Sunday, April 8, 2012

Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၁)

မင်္ဂလာဆောင်ပြီး၊ တချို့က ခရီးထွက်တယ်။ တချို့လဲ ခွင့်ယူ၊ အလုပ်နား၊ ပျော်ပါးကြပါတယ်။ (ဟန်းနီးမွန်း) ဆိုတာ တသက်မှာတခါ ပျော်ကြရတဲ့နေ့ ဖြစ်တယ်။ တချို့ကြ အခါခါ။ (အဲလိဇဘက်-တေလာ) ကိုးခါထဲနဲ့ တနေ့ကဘဲ ဆုံးသွားရရှာတယ်။ ပျော်ရတာနဲ့ တဆက်ထဲ ငိုရတာလဲ တွဲတတ်တယ်။ ငိုရမဲ့ အကြောင်းတွေထဲမှာ ဆရာဝန်နဲ့ ဆိုင်မှာက ဆီးအောင့်တာ ဖြစ်တယ်။ အဖြစ်များလှတယ်။ ဒုတိယ-တရားခံ ဖြစ်တဲ့ ခင်ပွန်းသည်နဲ့ လိင်ဆက်ဆံရာကနေ ဖြစ်လာတယ်။ ယောက်ျားရဲ့ လိင်တံ၊ တံတွေး၊ လက်ချောင်း၊ ဆက်ဆံရာမှာ သုံးတဲ့ ကရိယာပစ္စည်းတွေကနေ ရောဂါပိုး ဝင်နိုင်တယ်။ (ကွန်ဒွမ်)၊ ချောဆီ၊ ထုံဆေး၊ သုတ်ပိုးသေဆေး တွေကတော့ ဆေးမတည့်တာသာ ဖြစ်စေနိုင်တယ်။ ပိုဆိုးမှာက ဆက်ဆံတဲ့အခါ စအိုရော (ဗဂျိုင်းနား) ရောသုံးလို့ ဖြစ်ရပါတယ်။ အဆိုးထဲက အကောင်း ပြောရရင် ဒီအမျိုးသမီး အရင်က ယောက်ျားနဲ့ မနေဘူးခဲ့တာ ဖြစ်ဘို့များတယ်။

သတို့သမီးကိုယ်တိုင် တတိယ-တရားခံ ဖြစ်နိုင်သေးတယ်။ မ-အင်္ဂါကို ရေဆေးရင်းနဲ့ လက်ကို ရှေ့ပြန်-နောက်ပြန် လုပ်တာကနေ ဖြစ်စေနိုင်တယ်။ အဲလို မလုပ်ရဘူး။ လက်ကို ရှေ့ကနေ နောက်ဆီကိုသာ တလမ်းသွား လုပ်ပါလေ။ အိမ်ထောင် ကျကာစမှ မဟုတ်ဘူး၊ နောင်လဲဘဲ ဆီးအောင့်တာ ထပ်ထပ်ဖြစ်နိုင်သေးလို့ ဒီနည်းကိုသာ သုံးပါ။

တရားခံ အစစ်က ဗက်တီးရီးယား၊ နာမည်တပ် ပြောရရင် E. coli ဆိုတဲ့ အကောင်ဖြစ်တယ်။ ပိုးဝင်လာပြီး၊ ၁-၂ ရက်ဆိုရင် လက္ခဏာတွေ ပြတယ်။ ဆီးသွားရတာ ပူလောင်၊ နာကျင်နေမယ်။ ဆီးခဏခဏလဲ သွားချင်နေမယ်၊ သွားချင်လာရင်လဲ Bathroom ရေချိုးခန်း တန်းပြေးမှ မဟုတ်ရင် တစက်တစက် လမ်းမှာ ထွက်မယ်။ ကြာတော့ ဆီးကထွက်စရာ မရှိတော့ဘူး။ ဆီးထဲမှာ အနယ်ပါနေမယ်။ အနံ့လဲ ဆိုးလာမယ်။ တခါတလေ ဆီးထဲမှာ သွေးပါမယ်။

