်သမားတွေ သွားနေတဲ့ အတွက်ကြောင့် တနင်္ဂနွေနေ့ ချပေးပါလို့ ပြောပြတယ်။ တနင်္လာတို့ ကြားရက်တို့ဆိုရင် အလုပ်သမားတွေကို ခေါ်လို့မရဘူး။ ပိတ်ရက်ကျမှ သူတို့ပါအောင် ဒီပွဲကို ဆောင်ရွက်လို့ရမှာ ဖြစ်တဲ့အတွက် ညှိတယ်။ ရဲစခန်းက လိုချင်တဲ့ရက်ကို ရချင်ရင် ငါးရက်ကြိုတင်ပါ။ သူတို့လက်မခံဘူးတဲ့။ ထွေအုပ်ကလည်း လက်မခံသလို သူတို့ကလည်း လက်မခံဘူးလို့ ပြောခဲ့ပါတယ်” ဟု ဒေါ်လှလှက ပြောကြားသည်။

“ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်နဲ့ ဟောပြောခွင့်ကို တင်တယ်။ ဒါပေမဲ့ မနေ့က တင်တဲ့အထဲမှာ မှတ်ချက်အနေနဲ့ ရေးပြီးတော့ တွဲတင်ခဲ့တယ်။ ဟောပြောခွင့်ကို တင်တိုင်း တာမွေ၊ ကျိုက္ကဆံ ဟစ်တိုင်ဘက်ကို ချပေးတာ များတယ်။ ဟစ်တိုင်ကို ချပေးမယ်ဆိုရင် ဟောပြောခွင့်ကို မလုပ်ဘူးဆိုတဲ့ အကြောင်းကို မှတ်ချက်အနေနဲ့ ကျွန်တော်တို့ တွဲတင်ထားခဲ့တယ်။ စီတန်းလှည့်လည်ခွင့်နဲ့ ကြွေးကြော်သံကိုပဲ လုပ်သွားမယ်။ ဗန္ဓုလပန်းခြံနဲ့ ပန်းဆိုးတန်းလမ်း တောက်လျှောက်  အဲဒီလိုပဲ လုပ်သွားမယ်လို့ ပြောခဲ့တယ်” ဟု အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ဆက်လက် ပြောကြားသည်။
ဇူလိုင် ၁၂ ရက်က ရွှေပြည်သာမြို့နယ် ကနောင်ခန်းမတွင် ပြုလုပ်သည့် ခုံသမာဓိ ကောင်စီအလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲကို အလုပ်သမား အဖွဲ့ချုပ်ငါးခုနှင့် အခြေခံအလုပ်သမား သမဂ္ဂအဖွဲ့အချို့က စာတင်ကန့်ကွက်ခဲ့ကြသည်။ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲတွင်လည်း မဲပေးမှုပုံစံ ရွေးချယ်မှု အငြင်းပွားခဲ့ကြပြီး အလုပ်သမားသမဂ္ဂ အဖွဲ့ ၁၈ ဖွဲ့ဝင်ရောက် ရွေးချယ်ခြင်း မပြုသောကြောင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ ကိုယ်စားလှယ် အများစုသာ ရွေးချယ်ခံခဲ့ရသည်။ 

Writer: ထက်ရှိုင်း

သက်ဆိုင်ရာအစိုးရသို့ ပေးသွင်းရန် စရိတ်မရှိသည့်အတွက် ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၃၀၀၀ ကျော်ခန့်ရှိပြီး ပြည်ပရောက် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား


27.7.2016

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင်
ထိန်းသိမ်းခံထားရသော မြန်မာလုပ်သားများကို ရန်ကုန်မြို့သို့
ပြန်လာသည်ကို ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်

