Monday, August 27, 2012

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် ငွေအကန့်အသတ်ဖြင့်လဲပေးတော့မည်



အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ နိုင်ငံခြားငွေလဲကောင်တာများတွင် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်သောင်းပမာဏနှင့် ညီမျှသော နိုင်ငံခြားငွေများကို မည်သည့်စာရွက်စာတမ်းမျှ မလိုအပ်ဘဲ နေ့စဉ် လဲလှယ်ပေးခဲ့ကြောင်းသိရသည်။

လာရောက်လဲလှယ်သူအရေအတွက် အလွန်များပြားသော နိုင်ငံခြားငွေပမာဏများကို နေ့စဉ်လာရောက် လဲလှယ်ဝယ်ယူရောင်းချနေခြင်းအတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်းများဖြစ်ပေါ်နေခြင်း ကြောင့် ကောင်တာအသစ်များ ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေပြီး လတ်တလောကာလတွင် အများပြည်သူအဆင်ပြေစေရန်အတွက် တုံကင်စနစ်ကျင့်သုံးခြင်းနှင့် ပိုမိုလျင်မြန်စေရန်ငွေပမာဏ ကန့်သတ်ဝယ်ယူခြင်းတို့ကို ၂၈-၈-၂၀၁၂ ရက်နေ့မှ စတင်ပြီး ကျင့်သုံးတော့မည်ဟုသိရသည်။

လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ထောင်၊ စင်္ကာပူဒေါ်လာ တစ်ထောင်နှင့် ယူရိုတစ်ထောင်သာ ယင်းနေ့မှစ၍ လဲလှယ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း AGD ဘဏ်ဖေ့ဘုတ်စာမျက်နှာမှာရေးသား ဖော်ပြထားကြောင်းသိရသည်။

အခြေခံဥပဒေခုံရုံးနှင့် ပတ်သတ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ



ယနေ့ကျင်းပနေသော ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့် ပတ်သတ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိနေပြီး လွှတ်တော် ကိုယ်စားလှယ်အချို့၏ ဆွေးနွေးမှု အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

“လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်၊ အဖွဲ့များ၏ ပြည်ထောင်စုအဆင့်နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုပေးရန် အဆိုပြုချက်တင်သွင်းရာတွင် နိုင်ငံတော်သမ္မတမှ တိုက်ရိုက်တင်သွင်းခြင်း မဟုတ်ဘဲ ဦးမင်းဇော်၊ (ညွှန်/ချုပ်)ဟု လိပ်မူပြီး တင်သွင်းထားခြင်း ဖြစ်ကြောင်း၊ ဥပဒေတွင် နိုင်ငံတော် သမ္မတကိုယ်စား မည်သူက တင်သွင်းခွင့်ရှိကြောင်း မပါရှိဘဲ ခြွင်းချက်ပေးထားခြင်း မရှိကြောင်း၊ ထို့ကြောင့် မူလမှစတင်၍ မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ ထိုသို့ အဓိပ္ပါယ်ဖွင့်ဆိုရန် ခုံရုံးအား တာဝန်ပေးရာတွင် မည်သည့် ဥပဒေပြဋ္ဌာန်းချက် ကို တိတိကျကျအဓိပ္ပါယ် ဖွင့်ဆိုပေးရန် အချက်မပါသည့်အတွက် လုပ်ထုံးလုပ်နည်းနှင့် မညီကြောင်း၊ ထို့ကြောင့် ခုံရုံးအနေဖြင့် မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြောင်းကို ပြန်လည် ထုတ်ပြန်ပေးရန်” ဦးခက်ထိန်နန် (ကချင်ပြည်နယ် မဲဆန္ဒနယ် ) က ထည့်သွင်းဆွေးနွေးခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုတည်းကို ဆွဲကိုင်၍ အဓိပ္ပါယ်ဖွင့်ဆို၍ မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုအဆင့်ဟု တိကျစွာအဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိသဖြင့် ပြည်ထောင်စု အဆင့်မဟုတ်လျှင် အခြားအဖွဲ့အစည်းများဖြစ်သော နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ စာရင်းစစ် ချုပ်ရုံး၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၊ အပါအ၀င် အခြားပြည်ထောင်စုအဆင့်ဟု သတ်မှတ်ထားသည့် အဖွဲ့များသည်လည်း ပြည်ထောင်စု အဆင့်ဟု သတ်မှတ်၍ မရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အဆိုပါ အဖွဲ့အစည်းများအတွက် တည်ဆဲ ဥပဒေများ ကို ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း” ဒေါ်နန်းဝါနု (ကွန်ဟိန်း မဲဆန္ဒနယ်) က ထည့်သွင်းဆွေးနွေးခဲ့သည်။
Ref: EMG

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနှင့် ပတ်သက်သော ကိစ္စရပ်ကို ယနေ့ကျင်းပမည့် ပြည် ထောင်စု လွှတ်တော်၌ အပြီးအပြတ်ဆွေးနွေးမည်


နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးနှင့် ပတ်သက်သော ကိစ္စရပ်ကို ယနေ့ ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ အပြီးအပြတ်ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ သတင်းရယူနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။
ယနေ့ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌
ဆွေးနွေးမည့် အစီအစဉ်များတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်း ချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေများ အရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက် ခဲ့မိ ကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံပဒေဆိုင်ရာ ခုံရုံးက ကြေညာချက် ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကိုပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်း ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ်ပါဝင်ခဲ့ပါသည်။

“ခုံရုံးနဲ့ ပတ်သက်တဲ့ အဆိုကို ဆွေးနွေးဖို့ ပထမက ပြည်ထောင် လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦး အမည်စာရင်း ပေးထား ပါတယ်။ နောက်ပိုင်းမှာတော့ ၇ ဦး ထပ်တိုးပါတယ်။ စုစုပေါင်း ၄၆ ဦး ဆွေးနွေးကြမှာပါ။ ထပ်တိုးထားတဲ့ ၇ ဦးမှာ ဒေါ် အောင်ဆန်းစုကြည် ပါဝင်လာပါတယ်။ နောက်ပြီး
ဆွေးနွေးမယ့် ၄၆ ဦးထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးပါဝင်ပါ တယ်။ ဆွေးနွေးမယ့် သူတွေအတွက် တစ်ယောက်ကို အချိန် ၁၅ မိနစ်စီ ပေးထားပါတယ်။ ညနေ ၃ နာရီ မိနစ် ၃၀ မတိုင်မီ အပြီးသတ် ဆွေးနွေးကြရမှာပါ။ ညနေ ၃ နာရီ မိနစ် ၃၀ အချိန် ရောက်ရင်တော့ ကိုယ်စားလှယ် ၄၆ ဦး ဆွေးနွေး ပြီးသည် ဖြစ်စေ၊ မပြီးသည် ဖြစ်စေ ဆွေးနွေးမှုကို ရပ်ပြီး ပြည်ထောင်အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းမှာ ဖြစ် ပါတယ်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းပြီးရင်တော့ လျို့ဝှက်မဲပေးစနစ်နဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူမှာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စု လွှတ်တော်၌ သတင်းရယူနေသည့် Eleven Media Group သတင်း ထောက်က ပြောပါသည်။
Eleven Media Group
 

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး သြဂုတ်လ ၂၇ ရက်နေ့


ယနေ့ (သြဂုတ်လ ၂၇ ရက်နေ့) တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေးကြ မည် ဖြစ်ပါသည်။

(၁) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေများ အရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက် ခဲ့မိ ကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံပဒေဆိုင်ရာ ခုံရုံးက ကြေညာချက် ထုတ်ပြန်ပေးရေးအတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို တပ်မတော်သား ကိုယ်စားလှယ် သုံးဦး အပါအ၀င် လွှ
တ်တော် ကိုယ်စားလှယ် ၃၉ ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်း ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၂) နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များနှင့် အတူ ပြန်လည်ပေးပို့လာသော ပို့ကုန် သွင်းကုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက ဖတ်ကြားခြင်း။ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီက
ရှင်းလင်း တင်ပြခြင်း။

(၃) နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများသို့ လှည့်ပတ် ရံပုံငွေအဖြစ် နိုင်ငံတော် ဘဏ်မှ ချေးယူသုံးစွဲရန် ကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းတင်ပြခြင်း။ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် အစီရင်ခံစာကို ရှင်းလင်း တင်ပြခြင်း။

(၄) ခုနှစ်ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန်များ မိတ်ဖက်အစည်းအဝေးသို့ တက်ရောက်ရန် ရှိကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်အား အာရှ-ဥရောပ ပါလီမန် အဖွဲ့ဝင်အဖြစ် လက်ခံမည့် အခြေအနေကို ပြည်ထောင်စု လွှတ်တော် နာယကက လွှတ်တော်သို့ အသိပေးတင်ပြခြင်း။

(၅) ပြည်ထောင်စု လွှတ်တော် နာယကက တိုင်းဒေသကြီး ပြည်နယ်အချို့ရှိ ခရိုင်မြို့နယ် ကျေးရွာ နယ်နိမိတ်များ စိစစ်ခြင်းတို့ကို တင်ပြခြင်းနှင့်
ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခြင်း။
Ref: EMG

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast မြန်မာနိုင်ငံသို့ လာမည်

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast သည် မြန်မာနိုင်ငံသို့ လာမည့် စက်တင်ဘာလ ၂ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသို့ မလာရောက်မီ ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast သည် ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် လာမည့် သောကြာနေ့တွင် ကျင်းပမည့် အာဆီယံနိုင်ငံများနှင့် ကနေဒါနိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ်အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံသည် ကနေဒါနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများစာရင်းတွင် ခုနစ် နေရာတွင် တည်ရှိနေပြီး နှစ်ဖက်ကုန်သွယ်မှုတန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ ရှိကြောင်း သိရသည်။

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast ၏ အရှေ့တောင်အာရှနိုင်ငံများခရီးစဉ်မှာ သြဂုတ်လ ၂၆ ရက်နေ့က စတင်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

Ref: EMG