အငိုတိတ်အောင် လုပ်ရတာ ရောဂါကြောင့် ဆိုရင်တော့ သိပ်မခက်ပါ။
• အဝတ်ကို ရေခပ်နွေးနွေး ဆွတ်ပြီး နာနေတဲ့ ဆီးစပ်နေရာမှာ အုပ်ပေးပါ။
• ခင်ပွန်းနဲ့ မဆက်ဆံခင်နဲ့ ဆက်ဆံအပြီးတိုင်း ဆီးသွားပေးပါ။
• ရေ-အရည် အများကြီးသောက်ပါ။
• Cranberry juice ဖျော်ရည်ကို ညွှန်းတယ်။ ကိုယ့်ဆီမှာရှိတဲ့ လိမ်မော်၊ သံပုရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ချော့ကလက်၊ ပဲတောင့်ရှည် ကောင်းပါတယ်။
• အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့ (ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေက အက်စစ် များစေလို့ လျှော့ရ-ရှောင်ရမယ်။
• Medication ဆီးလမ်းပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးတွေက အသုံးများတာတွေမို့ ဝယ်လို့ လွယ်ပါတယ်။
o Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
o Amoxacilin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
o Ciprofloxacin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
o Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ်၊ ၇ ရက် သောက်ပါ။
• ပိုးသေဆေးတွေကို ဖြစ်မှမဟုတ်ဘဲ ကြိုတင် ကာကွယ်တဲ့အနေနဲ့ သောက်နိုင်ပါတယ်။
• နာတာသက်သာဘို့ အများဆုံးသုံးကြတာက Pyridium (Phenazopyridine hydrochloride) ဆေးပြား၊ တခါသောက် 200 mg ကို တနေ့ ၃ ကြိမ်၊ ၂ ရက်။ Spasmogin နဲ့ Buscopan ဆေးတွေလဲ သုံးနိုင်တယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• ဆီး အက်စစ်ဓါတ် များနေရင် ပိုးက ကြိုက်တယ်။ ဒါ့ကြောင့် အက်စစ်ဓါတ် နည်းအောင် ရေအများကြီး သောက်တာအပြင် Cystopurin (Potassium citrate) ဆေးပါသောက် သင့်တယ်။
• အစာအိမ် လေနာအတွက် ပေးတဲ့ အက်စစ်ပျယ်ဆေး Antacids တွေကလည်း ကောင်းတယ်။ Magnesium hydroxide တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊
• Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း ကိုလဲ ဖတ်ပါ။

ဆီးအောင့်လို့ ခဏခဏသွားရ၊ ကြာတော့ ဆီးကမရှိတာမို့ မထွက်လာ၊ ဒါကို အရပ်ထဲမှာ ဆီးအတင်းသွားစေတဲ့ဆေးမျိုး အသောက်ခိုင်းတတ်တာ လုံးဝမှားပါတယ်။ Lasix လို Diuretic ဆေးတွေက ကိုယ်ရောင်တာ၊ သွေးတိုးတာတွေမှာသာ သုံးရတာ ဖြစ်တယ်။ ဒီရောဂါမှာ မသောက်ရပါ။ ပိုဆိုးစေတယ်။

