Friday, August 24, 2012

ခုံရုံးကိစ္စ မည်သို့ ဆက်ဆောင်ရွက်မည်ကို ပြည်သူ့လွှတ်တော်၌ အရေးကြီး အဆိုတင် မေးခွန်းထုတ်



နေပြည်တော်၊ သြဂုတ် ၂၄

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဌက မည်သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို လွှတ်တော် ကိုယ်စားလှယ်များက သိရှိလိုကြောင်း ပြည်သူ့လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း၍ မေးခွန်းထုတ်သည်။

သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက အရေးကြီး အဆို တင်သွင်းရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို အထက်ပါအတိုင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်အသီးသီး က ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင် နှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ယနေ့အထိ ပြည်သူ့လွှတ်တော် ဥက္ကဌ ထံမှ ထူးခြားသော တုန့်ပြန်မှု မရရှိသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒကို မည်ကဲ့သို့ သဘောထားသည်ကို သိလိုကြောင်း မေးမြန်းရခြင်း ဖြစ်သည်ဟု ဦးဝင်းသန်းက ပြောဆိုသည်။

ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင် ကလည်း သြဂုတ်လ ၂၀ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌထံ ပေးပို့သော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာ ရောက်ရှိလာပြီးနောက် ပြည်သူ့ လွှတ်တော် ဥက္ကဌ အနေနှင့် သဘောထား ရှင်းလင်းချက် ပေးရန် လိုအပ်ကြောင်း ဦးဝင်းသန်း၏ အဆိုကို ထောက်ခံ ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားသည်။

ယခု ရက်ပိုင်းအတွင်း အမျိုးသား လွှတ်တော်က စတင်ကာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲ ပြစ်တင်မှု ပြုလုပ်မည်ဟု ကြားသိရပြီး ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာသည့် အခါ လုပ်ဆောင်ရမည့် ကိစ္စရပ်များ ရှိလာမည် ဖြစ်သည့်အတွက် သည်းခံ စောင့်ဆိုင်းပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို အလေးအနက် ပြောကြားသည်။

၎င်းအနေနှင့် အားလုံး၏ ဂုဏ်သိက္ခာနှင့် ထိခိုက်မှု နည်းစေရန် ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သူရဦးရွှေမန်းက ရှင်းလင်း ပြောဆိုသည်။

အဆိုပါ အဆိုတင်သွင်းသည့် သြဂုတ်လ ၂၄ ရက်နေ့တွင်ပင် အမျိုးသား လွှတ်တော်၌ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှု အဆို တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၅၆ ဦး ထောက်ခံသဖြင့် ယင်းအဆိုကို အမျိုးသား လွှတ်တော်၌ ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။

Ref:The Voice

No comments:

Post a Comment