Wednesday, July 27, 2016

ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲ၊ ခုံသမာဓိ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲတို့နှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန် ကျောက်တံတား မြို့နယ်ရဲစခန်းသို့ စာတင်


27.7.2016
ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲ၊ ခုံသမာဓိအလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲတို့နှင့် ပတ်သက်၍ တရားမျှတမှု ရှိစေရေး ဆန္ဒထုတ်ဖော်ရန် ကျောက်တံတားမြို့နယ် ရဲစခန်းသို့ စာတင်ထားကြောင်း ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ပြောကြားသည်။

“ခုံသမာဓိ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲ၊ ခုံသမာဓိ ကောင်စီအလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲနဲ့ ပတ်သက်ပြီး တရားမျှတမှု ရှိစေဖို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီအနေနဲ့ သွားမှာပါ။ အဲဒီမှာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်း အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) တို့လည်း ပါပါတယ်။ ပူးပေါင်းပြီးတော့ ကော်မတီဖွဲ့ လုပ်ကြတယ်” ဟု ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ပြောကြားသည်။
ဇူလိုင် ၃၁ ရက် တနင်္ဂနွေနေ့တွင် ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ရန်အတွက် ဇူလိုင် ၂၅ ရက်က တရားဝင် စာတင်ပြခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆန္ဒထုတ်ဖော်မှုတွင် အခြေခံ အလုပ်သမားများ ပါဝင်နိုင်ရန်အတွက် ယင်းနေ့တွင် ပြုလုပ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ပြောကြားသည်။

“၃၁ ရက် တနင်္ဂနွေနေ့ လုပ်ဖို့အတွက် တင်တာဖြစ်တဲ့အတွက် ငါးရက်ကြိုတင်ရဖို့ မနေ့ (၂၅ ရက်) က တင်ခဲ့တယ်။ ကျောက်တံတားမြို့နယ် ရဲစခန်းက သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့နေ့က သွားတင်တယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလုပ်ဖို့အတွက်ကို။ စာတင်ဖို့ တစ်ရက်နောက်ကျသွားတယ်။ အာဇာနည်နေ့ အာဇာနည်ကုန်းကို အလုပ်သမားတွေ သွားနေတဲ့ အတွက်ကြောင့် တနင်္ဂနွေနေ့ ချပေးပါလို့ ပြောပြတယ်။ တနင်္လာတို့ ကြားရက်တို့ဆိုရင် အလုပ်သမားတွေကို ခေါ်လို့မရဘူး။ ပိတ်ရက်ကျမှ သူတို့ပါအောင် ဒီပွဲကို ဆောင်ရွက်လို့ရမှာ ဖြစ်တဲ့အတွက် ညှိတယ်။ ရဲစခန်းက လိုချင်တဲ့ရက်ကို ရချင်ရင် ငါးရက်ကြိုတင်ပါ။ သူတို့လက်မခံဘူးတဲ့။ ထွေအုပ်ကလည်း လက်မခံသလို သူတို့ကလည်း လက်မခံဘူးလို့ ပြောခဲ့ပါတယ်” ဟု ဒေါ်လှလှက ပြောကြားသည်။

“ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်နဲ့ ဟောပြောခွင့်ကို တင်တယ်။ ဒါပေမဲ့ မနေ့က တင်တဲ့အထဲမှာ မှတ်ချက်အနေနဲ့ ရေးပြီးတော့ တွဲတင်ခဲ့တယ်။ ဟောပြောခွင့်ကို တင်တိုင်း တာမွေ၊ ကျိုက္ကဆံ ဟစ်တိုင်ဘက်ကို ချပေးတာ များတယ်။ ဟစ်တိုင်ကို ချပေးမယ်ဆိုရင် ဟောပြောခွင့်ကို မလုပ်ဘူးဆိုတဲ့ အကြောင်းကို မှတ်ချက်အနေနဲ့ ကျွန်တော်တို့ တွဲတင်ထားခဲ့တယ်။ စီတန်းလှည့်လည်ခွင့်နဲ့ ကြွေးကြော်သံကိုပဲ လုပ်သွားမယ်။ ဗန္ဓုလပန်းခြံနဲ့ ပန်းဆိုးတန်းလမ်း တောက်လျှောက်  အဲဒီလိုပဲ လုပ်သွားမယ်လို့ ပြောခဲ့တယ်” ဟု အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ဆက်လက် ပြောကြားသည်။
ဇူလိုင် ၁၂ ရက်က ရွှေပြည်သာမြို့နယ် ကနောင်ခန်းမတွင် ပြုလုပ်သည့် ခုံသမာဓိ ကောင်စီအလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲကို အလုပ်သမား အဖွဲ့ချုပ်ငါးခုနှင့် အခြေခံအလုပ်သမား သမဂ္ဂအဖွဲ့အချို့က စာတင်ကန့်ကွက်ခဲ့ကြသည်။ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲတွင်လည်း မဲပေးမှုပုံစံ ရွေးချယ်မှု အငြင်းပွားခဲ့ကြပြီး အလုပ်သမားသမဂ္ဂ အဖွဲ့ ၁၈ ဖွဲ့ဝင်ရောက် ရွေးချယ်ခြင်း မပြုသောကြောင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ ကိုယ်စားလှယ် အများစုသာ ရွေးချယ်ခံခဲ့ရသည်။ 

Writer: ထက်ရှိုင်း

No comments:

Post a Comment