Feb 6, 2011 at 7:53 PM
သမီးအသက် ၂၉၊ အိမ်ထောင်သက် ၂ နှစ်ပါ။ Honeymoon က ပြန်လာပြီးကတည်းက ဆီးကျင်တာ မကြာခဏ ဖြစ်ပါတယ်။ ဖြစ်တိုင်းလည်း ပိုးရှိနေပြီး ပိုးသတ်ဆေးသောက်လိုက်ရင် ကောင်းသွားပါတယ်။ ဆေးခန်းပြပေမယ့်လဲ မကြာခဏ ပြန်ဖြစ်နေလို့ စိတ်ညစ်ရပါတယ်။ ပိုးသတ်ဆေးတွေကိုလည်း မကြာခဏ မသောက်ချင်ပါဘူး။ သမီးတို့က ကလေးရဖို့လဲ ကြိုးစားနေတော့ ဆရာ့စာတွေထဲကအတိုင်း အမျိုးသားနဲ့ နေပြီးရင် ချက်ချင်းဆေးရမှာလား။ ဆက်ဆံတိုင်းလိုလို လက်နဲ့ ကစားတတ်ပါတယ်။ အဲဒါကြောင့် ဆီးကျင်တာပါလား။ ပိုးသတ်ဆေးတွေ ခဏခဏ သောက်ရလို့ ကလေး မရသေးတာလား။ အမျိုးသားက လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ငှက်ဖျား အကြီးအကျယ်ဖြစ်လို့ ဆေးသွင်းကုခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ကလေးမရတာရော ဖြစ်နိုင်လား။ ပိုးသတ်ဆေးတွေရဲ့ ဆိုးကျိုးတွေကိုလဲ ပြောပြပေးပါနော်။

ဆီးအောင့်လို့ သောက်ရတဲ့ ဆေး ၄ မျိုးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရေးပြပါမယ်။ ကလေးမရတာ မပါပါ။ ဒီဆေးတွေက သိပ်ဆိုးတာတွေတော့ မဟုတ်ပါ။ သောက်ဖူးလို့ ဘေးထွက်ဆိုးကျိုး ခံနိုင်ရင် သောက်တာ သောက်ပါ။ ရေးပြတာတွေဟာ လူတိုင်းမှာ ဖြစ်ကြတာ မဟုတ်ပါ။ လူတွေအများကြီးကို သုတေသန လုပ်ထားတာမို့ များနေတာပါ။
1. Co-trimoxazole = Septrin (Trimethoprim + Sulfamethoxazole) ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ အနီပြင်ထွက်၊ ဝမ်းပျက်၊ ပျို့-အန်၊ မှိုပိုးဝင်တတ်၊ ပိုတက်ဆီယမ်များစေ၊ ဆိုဒီယမ်နည်းစေ၊ သကြားဓါတ်နည်းစေ၊ အစားပျက်၊ လျှာနာ၊ ခေါင်းမူး၊ စိတ်ကျ၊ ချောင်းဆိုး၊ ကြွက်သားနာ၊ တက်၊ ကျောက်ကပ်-အသဲထိခိုက်၊ အရေပြား အဖူးပေါက်၊
2. Nitrofurantoin ရဲ့ဘေးထွက်ဆိုးကျိုးများ = ဝမ်းအရည်သွား၊ အသက်ရှူမဝ၊ ရင်ပတ်အောင့်၊ ကိုယ်ပူ၊ ကိုက်ခဲ၊ ပိန်၊ ခြေဖျား လက်ဖျားထုံ၊ အသားဝါ၊ အစားပျက်၊ ဆီးနီ၊ ဗိုက်နာ၊ အားနဲ၊ အရေပြားနီ-ဖြူ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိ ကြည့်မကောင်း၊ အစာမကျေ၊ အန်၊ ဝမ်းပျက်၊ ဆီးနီ၊ မွေးလမ်းကြောင်းယား၊ အဖြူဆင်း၊
3. Doxycycline ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိကြည့်မကောင်း၊ ကိုယ်ပူ၊ ချမ်း၊ အရေပြားနီ၊ ဆီးနဲ၊ အသားအရေ ဖြူဖျော့၊ အားယုတ်၊ ဗိုက်နာ၊ ပျို့-အန်၊ အစားပျက်၊ အသားဝါ၊ သွေးယို၊ လျှာနာ၊
4. Amoxacilin ရဲ့ဘေးထွက်ဆိုးကျိုးများ = အရေပြား အနီပြင်ထွက်၊ ယား၊ အသက်ရှူခက်၊ ဆီးနီ၊ တက်၊ ဝမ်းအရည်သွား၊ ဆီးသွားရခက်၊ သွေးယို၊ အားယုတ်၊ ဆီး-အသားအရေ-မျက်လုံးဝါ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ အိပ်မရ။