သက်ဆိုင်ရာ အစိုးရသို့ ပေးသွင်းရန် စရိတ်မရှိသည့်အတွက် ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၃၀၀၀ ကျော်ခန့်ရှိပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ဇူလိုင်၂၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဦးဥက္ကာမင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ ပြဿနာများ၊ စိန်ခေါ်မှုများကို ပြည်ထောင်စု အစိုးရအနေဖြင့် လုပ်ငန်းစဉ်များ ချမှတ်ကာ ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းဆွေက “မည်သည့်အကြောင်းကြောင့်ဖြစ်စေ အိမ်နီးနားချင်း နိုင်ငံတွေကို ရောက်နေတဲ့ ကျွန်တော်တို့နိုင်ငံသား အလုပ်သမားမှ မဟုတ်ပါဘူး။ နိုင်ငံသားအားလုံးအတွက် ကျွန်တော်တို့နိုင်ငံမှာ တာဝန်ရှိတယ်လို့ ခံယူပြီးတော့ အကောင်းဆုံးဖြစ်အောင် စီစဉ် ဆောင်ရွက်နေပါတယ်။ ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံတို့မှာ ပြစ်ဒဏ်ကျခံပြီးပါပြီ။ မလေးရှား ဥပဒေ၊ ထိုင်းဥပဒေတို့အရ ပြစ်ဒဏ်ကျခံပြီးတော့မှ ပြန်လာဖို့ လေယာဉ်စရိတ်တွေ သက်ဆိုင်ရာ အစိုးရကို ပေးသွင်းရမယ့် စရိတ်မရှိတဲ့အတွက် ထိန်းသိမ်းရေး စခန်းတွေမှာ ရောက်ရှိနေတဲ့ အလုပ်သမား ၃၀၀၀ ကျော်ခန့် ရှိတယ်လို့ ကျွန်တော်တို့ သတင်းရပါတယ်။ အထူးသဖြင့် မလေးရှားနိုင်ငံမှာ ထိန်းသိမ်းရေးစခန်း ၁၁ ခု ရှိပါတယ်။ ၂၀၁၄ ခုနှစ်က စပြီး၂၀၁၆ ခုနှစ်အထိ မလေးရှားက မြန်မာသံရုံး အစီအစဉ်နဲ့ ကျွန်တော်တို့ အကူအညီပေးတဲ့ အလှူရှင်များ၊ ကုသိုလ်ရှင်များ၊ ဆရာတော်ကြီးတွေ၊ လူမှုရေးအသင်း အဖွဲ့တွေရဲ့ အကူအညီ၊ နိုင်ငံတော်အစိုးရ အစီအစဉ်နဲ့  စုစုပေါင်း ၁၀၀၀၀ ကျော်လောက် ပြန်လည် ခေါ်ယူပြီး ဖြစ်ပါတယ်” ဟု ဆိုသည်။

“ကျန်ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း နိုင်ငံသားများ ဟုတ်၊ မဟုတ် ကျွန်တော်တို့ ၀န်ကြီးဌာနက စိစစ်ပေးပါတယ်။ အဲဒီစခန်းမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားများ စာရင်းကို နိုင်ငံခြားရေး ၀န်ကြီးဌာနက တစ်ဆင့် ကျွန်တော်တို့ ၀န်ကြီးဌာနကို စိစစ်ပေးဖို့ စာရင်းပေးပါတယ်။ အဲဒီစာရင်းကို ကျွန်တော်တို့နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပေါင်းစပ်ပြီးတော့ နိုင်ငံသား ဟုတ်၊ မဟုတ် ပထမဆုံး စိစစ်ရပါတယ်။ မှန်ကန်ပြီဆိုရင် စာရင်းကို သက်ဆိုင်ရာ သံရုံးကို ပြန်ပို့ပါတယ်။ ပြန်ပို့ပြီးတော့
နိုင်ငံသားတွေကို ပြန်ခေါ်ယူပါတယ်။ ယခင်တုန်းကလည်း အတွေ့အကြုံ များစွာ ရှိပါတယ်။ တပ်မတော် စစ်ရေယာဉ်နဲ့ သွားခေါ်တာ ရှိသလို အစိုးရ အဖွဲ့အစီအစဉ်နဲ့ ခေါ်ပေးခဲ့တာ ရှိပါတယ်။ လက်ရှိ အနေအထားအရ ကျန်နေတဲ့ မလေးရှားနိုင်ငံက ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ဒီနေ့ နေ့လည်မှာပဲ ကျွန်တော်တို့ ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ပြီးတော့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ အစည်းအဝေး တစ်ခုလုပ်ဖို့ ရှိပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေကို ကူညီဖို့အတွက်ပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများ ဖြေလျှော့နိုင်ရေး၊ ကောင်းမွန်လုံခြုံ စိတ်ချရသည့် လုပ်ငန်းခွင်ဖြစ်ရေး၊ ခွဲခြားဆက်ဆံခံရမှု မရှိစေရေး၊ ခေါင်းပုံဖြတ်မခံရစေရေးများ အတွက် အာဆီယံနိုင်ငံများ ဆွေးနွေးလျက်ရှိကြောင်း ဦးသိန်းဆွေက ပြောကြားသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများသို့ စေလွှတ်ခဲ့သည့် အလုပ်သမားများနှင့် ပတ်သက်၍ လုပ်ခလစာ၊ အချိန်ပိုလုပ်ခ၊ အလုပ်အမျိုးအစား၊ နေရာထိုင်ခင်း၊ အစားအသောက်၊ အလုပ်ချိန်၊ နားရက်၊ ဆေးဝါးကုသခွင့်၊ အသက်အာမခံ၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအတိုင်း ခံစားခွင့် ရရှိစေရန်တို့ကို ထည့်သွင်းချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ 


