Friday, August 24, 2012

ထားဝယ် အများပိုင် ကုမ္ပဏီ အကြီးစား လုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်



                                      ထားဝယ်ရေနက်ဆိပ်ကမ်းတစ်နေရာ


ထားဝယ်၊ သြဂုတ် ၂၃

ထားဝယ် ဒေသခံ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော ထားဝယ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ ( DDPC ) သည် ဘဏ်၊ လေကြောင်း လိုင်း၊ ဆိပ်ကမ်း စသည့် အကြီးစား လုပ်ငန်းများ လုပ်ကိုင်ရန် ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ယင်းကုမ္ပဏီသည် ယခုလက်ရှိ တွင် မောင်းမကန် ကမ်းခြေ ဟိုတယ်ဇုန်၊ ကမြောကင်း တံတားအနီး ထားဝယ်မြစ် ကမ်းနံဘေးတွင် တည်ဆောက်မည့် ဈေးဝယ်စင်တာ၊ ထားဝယ်မြို့ ရွှေဝယ် သီရိအားကစားကွင်းအနီးတွင် တည်ဆောက်နေသည့် သင်တန်း ကျောင်းများကို စတင်အကောင်အထည် ဖော်လျက်ရှိသည်။

ကုမ္ပဏီအစုရှယ်ယာဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ( KNU ) အပါအ၀င် ထားဝယ်ဒေသရှိ လူထု အခြေပြု အဖွဲ့အစည်းများကို ဖိတ်ကြား ကာ ကုမ္ပဏီ၏ ရှေ့လုပ်ငန်းစဉ်များကို သြဂုတ်လ ၂၆ ရက်နေ့၌ ထားဝယ်မြို့ တွင် ရှင်းလင်းမည်ဖြစ်သည်။

ကုမ္ပဏီ၏ ယခုလုပ်ကိုင်နေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ထားဝယ်ဒေသခံများသိစေရန်၊ ရှယ်ယာ ရှင်များသိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်ကြောင်း ထားဝယ် အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။

မောင်းမကန်ကမ်းခြေမြောက်ဘက် ဟိုတယ်ဇုန်တည်ဆောက်ရန် မြေနေရာ ကို ရှင်းလင်းသည့်ကိစ္စနှင့်ပတ်သက် ပြီး မောင်းမကန်ဒေသခံများက ပွင့်လင်း မြင်သာမှုမရှိ၊ ရှေ့လုပ်ငန်းစဉ်များကို သေသေချာချာမပြောပြနိုင်ဟု ဝေဖန်သံ များ ထွက်လာပြီး တစ်လကျော်အကြာ မောင်းမကန်ဒေသခံများနှင့် ထားဝယ် ၈၈ မျိုးဆက်များမှ ယင်းကိစ္စနှင့် ပတ်သက်ပြီး အိတ်ဖွင့်စာပေးအပြီး တစ်လ ခန့်အကြာတွင် ထားဝယ်အများပိုင် ကုမ္ပဏီက ယင်းသို့ရှင်းလင်းပွဲ ပြုလုပ် ရန်စီစဉ်ခြင်းဖြစ်သည်။

အမည်တပ်ထားသကဲ့သို့ အမှန် တကယ် အများပိုင်ကုမ္ပဏီဆိုလျှင် ဒေသခံအများစု ပါဝင်လာနိုင်အောင် ကြိုးစားသင့်ပြီး ယခုလက်ရှိအချိန်တွင် ငွေကြေးအင်အား တတ်နိုင်သူ လူတချို့ သာ ပါဝင်နေရာယူနိုင်သည့်ပုံစံဖြစ်နေ သည်ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံကုန်သည်တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

Ref:The Voice

No comments:

Post a Comment