၂။ ငှက်ဖျားဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေမှာလဲ ကလေးမရစေတာ မပါပါ။
1. Quinine ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်နှာနီ၊ ပျို့၊ ချွေးထွက်၊ (အလာဂျီ) ရ၊ ဝမ်းအရောင်မဲ၊ ဝမ်းထဲသွေးပါ၊ မျက်စိကြည့်မကောင်း၊ ရင်ပတ်နာ၊ ဆံပင်ကျွတ်၊ နှလုံးခုန်မြန်၊ အားယုတ်၊ ဖျား၊ ချမ်း၊ လည်ပင်းနာ၊ စိတ်မူပြောင်း၊ တက်၊ နှာခေါင်းသွေးယို၊
2. Chloroquine ဘေးထွက်ဆိုးကျိုးများ = အစားပျက်၊ ဝမ်းပျက်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့၊ ဗိုက်နာ၊ အန်၊ (အလာဂျီ) ရ၊ ဝမ်းပျက်၊ အမူအယာပြောင်း၊ အရေပြားအရောင်ပြောင်း၊ ဖျား၊ သွေးယို၊ နားအကြားချို့ယွင်း၊ ပိန်၊
3. Artemether/Lumefantrine ရဲ့ဘေးထွက်ဆိုးကျိုးများ = ချောင်းဆိုး၊ ဝမ်းပျက်၊ အားယုတ်၊ ခေါင်းကိုက်၊ အဆစ်-ကြွက်သားနာ၊ အစားပျက်၊ ပျို့၊ ဗိုက်နာ၊ မော၊ အအိပ်ပျက်၊ အန်၊ အားယုတ်၊ (အလာဂျီ) ရ၊ ဖျား၊ နှလုံးခုန်မမှန်၊ လည်ပင်းနာ၊ အသားအရေဖြူရော်၊ ခေါင်းကိုက်၊ ကြွက်သားနာ၊ စကားပြောခက်၊ ခေါင်းမူး၊ ယား၊ လေပွ၊

၃။ Clitoris နဲ့ Vagina ကို လက်နဲ့ ကစားတာကြောင့် လက်မသန့်ရင် ဆီးလမ်း-မွေးလမ်း ပိုးဝင်နိုင်ပါတယ်။ လက်ဆေးပါ။ တံတွေး-ဆီ မသုံးပါနဲ့။ မွေးလမ်းကိုလဲ ဆေးပါ။

၎။ ဆက်ဆံပြီးလို့ (ဗဂျိုင်းနား) ကို ရေဆေးတာက သုတ်ရည်အပြင်ထွက်စေနိုင်တယ်။ ချက်ချင်းဆေးတာ ပိုဖြစ်စေမယ်။ ပက်လက်အ နေအထားနဲ့ ရေစိုဝတ်သုံးပြီး အပြင်ပိုင်းကို သန့်ရှင်းပေးတာလဲ လုပ်နိုင်ပါတယ်။ ကလေးရဘို့နဲ့ ဆီးအောင်တာ နှစ်ခုမှာ အရေးကြီးတာ ရွေးရပါမယ်။ အိမ်ထောင်ကျစသာ ဆီးအောင့်တတ်တာမို့ နောင်ဆို ရေဆေးဘို့ မလိုတော့ပါ။

၅။ Infertility (1) ကလေးမရနိုင်သေးခြင်း (၁) နဲ့ Infertility (2) ကလေးမရနိုင်သေးခြင်း (၂) ကိုလဲ ဖတ်နိုင်ပါတယ်။

ကျန်းမာ-ချမ်းသာပြီး၊ သားသမီးရတနာတွေ ရကြပါစေ။

Dr. တင့်ဆွေ
၁-၃-၂ဝ၁၁
၁၉-၄-၂ဝ၁၁

No comments:

Post a Comment