Writer: 
စိုးမင်းထိုက်

မြန်မာနိုင်ငံအတွင်း ၀င်ရောက် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသား အလုပ်သမားများအား ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုနိုင်ရန် နိုင်ငံခြားသား အလုပ်သမားဥပဒေ ရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

27.7.2016

မြန်မာနိုင်ငံအတွင်း ၀င်ရောက် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသား အလုပ်သမားများအား ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြုနိုင်ရန်အတွက် နိုင်ငံခြားသား အလုပ်သမားဥပဒေ ရေးဆွဲလျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ဇူလိုင် ၂၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါက်တာ ခင်မကြီးက နိုင်ငံအတွင်း လာရောက် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသား အလုပ်သမားများအား မည်သည့် ဥပဒေ အထောက်အထား ကန့်သတ်ချက်များဖြင့် လုပ်ကိုင်ခွင့် ပြုထားသည်ကို သိရှိလိုခြင်းနှင့် ၎င်းအလုပ်သမားများထံမှ အခွန်အခများ ကောက်ခံရယူခြင်း ရှိ မရှိကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းချက်များအား ဦးသိန်းဆွေက “နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းနဲ့အတူ မြန်မာနိုင်ငံအတွင်း ၀င်ရောက် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ကိုင်ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံခြားသား အလုပ်သမားဥပဒေကို ရေးဆွဲလျက်ရှိပါတယ်။ ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးပါက ဥပဒေနဲ့အညီ လုပ်ကိုင်ခွင့် ပြုပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုသည့်ကာလအတိုင်း မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသား အလုပ်သမားတစ်ဦးသည် ခြောက်လ သက်တမ်းကာလအတွက် ငွေကျပ် ၅၅၀၀ ပေးသွင်းရကြောင်း၊ တစ်နှစ်သက်တမ်းအတွက် ငွေကျပ် ၁၁၀၀၀ ပေးသွင်းရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လက်ရှိ ကျင့်သုံးနေသည့် ဗီဇာမူအရ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ ၀င်ရောက် အလုပ်လုပ်ကိုင်နေထိုင်ရန်အတွက် လုပ်ငန်းနှင့် သက်ဆိုင်သည့် ၀န်ကြီးဌာနများ၏ တာဝန်ခံချက်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ သဘောထားမှတ်ချက်တို့ဖြင့် နိုင်ငံခြားရေးရာမူဝါဒကော်မတီ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့သို့ တင်ပြခွင့်ပြုချက် ရယူရန် လိုအပ်ကြောင်း၊ ပြည်ဝင်ဗီဇာတစ်မျိုးမျိုးဖြင့် ၀င်ရောက်လာသော နိုင်ငံခြားသားများသည် ဗီဇာအရ ခွင့်ပြုနေခွင့်ကာလထက် ကျော်လွန်၍ မြန်မာနိုင်ငံအတွင်း ဆက်လက်နေထိုင်မည်ဆိုပါက ၎င်းတို့ ရရှိထားသည့် ဗီဇာအမျိုးအစားအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်ဖြင့် တစ်ကြိမ်လျှင် အများဆုံး တစ်နှစ်ထက် မပိုသော နေခွင့်သက်တမ်းနှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာကို လျှောက်ထားနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

Writer: စိုးမင်းထိုက်
Jaketaw85